သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့နိုင်ငံရေး ဒေါ်စု အပြုသဘော ရှုမြင်


မြန်မာ့နိုင်ငံရေး ဒေါ်စု အပြုသဘော ရှုမြင်
မြန်မာ့နိုင်ငံရေး ဒေါ်စု အပြုသဘော ရှုမြင်

အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်တဲ့နေရာမှာ အပြန်အလှန် အပေးအယူ ညှိနှိုင်းရတာမို့ အလွန်ခက်ခဲသိမ်မွေ့ပြီး သိပ်မကြာခင်မှာတော့ မြန်မာနိုင်ငံ အခြေအနေဟာ အပြောင်းအလဲတွေ မြင်ရနိုင်တယ်လို့ မျှော်လင့်တဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ မနေ့က နယူးယောက်မှာ ကျင်းပတဲ့ Clinton Global Initiative နှစ်ပတ်လည် ညီလာခံမှာ ပြောဆိုသွားတာ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ မြန်မာနိုင်ငံ အပြောင်းအလဲအတွက် မှန်ကန်တဲ့ အားပေးထောက်ခံမှုမျိုး ဆက်လုပ်သွားဖို့ အမေရိကန် ပြည်ထောင်စုကိုလည်း တိုက်တွန်းခဲ့ပါတယ်။ ဒီအကြောင်းတွေနဲ့ ပတ်သက်လို့ ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

အမေရိကန် သမ္မတဟောင်း ဘေလ် ကလင်တန် (Bill Clinton) ထူထောင်ထားတဲ့ Clinton Global Initiative နှစ်ပတ်လည် ညီလာခံမှာ မနေ့တုန်းက ခေါင်းဆောင်မှုပိုင်းနဲ့ ပတ်သက်လို့ ဆွေးနွေးကြတဲ့နေရာ အဓိက ဆွေးနွေးသူ ၂ ဦးကတော့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အသားအရောင် ခွဲခြားမှု ဆန့်ကျင်ရေး တောင်အာဖရိက ဘုန်းတော်ကြီး ဒက်စ်မွန် တူးတူး (Desmond Tutu) တို့ ဖြစ်ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ ရန်ကုန်မြို့ကနေ ဗွီဒီယိုကတဆင့် တိုက်ရိုက် ဆွေးနွေးပါတယ်။ မြန်မာနိုင်ငံဟာ အပြောင်းအလဲအတွက် လမ်းစကို ရောက်နေပြီလို့ ဒေါ်အောင်ဆန်းစုကြည်က အဲဒီမှာ ပြောသွားပါတယ်။

“သိပ်မကြာခင်မှာပဲ အပြောင်းအလဲတွေ တွေ့လာရတော့မယ်လို့ ထင်ပါတယ်။ အပြောင်းအလဲနဲ့ ပတ်သက်လို့ စကားတွေ အတော်လေး ပြောခဲ့ပြီးပါပြီ။ လူတွေက သိသာမြင်သာတဲ့ ရလဒ်ကို မြင်ချင်ကြတယ် ဆိုတာလည်း နားလည်ပါတယ်။ ဒါပေမဲ့ ကျမတို့ဟာ အပြောင်းအလဲတွေရဲ့ အစကို ပျိုးနိုင်ပြီလို့ ဆိုရမှာပါ။”

တချိန်တည်းမှာပဲ အဲဒီ အပြောင်းအလဲအတွက် မြန်မာအာဏာပိုင်တွေနဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ ရှိတယ်လို့ ပြောပြီး အခုအချိန်ဟာ အလွန်သိမ်မွေ့တဲ့ အဆင့်တခုမှာ ရောက်နေပြီလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ညှိနှိုင်းကြတဲ့ နေရာမှာ ကိုယ့်ဘက်က ရလိုတာသက်သက် မကြည့်ရဘဲ တဘက်ရဲ့ လိုလားချက်ကိုလည်း ပေးရတဲ့အပိုင်း ရှိတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။

“အမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုတာ တခါတခါ အတော်လေး ခက်ခဲပါတယ်။ နှစ်ဘက်စလုံးက ညှိနှိုင်းရေးအတွက် ပြင်ဆင်ရပါတယ်။ ယူချင်တာကြီးပဲ မဟုတ်ဘဲ ပေးရမှာလည်း ရှိပါတယ်။ အပေးအယူ လုပ်ရမှာပါ။ အဲဒီမှာ နှစ်ဘက်စလုံးအတွက် သင့်တင့်မျှတတဲ့ အဖြေရဖို့ လိုပါတယ်။ ဒါကြောင့် သိပ်ကို ခက်ခဲသိမ်မွေ့တဲ့ အခြေအနေမှာ ရှိနေပါတယ်။ ကျမအနေနဲ့ကတော့ ဒီအခြေအနေအပေါ် သတိထားပြီး အကောင်းဘက် မြင်ပါတယ်။ နိုင်ငံအတွက် သိပ်ကို အရေးကြီးတဲ့၊ စစ်စစ်မှန်မှန် အမျိုးသား ပြန်လည်သင့်မြတ်ရေးရဖို့ ဆက်လုပ်သွားရမှာပါ။”

ဆွေးနွေးပွဲမှာရှိတဲ့ တောင်အာဖရိက ဘုန်းတော်ကြီး ဒက်စ်မွန် တူးတူးက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီမိုကရေစီရေးအတွက် အစဉ်တစိုက် ရပ်တည်လှုပ်ရှားမှု အပေါ်မှာ ချီးကျူး ပြောခဲ့သလို သမ္မတဟောင်း ဘေလ် ကလင်တန်ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ရိုက် လှမ်းနှုတ်ဆက်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ စွန့်လွှတ် အနစ်နာခံမှုကို အသိအမှတ်ပြု ချီးကျူး ပြောသွားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ မြန်မာ့ဒီမိုကရေစီရေးမှာ ကမ္ဘာက လူသိများတဲ့ သူ့လိုပုဂ္ဂိုလ်တွေ ရှိပေမဲ့ မထင်မရှား ဒီမိုကရေစီရေး တိုက်ပွဲဝင်နေသူတွေရဲ့ ဘဝဟာ ပိုပြီး တန်ဖိုးကြီးတယ်လို့ ပြောခဲ့ပါတယ်။

“ဒီလူတွေဟာ မထင်မရှား ဖြစ်နေကြတဲ့ အညတရ စစ်သည်တွေလို့ ဆိုရမှာပါ။ ကမ္ဘာကသိတဲ့ ကျမလို လူမျိုးတွေထက် သူတို့ဟာ ပိုပြီး တန်ဖိုးရှိပါတယ်။ ကျမတို့အတွက် ကမ္ဘာက ပိုပြီးသိလေ အကာအကွယ် ပိုရလေပါပဲ။ ဒီလူတွေကျတော့ ကမ္ဘာက မသိကြဘူး။ ဒါကြောင့် သူတို့ရဲ့ သတ္တိ၊ သူတို့ရဲ့ စွန့်လွှတ်မှုဟာ အင်မတန် ကြီးမားပါတယ်။ ဒီလိုလူတွေနဲ့ အတူလုပ်ရတာ ခွန်အားတွေ တိုးစေပါတယ်။”

မြန်မာ့အိမ်နီးချင်း တရုတ်နဲ့ အိန္ဒိယနိုင်ငံတွေ အနေနဲ့ အိမ်နီးချင်းကောင်း ပီသစွာနဲ့ အပြောင်းအလဲတွေနဲ့ အညီ မြန်မာနိုင်ငံအပေါ် သင့်တော်တဲ့ မူဝါဒ ပြောင်းလဲမှုတွေ လုပ်ဖို့ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းသွားပါတယ်။ အမေရိကန် ပြည်ထောင်စု အနေနဲ့ကတော့ မြန်မာ့ဒီမိုကရေစီရေးအတွက် မှန်ကန်တဲ့ အားပေးထောက်ခံမှုမျိုး ဆက်လုပ်သွားဖို့ တိုက်တွန်းခဲ့သလို ပြီးခဲ့တဲ့ မြန်မာ့အရေး ရပ်တည်ပေးခဲ့မှုတွေ အတွက်လည်း ကျေးဇူးတင်စကား ဆိုခဲ့ပါတယ်။

“လွန်ခဲ့တဲ့ နှစ် ၂၀ အတောအတွင်း ကျမတို့ ဒီမိုကရေစီ လှုပ်ရှားမှုအတွက် ရပ်တည် ဆောင်ရွက်ခဲ့တဲ့ အပေါ်မှာ အမေရိကန် ပြည်ထောင်စုကို အထူး ကျေးဇူးတင်ကြောင်း ဒီနေရာမှာ ပြောလိုပါတယ်။ ဒီထက်ပိုပြီး လုပ်နိုင်မယ်လို့ ထင်ပါတယ်။ ကျမတို့ အားလုံးလည်း ဒီထက်ပိုပြီး လုပ်ပေးနိုင်လိမ့်မယ်လို့ ယူဆပါတယ်။ မှန်ကန်တဲ့ လုပ်ရပ်အပေါ် မှန်ကန်တဲ့ အားပေး ထောက်ခံမှုမျိုး လုပ်ခြင်းအားဖြင့် ကျမတို့ ရုန်းကန်မှုအတွက် အထောက်အကူ ဖြစ်စေပါလိမ့်မယ်။ မှန်ကန်တဲ့ အားပေးထောက်ခံမှုကို ဘယ်လိုလုပ်မလဲဆိုတဲ့ ဆုံးဖြတ်ရမယ့် ကိစ္စကတော့ လွယ်တဲ့ကိစ္စတော့ မဟုတ်ပါဘူး။”

ဒီမိုကရေစီဆိုတဲ့ စကားနဲ့ ပတ်သက်လို့တော့ ဒါဟာ အနောက်နိုင်ငံတွေ သုံးတဲ့ စံနှုန်းလို့ အချို့ ပြောတာကို ဒေါ်အောင်ဆန်းစုကြည်ရော တောင်အာဖရိက ဘုန်းတော်ကြီး ဒက်စ်မွန် တူးတူးတို့ကပါ ငြင်းပယ်ပါတယ်။ မြန်မာနိုင်ငံမှာ လွတ်လပ်မှုနဲ့ တည်ငြိမ် လုံခြုံမှုအတွက် ဒီမိုကရေစီစနစ်ရှိမှ ဖြစ်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ လူတိုင်းဟာ မိမိတို့ကိုယ်မိမိ လုံခြုံမှုရဖို့၊ လွတ်လပ်ဖို့၊ ပျော်ရွှင်ချမ်းမြေ့ဖို့ လိုလားကြတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။

နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် ၂ ဦးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒက်စ်မွန် တူးတူးတို့ ၂ ဦးဟာ လူပုဂ္ဂိုလ်ချင်း တခါမှ မဆုံဘူးပေမဲ့ အခု ဆွေးနွေးပွဲမှာ တဦးနဲ့တဦး အပြန်အလှန် နွေးနွေးထွေးထွေး ရင်းရင်းနှီးနှီး ပြောခဲ့သလို တက်ရောက်လာသူတွေကလည်း ဒေါ်အောင်ဆန်းစုကြည်ကို မတ်တပ်ရပ်ပြီး တလေးတစား ဂုဏ်ပြုခဲ့ကြပါတယ်။

XS
SM
MD
LG