ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ချထားတာဟာ ဥပဒေနဲ့ မညီညွတ်ဘူးလို့ NLD ဘက်ကနေ တရားရုံးချုပ်ကို အထူးအယူခံ တင်ထားတာကို တရားရုံးချုပ် ရန်ကုန်က ဒီကနေ့ပဲ လက်ခံလိုက်ပါပြီ။ ဒါဆိုရင် ဒီအမှုက ဘယ်လိုဆက်သွားမလဲ ဆိုတာကို မသင်းသီရိက တင်ပြပေးထားပါတယ်။
တရားရုံးချုပ် ရန်ကုန်က အခု ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှု အထူးအယူခံလွှာကို ပထမအဆင့် အနေနဲ့ တရားသူကြီး ၃ ဦးက ဆုံးဖြတ်ပြီး လက်ခံလိုက်တာ ဖြစ်ပါတယ်။ ဒါကို လက်ခံလိုက်တယ်လို့ ဒီအကြောင်းကို လိုက်ပါ အကျိုးဆောင်ပေးနေတဲ့ ရှေ့နေကြီး ဦးဉာဏ်ဝင်းက အခုလို အတည်ပြုချက် ပေးပါတယ်။
“ကျနော်တို့ ဒီနေ့ ညဦးပိုင်းမှာ သိရတယ်။ ကျနော်တို့လိုပဲ တရားရုံးချုပ် ရှေ့နေ ဦးကျော်ဟိုးက လှမ်းအကြောင်းကြားတယ်၊ လက်ခံလိုက်ပြီတဲ့။ ကျနော်ကိုယ်တိုင်တော့ မတွေ့သေးဘူးပေါ့ဗျာ။ ဒါပေမဲ့ ဒီဟာ မှန်ပါလိမ့်မယ်။ အဲဒီဟာကို လက်ခံလိုက်တယ်ဆိုရင် ကျနော်တို့က နောက်တဆင့် အမှုပေါ်တဲ့ အချိန်မှာ နေပြည်တော်မှာ အပြီးသတ် လျှောက်လဲချက် ပေးရမှာပါ။ အဲဒါအတွက် ကျနော်တို့ စောင့်ရမှာ။”
ဒုတိယအဆင့်ကတော့ နေပြည်တော်မှာ ရှိနေတဲ့ တရားရုံးချုပ်က ၅ ဦးထိုင် တရားသူကြီးတွေက အမှုကို ထပ်ပြီး ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ ဒါဟာ အမှုအတွက် နောက်ဆုံးအဆင့် ဖြစ်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ဘက်က နိုင်မယ်ဆိုရင်တော့ ချက်ချင်း နေအိမ် ထိန်းသိမ်း ကန့်သတ်ထားမှုတွေကနေ လွှတ်ပေးရမှာလည်း ဖြစ်ပါတယ်။
“အခုလို လက်ခံလိုက်တယ်ဆိုတာ အဓိကအားဖြင့် အရေးယူလောက်တဲ့ ဥပဒေ ပြဿနာ ပေါ်နေပြီလို့ ဒီလိုရပါတယ်။ ကျနော်တို့ စီရင်ချက် မိတ္တူတွေကို တွေ့တဲ့အခါမှာလည်း ဥပဒေကြောင်းအရ လျှောက်လဲချက် ပေးရမှာပါ။ နောက်ရက်ပိုင်းတွေမှာ ကျနော်တို့ တင်ပြပါမယ်၊ သက်ဆိုင်ရာတွေကို။”
အမှုကို လိုက်ပါ အကျိုးဆောင်ပေးနေတဲ့ ရှေ့နေကြီး ဦးဉာဏ်ဝင်း ပြောပြခဲ့တာ ဖြစ်ပါတယ်။
အခု ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုကို ငြင်းခုန်နေရတဲ့ အဓိက အကြောင်းအချက်တွေကတော့ ၁၉၇၄ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အချက်အလက်တွေနဲ့ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ကန့်သတ်ထားတဲ့ အပေါ်မှာ NLD ဘက်က ခုခံ ချေပနေတာကတော့ ၁၉၇၄ ဥပဒေဆိုတာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကိုယ်တိုင် ပယ်ဖျက်ထားတာမို့ အခုဖမ်းဆီးထားတဲ့ ဥပဒေတွေနဲ့ လွဲချော်နေတယ်လို့ အဓိက ထောက်ပြနေတာလည်း ဖြစ်ပါတယ်။