သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရားဥပဒေ စိုးမိုးမှု မရှိဘဲ လုံခြုံဘေးကင်းမှု မရနိုင်


တရားဥပဒေ စိုးမိုးမှု မရှိဘဲ လုံခြုံဘေးကင်းမှု မရနိုင်
တရားဥပဒေ စိုးမိုးမှု မရှိဘဲ လုံခြုံဘေးကင်းမှု မရနိုင်

ဥပဒေစိုးမိုးမှု ကင်းမဲ့တဲ့ လူ့အဖွဲ့အစည်း တရပ်မှာ လုံခြုံဘေးကင်းမှု မရနိုင်သလို လွတ်လပ်မှု ဆိုတာလည်း အဓိပ္ပာယ်ရှိမှာ မဟုတ်ဘူးလို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။ ကနေဒါနိုင်ငံ ကာလ်တန် (Carleton) တက္ကသိုလ်က ချီးမြှင့်တဲ့ ဥပဒေဆိုင်ရာ ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အပ်နှင်းတဲ့ အခမ်းအနားအတွင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ မြန်မာနိုင်ငံတွင်း ဥပဒေစိုးမိုးမှုအတွက် ရပ်တည် ဆောင်ရွက်သွားမယ်လို့ အဲဒီ အခမ်းအနားကို ပေးပို့ခဲ့တဲ့ ဗွီဒီယိုမိန့်ခွန်းမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။ အဲဒီမိန့်ခွန်းနဲ့ ပတ်သက်လို့ ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

ကနေဒါနိုင်ငံ ကာလ်တန် တက္ကသိုလ်မှာ ကျင်းပတဲ့ အဲဒီ ဂုဏ်ထူးဆောင် ဥပဒေပါရဂူဘွဲ့ ချီးမြှင့်ပွဲကို တက္ကသိုလ် အဓိပတိ အပါအဝင် ကနေဒါ လွှတ်တော်အမတ်တွေ၊ ကနေဒါ အစိုးရပိုင်းက အရာရှိတွေပါ တက်ရောက်ခဲ့ကြပါတယ်။ ဆုချီးမြှင့်ခံရသူ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဒီပွဲကို ရောက်မလာနိုင်ပေမဲ့ ဗွီဒီယိုကတဆင့် တတ်ရောက်လာသူတွေကို မိန့်ခွန်းစကား ပြောပါတယ်။ လွတ်လပ်မှုနဲ့ လုံခြုံမှုဟာ တပြိုင်နက်တည်း ရှိဖို့လိုသလို အဲဒီအတွက်ဆိုရင် ဥပဒေစိုးမိုးမှုဟာ မဖြစ်မနေ အရေးပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။

“ဥပဒေဆိုတာ လူသားတွေရဲ့ အကြီးမားဆုံး အောင်မြင်မှုတွေအနက် တခုဖြစ်တယ် ဆိုတာကို လွန်ခဲ့တဲ့ နှစ်တွေအတွင်း ကျမ အခိုင်အမာ သဘောပေါက်ခဲ့ပါတယ်။ ဒါပေမဲ့ ဥပဒေဆိုတာဟာ တရားမျှတတဲ့ ဥပဒေ ဖြစ်ရပါမယ်။ အဲဒီလို တရားမျှတတဲ့ ဥပဒေတွေကို ကျင့်သုံးမှသာ လူသားတွေဟာ တကယ့်ကို ယဉ်ကျေးတဲ့ လက္ခဏာ ပေါ်လာမှာပါ။ အခုလို ကျမကို ဥပဒေရေးရာ ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ ချီးမြှင့်လိုက်တာဟာ ကျမကို ယဉ်ကျေးတဲ့ လူသားတဦး အနေနဲ့ ယူဆ သတ်မှတ်တဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်။”

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ မြန်မာနိုင်ငံတွင်း ဥပဒေစိုးမိုးမှုအတွက် ဥပဒေ အထောက်အကူပြု အဖွဲ့ဆိုတာကို ဖွဲ့စည်းခဲ့သလို ဒီအဖွဲ့ဟာ နိုင်ငံရေး အကျဉ်းသား အမှုတွေအတွက် အထူးတာဝန်ယူ ဆောင်ရွက်ပေးခဲ့တယ်လို့ ပြောပါတယ်။ တရားရေး လွတ်လပ်ခွင့် မရှိတဲ့ မြန်မာနိုင်ငံမှာ အဖွဲ့ချုပ် ဥပဒေ အထောက်အကူပြု အဖွဲ့က ဆောင်ရွက်တဲ့အမှု အတော်များများဟာ အနိုင်မရခဲ့ပါဘူး။

ဒါပေမဲ့ ဒီအတွက် စိတ်ဓာတ်မကျဘဲ နိုင်ငံရေး အကျဉ်းသားတွေရဲ့ အခွင့်အရေးတွေအတွက် ရပ်တည်မှု ပေးခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဒါကြောင့် အခုချီးမြှင့်တဲ့ ဆုကိုလည်း အဖွဲ့ချုပ် ဥပဒေ အထောက်အကူပြု အဖွဲ့ကိုယ်စား လက်ခံရယူလိုက်ပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွား ပါတယ်။

“ဒီဂုဏ်ထူးဆောင် ပါရဂူဘွဲ့ကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဥပဒေ အထောက်အကူပြုရေး အဖွဲ့ရဲ့ ကိုယ်စား လက်ခံရယူတယ်လို့ ခံစားရပါတယ်။ ဒီအဖွဲ့အကြောင်းကို အနည်းငယ် ရှင်းပြချင်ပါတယ်။ မြန်မာ နိုင်ငံမှာ ဒါမျိုးဟာ ပထမဆုံး ဖွဲ့စည်းတဲ့ ဥပဒေရေးရာအဖွဲ့ ဖြစ်တယ်လို့ ဆိုချင်ပါတယ်။ ၁၉၉၅ ခုနှစ် တုန်းက စတင်ဖွဲ့ခဲ့ပါတယ်။

“နိုင်ငံရေး ရာဇဝတ်မှုတွေ ကျူးလွန်တယ်လို့ စွပ်စွဲခံရသူတွေရဲ့ အမှုကို ကူညီဆောင်ရွက်ပေးဖို့ ဖွဲ့စည်းခဲ့တာ ပါ။ ဒီအမှုမျိုးတွေကို ကျမကတော့ ရာဇဝတ်မှုရယ်လို့ မမြင်ပါဘူး။ ဒါပေမဲ့ နိုင်ငံရေး အကြောင်းပြချက်နဲ့ စွပ်စွဲဖမ်းဆီးခံရတဲ့ အမှုတွေ ဖြစ်တာကြောင့် နိုင်ငံရေး ရာဇဝတ်မှုတွေလို့ ကျမကတော့ ခေါ်ချင်ပါတယ်။ အာဏာပိုင်တွေကတော့ သူတို့ကို ရာဇဝတ်မှု ကျူးလွန်တယ်ဆိုပြီး ထောင်ထဲ ထည့်ခဲ့ပါတယ်။”

ဥပဒေဆိုတဲ့နေရာမှာ တရားမျှတမှု လိုအပ်သလို တရားမျှတတဲ့ ဥပဒေ ဖြစ်မှသာ လူ့ယဉ်ကျေးမှု လက္ခဏာ ရပ် ဖြစ်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။

“ဥပဒေ စိုးမိုးရေးအတွက် ကျမတို့ ရပ်တည် ဆောင်ရွက်ပါတယ်။ ဘယ်တိုင်းပြည် ဘယ်လို လူ့အဖွဲ့အစည်းမှာ မဆို ဥပဒေစိုးမိုးမှု မရှိဘဲ လုံခြုံဘေးကင်းမှု မရှိနိုင်ဘူးလို့ ကျမတို့ ယုံကြည်ပါတယ်။ စစ်မှန်တဲ့ လုံခြုံမှု မရ ရင်တော့ စစ်မှန်တဲ့ လွတ်လပ်မှု မရှိနိုင်ပါဘူး။ လုံခြုံမှုမရှိတဲ့ လွတ်လပ်မှု ဆိုတာဟာ ပြီးပြည့်စုံမှု မရှိပါဘူး။ လွတ်လပ်မှုတွေ ဖယ်ထုတ်ထားတဲ့ လုံခြုံဘေးကင်းမှုသက်သက် ဆိုတာဟာလည်း ပြီးပြည့်စုံမှု မရှိပါဘူး။ လွတ်လပ်မှုနဲ့ လုံခြုံဘေးကင်းမှုဟာ တပြိုင်နက်တည်း ရှိရမယ်လို့ ကျမတို့ ယုံကြည်ထားပါတယ်။ ဒါကြောင့် ဥပဒေစိုးမိုးရေးအတွက် ကျမတို့အနေနဲ့ အခိုင်အမာ ရပ်တည် ဆောင်ရွက်နေပါတယ်။”

ကနေဒါနိုင်ငံ အော်တဝါမြို့က ကာလ်တန် တက္ကသိုလ်မှာ ကျောင်းသားဦးရေ ၂၄,၀၀၀ လောက်ရှိပြီး အဲဒီက ကျောင်းသားတွေဟာ မြန်မာ့ဒီမိုကရေစီရေးကို ထောက်ခံ ဆောင်ရွက်ပေးလေ့ ရှိပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ လွတ်မြောက်ရေးဆိုတဲ့ ယုံကြည်ချက် အပေါ်မှာ သူမကိုယ်တိုင် လွတ်လပ်မှုကို အနစ်နာခံ ပေးဆပ်ပြီး ဆောင်ရွက်နေတဲ့ ရာစုနှစ်အတွင်း ထူးခြားတဲ့ ပုဂ္ဂိုလ်တဦး ဖြစ်တာကြောင့် အခုလို ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ကို ချီးမြှင့်တာ ဖြစ်တယ်လို့ ဆုချီးမြှင့်တဲ့ တက္ကသိုလ်ရဲ့ ကြေညာချက်မှာ ဖော်ပြ ထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ကနေဒါနိုင်ငံရဲ့ ဂုဏ်ထူးဆောင် နိုင်ငံသား အဖြစ်လည်း ချီးမြှင့်ခံခဲ့ ရဖူးပါတယ်။

XS
SM
MD
LG