မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာရေးရာတွေမှာ ထင်ရှားတဲ့ အသင်းကြီးတခုဖြစ်တဲ့ ဗြိတိန်နိုင်ငံက Chatham House က ဂုဏ်ထူးဆောင်ဆု ချီးမြှင့်လိုက်ပါတယ်။ နိုင်ငံခြားဆက်ဆံရေး ကျွမ်းကျင်သူ ပညာရှင်တွေနဲ့ ဖွဲ့စည်းထားတဲ့ အသင်းရဲ့အဖွဲ့ဝင်တွေက နိုင်ငံတကာဆက်ဆံရေးမှာ သိသိသာသာ တိုးတက်အောင် ကြိုးပမ်းနိုင်သူတွေကို နှစ်စဉ် ရွေးချယ် ချီးမြှင့်နေတဲ့ ဂုဏ်ထူးဆောင်ဆုကို ဒီနှစ် ၂၀၁၁ ခုနှစ်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို ပေးအပ်လိုက်တဲ့အကြောင်း ဒီကနေ့ပဲ ကြေညာလိုက်တာပါ။
ဒေါ်အောင်ဆန်းစုကြည်ဟာ ဖိနှိပ်မှုတွေကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ တွန်းလှန်ရင်း ဒီမိုကရေစီရေး ကြိုးပမ်းနေတဲ့ နိုင်ငံတကာမှာ ထင်ရှားသူတဦး ဖြစ်သလို မြန်မာနိုင်ငံမှာ ဒီမိုကရေစီရရှိဖို့ ကြိုးပမ်းရင်း လွန်ခဲ့တဲ့ ဆယ်စုနှစ် ၂ ခုအတွင်း အချိန်အတော်များများကို ဖမ်းဆီးခံရရင်းနဲ့ ကုန်ဆုံးခဲ့ရသူ ဖြစ်တယ်လို့လည်း Chatham House ရဲ့ ကြေညာချက်က ဖော်ပြပါတယ်။
ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလထဲ နေအိမ်အကျယ်ချုပ်က ပြန်လွတ်လာပြီးတဲ့နောက် သူ့ရဲ့ ကြိုးပမ်းမှုတွေက နိုင်ငံတကာရဲ့ ရပ်တည်ချက်တွေကို ပိုမိုအားကောင်းလာစေသလို မြန်မာနိုင်ငံက အတိုက်အခံ လှုပ်ရှားမှုတွေမှာ အဓိက အရေးပါသူတဦးအဖြစ် ထွက်ပေါ်လာတယ်လို့လည်း ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကတော့ မြန်မာနိုင်ငံက ဒီမိုကရေစီရေး ကြိုးပမ်းမှုတွေအတွက် နိုင်ငံတကာရဲ့ အာရုံစိုက်မှုတွေက အထောက်အကူ ဖြစ်စေသလို မြန်မာနိုင်ငံက ဒီမိုကရေစီရေး ကြိုးပမ်းမှုတွေကနေ ငြိမ်းချမ်းရေးနဲ့ လွတ်လပ်ခွင့်ကို တောင့်တနေကြတဲ့ လူတွေအားလုံးရဲ့ ဆန္ဒကိုလည်း နက်နက်ရှိုင်းရှိုင်း သဘောပေါက်စေတဲ့အကြောင်း Chatham House ကို ပြောဆိုခဲ့ပါတယ်။
ဒီဆုကိုတော့ ဒီဇင်ဘာလ ၁ ရက်နေ့ လန်ဒန်မြို့မှာ အခန်းအနားတခုနဲ့ ချီးမြှင့်သွားမှာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ကိုယ်စား အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဟောင်း မက်ဒလင်းအောဘရိုက် (Madeleine Albright) က လက်ခံရယူသွားမှာ ဖြစ်ပါတယ်။