သုံးရလွယ်ကူစေသည့် Link များ

CGI ညီလာခံမှာ ဒေါ်အောင်ဆန်းစုကြည် တိုက်ရိုက် စကားပြော


CGI ညီလာခံမှာ ဒေါ်အောင်ဆန်းစုကြည် တိုက်ရိုက် စကားပြော
CGI ညီလာခံမှာ ဒေါ်အောင်ဆန်းစုကြည် တိုက်ရိုက် စကားပြော

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန် သမ္မတဟောင်း ဘေလ် ကလင်တန် (Bill Clinton) ထူထောင်ထားတဲ့ Clinton Global Initiative ရဲ့ နှစ်ပတ်လည် ညီလာခံမှာ ရန်ကုန်မြို့ကနေ တိုက်ရိုက် စကားပြောကြားခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ပြောကြားသွားတဲ့ ကောက်နှုတ်ချက် တချို့ကို ကိုကျော်ကျော်သိန်းက တင်ပြပေးထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို နယူးယောက်မြို့မှာ ကျင်းပနေတဲ့ CGI ခေါ် Clinton Global Initiative ညီလာခံ ခန်းမထဲကနေ Moderator လုပ်သူ ချာလီ ရို့စ်နဲ့အတူ တောင်အာဖရိက ဘုန်းတော်ကြီး ဒက်စ်မွန် တူးတူး (Desmond Tutu) တို့က မေးခွန်းတွေမေး မှတ်ချက်တွေ ပြောခဲ့ကြတာပါ။ မေးမြန်းပြောဆိုကြတဲ့ အကြောင်းအရာ မျိုးစုံထဲမှာ လက်ရှိ မြန်မာနိုင်ငံက အပြောင်းအလဲတွေနဲ့ ပတ်သက်တဲ့ မေးခွန်းတခုကိုတော့ ဒေါ်အောင်ဆန်းစုကြည်က အခုလို ဖြေကြားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ပြောသွားတဲ့အထဲမှာ မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ဖြစ်နေပြီ ဆိုတာကို သူ အကျယ်ချုပ်က လွတ်လာတဲ့ နေ့မှာပဲ သတိပြုမိတဲ့အကြောင်း၊ သူ့ကိုလာပြီး ကြိုဆို နှုတ်ဆက်ကြသူတွေထဲမှာ လူငယ်တွေ အများအပြား ပါလာတာကို တွေ့ရပြီး အဲဒါက အရင်ကနဲ့ မတူဘဲ လူထုကြားမှာ အပြောင်းအလဲတွေ ဖြစ်လာနေပြီ ဆိုတာကို ပြတဲ့အကြောင်း၊ သူ့အနေနဲ့ မြန်မာအစိုးရပိုင်း ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့တာတွေ ရှိပြီး အပြောင်းအလဲတွေ ရှိလာဖို့ မျှော်လင့်နေရပါပြီလို့ ပြောချင်တဲ့အကြောင်း၊ သိသာထင်ရှားတဲ့ အပြောင်းအလဲကြီး တရပ်ကို လူတိုင်း မြင်ချင်ကြတယ်ဆိုတာ မိမိနားလည်တယ်၊ ဒါပေမဲ့ အခုအခြေအနေကတော့ အပြောင်းအလဲတွေ ပေါ်လာမယ့် အစရဲ့ အစလို့ပဲ ဆိုချင်တဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။

မြန်မာ့ဒီမိုကရေစီရေးအတွက် မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံတွေ ဖြစ်ကြတဲ့ တရုတ်နဲ့ အိန္ဒိယတို့ရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်တဲ့ မေးခွန်းကိုတော့ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြန်ဖြေခဲ့ပါတယ်။

နိုင်ငံတကာ အနေနဲ့ မြန်မာပြည်သူတွေ ဘာကို လိုလားတယ်ဆိုတာ နားထောင်ဖို့ လိုတဲ့အကြောင်း၊ တရုတ်သမ္မတ ဟူဂျင်းတောင် (Hu Jintao) နဲ့ အိန္ဒိယ ဝန်ကြီးချုပ် မန်မိုဟန် ဆင်းဂ် (Manmohan Singh) တို့ အနေနဲ့လည်း တရုတ်၊ အိန္ဒိယနဲ့ မြန်မာနိုင်ငံတို့ဟာ အိမ်နီးချင်း နိုင်ငံတွေဖြစ်တယ် ဆိုတာနဲ့ နိုင်ငံအချင်းချင်း ဆက်ဆံရေးမှာ အစိုးရချင်း ပြေလည်ဖို့အပြင် ပြည်သူတွေ အချင်းချင်းကြား နားလည်မှုတွေ၊ ပြေလည်မှုတွေရှိဖို့ အရေးကြီးတယ် ဆိုတာလည်း ပြောချင်တဲ့အကြောင်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။

မြန်မာပြည်ရဲ့ အဓိက လိုအပ်ချက် အနေနဲ့ကတော့ လူငယ်တွေအတွက် ပညာရေးစနစ် မြှင့်တင်ဖို့၊ ကျန်းမာရေးကဏ္ဍ မြှင့်တင်ဖို့နဲ့ လွတ်လပ်တဲ့ လူ့အသိုင်းအဝိုင်းတခု ပေါ်ထွန်းလာဖို့ ဆိုတာကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။

XS
SM
MD
LG