သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စု ကနေဒါ ဂုဏ်ထူးဆောင် နိုင်ငံသားဆု ချီးမြှင့်ခံရ


ဒေါ်စု ကနေဒါ ဂုဏ်ထူးဆောင် နိုင်ငံသားဆု ချီးမြှင့်ခံရ
ဒေါ်စု ကနေဒါ ဂုဏ်ထူးဆောင် နိုင်ငံသားဆု ချီးမြှင့်ခံရ

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ကနေဒါနိုင်ငံက ဂုဏ်ထူးဆောင် နိုင်ငံသားအဖြစ် ဂုဏ်ပြုချီးမြှင့်ခဲ့တဲ့ ဆုကို ကိုယ်တိုင်လာယူဖို့ ကနေဒါ ဝန်ကြီးချုပ် စတီဖင် ဟာပါ (Stephen Harper) က မနေ့ကပဲ ဖိတ်ကြားလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ကနေဒါနိုင်ငံက ၂၀၀၇ ခုနှစ်တုန်းက ဂုဏ်ထူးဆောင် နိုင်ငံသားအဖြစ် ချီးမြှင့်ခဲ့တာပါ။

ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ်အကျယ်ချုပ်က လွတ်မြောက်လာခဲ့ပြီး မြန်မာပြည်တွင်းမှာ ချက်ချင်းလုပ်ရမယ့် ကိစ္စတွေကို ဦးစားပေး လုပ်ကိုင်နေရတယ် ဆိုတာကို သဘောပေါက်တဲ့အကြောင်း၊ ဒီဆုကို သင့်တော်တဲ့ အချိန်မှာ ဒေါ်အောင်ဆန်းစုကြည် ကနေဒါနိုင်ငံကို လာပြီး လက်ခံနိုင်တယ် ဆိုတဲ့အကြောင်း မနေ့က ထုတ်ပြန်တဲ့ ကနေဒါ ဝန်ကြီးချုပ်ရဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

မြန်မာစစ်အစိုးရကိုလည်း ဒေါ်အောင်ဆန်းစုကြည် အပါအဝင် တခြား အတိုက်အခံ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး အဓိပ္ပာယ်ပြည့်ဝပြီး အားလုံးပါဝင်မယ့် စေ့စပ်ဆွေးနွေးမှုတွေ ဆောင်ရွက်ဖို့ ကနေဒါ ဝန်ကြီးချုပ်က တိုက်တွန်းပါတယ်။

ကနေဒါနိုင်ငံက ချီးမြှင့်တဲ့ ဂုဏ်ထူးဆောင် နိုင်ငံသားဆုဟာ တိဘက် လွတ်မြောက်ရေးခေါင်းဆောင် ဘုန်းတော်ကြီး ဒလိုင်း လားမား (Dalai Lama)၊ တောင်အာဖရိက သမ္မတဟောင်း နယ်လ်ဆင် မင်ဒဲလား (Nelson Mandela) နဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် စုစုပေါင်း ၄ ဦးကိုပဲ ချီးမြှင့်ထားတာပါ။

၁၉၉၉ ခုနှစ်က ကွယ်လွန်သွားခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခင်ပွန်း မိုက်ကယ်လ် အဲရစ်စ်ရဲ့ မိခင်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ယောက္ခမဟာ ကနေဒါနိုင်ငံသား ဖြစ်ပါတယ်။

XS
SM
MD
LG