သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဝန်ကြီးကလင်တန် ပူးတွဲသတင်းစာရှင်းလင်းပွဲ


ရန်ကုန်မြို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်တွင် ဒေါ်အောင်ဆန်းစုကြည် (ယာ) နဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် (ဝဲ) တို့ သောကြာနေ့က တွေ့ဆုံခဲ့ကြစဉ်။ (ဒီဇင်ဘာလ ၂ ရက်၊ ၂၀၁၁)
ရန်ကုန်မြို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်တွင် ဒေါ်အောင်ဆန်းစုကြည် (ယာ) နဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် (ဝဲ) တို့ သောကြာနေ့က တွေ့ဆုံခဲ့ကြစဉ်။ (ဒီဇင်ဘာလ ၂ ရက်၊ ၂၀၁၁)

ဒီကနေ့မနက်ပိုင်း မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ ပြုလုပ်ခဲ့တဲ့ ဝန်ကြီးဟီလာရီကလင်တန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ သတင်းစာရှင်းလင်းပွဲကို သတင်းသွားယူခဲ့တဲ့ ရန်ကုန်မြို့ရောက် ဗွီအိုအေ မြန်မာပိုင်း ဝိုင်းတော်သူ မစုမြတ်မွန်ကို ဦးရော်နီညိမ်းက တိုက်ရိုက် မေးမြန်းထားပါတယ်။

ဦးရော်နီညိမ်း။ ။ မစုမြတ်မွန်ရေ… ဝန်ကြီးကလင်တန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ ပူးတွဲ သတင်းစာရှင်းလင်းပွဲမှာ ဘာတွေ ပြောသွားကြလဲခင်ဗျ။ -

မစုမြတ်မွန်။ ။ ဒီကနေ့မနက်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခြံဝန်းထဲမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ၁ နာရီကျော်လောက် တွေ့ပြီးတော့ သူတို့ ဘာတွေဆွေးနွေးခဲ့တယ်ဆိုတာကို သတင်းထောက်တွေကို ပြန် ပြောပြခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည် အဓိက ပြောခဲ့တာကတော့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အခုလို မြန်မာနိုင်ငံကိုလာတာကို အထူး ကြိုဆိုတယ်။ ဝန်ကြီးကလင်တန်အနေနဲ့ သူနဲ့တွေ့တာအပြင် နေပြည်တော်မှာ သမ္မတဦးသိန်းစိန် အပါအဝင် အစိုးရအာဏာပိုင်တွေနဲ့ တွေ့ဆုံမှု အဆင်ပြေတယ်ဆိုတာကို သိရတဲ့အတွက် ဝမ်းသာတယ်ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောပါတယ်။

“နိုင်ငံခြားရေးဝန်ကြီးကလင်တန် နေပြည်တော်မှာ အစိုးရနဲ့တွေ့ဆုံခဲ့တာ အဆင်ပြေတဲ့အတွက် ကျမ ဝမ်းသာပါတယ်။ အခုလို အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံနဲ့ ထိတွေ့ဆက်ဆံမှုအတွက်လည်း အလွန်ဝမ်းသာပါတယ်။ ထိတွေ့ဆက်ဆံမှုတွေနဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေ တိုးတက် ကောင်းမွန်အောင်လုပ်သွားဖို့ ကျမတို့ မျှော်လင့်ပါတယ်။ ဒီ ထိတွေ့ဆက်ဆံမှုတွေကြောင့် ကျမတို့ ရှေ့လျှောက်လုပ်ရမယ့်လုပ်ငန်းတွေကို ပိုပြီးတော့ ရှင်းရှင်းလင်းလင်း မြင်နိုင်မှာဖြစ်သလို ရှေ့ဆက်သွားမယ့် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေမှာ ယုံကြည်မှုလည်း ပိုပြီးတော့ ရစေမှာဖြစ်ပါတယ်။ ဒီအတွက် အမေရိကန်ပြည်ထောင်စုတင်မဟုတ်ပါဘူး၊ နိုင်ငံတကာရဲ့ အကူအညီတွေ ကျမတို့ လိုအပ်ပါတယ်။”

မစုမြတ်မွန်။ ။ ဒေါ်အောင်ဆန်းစုကြည် ဝမ်းသာတယ်လို့ ပြောခဲ့တာနောက်တစ်ခုကတော့ အမေရိကန်နဲ့ မြန်မာ ဆက်ဆံရေးပြေလည်တာကို ဝမ်းသာတဲ့အကြောင်း တရုတ်နိုင်ငံက ဒီကနေ့ ကြေညာချက် ထုတ်ပြန်ခဲ့တဲ့အပေါ်မှာ သူ့အနေနဲ့ ဝမ်းသာပါတယ်လို့ ဒီသတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားခဲ့တာပါ။

“အမေရိကန်နဲ့မြန်မာ ထိတွေ့ဆက်ဆံမှုကို ကြိုဆိုတဲ့ တရုတ်နိုင်ငံခြားရေးဌာနရဲ့ ကြေညာချက်ကို ဒီကနေ့ ဖတ်ရတာ ကျမ အထူး ဝမ်းသာပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ကျမတို့ကို တကမ္ဘာလုံးက ထောက်ခံနေတယ် ဆိုတာကို ပြနေတာပါ။ ကျမတို့ရဲ့ အိမ်နီးချင်း တရုတ်နိုင်ငံနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေး အမြဲတမ်း ထားရှိလိုပါတယ်။ ဒါကြောင့် ဒီအတွက် အထူး ဝမ်းသာမှုဖြစ်ပါတယ်။ တရုတ်နဲ့တင်မဟုတ်ပါဘူး၊ နိုင်ငံတကာနဲ့ ဆက်ဆံရေး ကောင်းချင်ပါတယ်။”

မစုမြတ်မွန်။ ။ ဒီကနေ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဆွေးနွေးဖြစ်ကြတဲ့ အထဲမှာ မြန်မာနိုင်ငံမှာ ဘယ်လိုအကူအညီတွေ လိုအပ်နေသလဲဆိုတာကို ဒေါ်အောင်ဆန်းစုကြည်က ထောက်ပြခဲ့တယ်လို့လည်း ပြောပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဘက်ကတော့ သူ့ကို ဒေါ်အောင်ဆန်းစုကြည်က အခုလိုမျိုး နွေးနွေးထွေးထွေး ကြုံဆိုရုံတင်မကဘဲ နှစ်ပေါင်းများစွာ ကြံ့ကြံ့ခံ ခေါင်းဆောင်မှုပေးနိုင်တဲ့အပေါ်မှာ သူ့အနေနဲ့ အားကျတယ်လို့ဆိုပြီး အခုလို ပြောခဲ့ပါတယ်။

“ပထမဆုံး ဒေါ်အောင်ဆန်းစုကြည်ကို အထူး ကျေးဇူးတင်တဲ့အကြောင်း ပြောချင်ပါတယ်။ အခုလို နေအိမ်မှာ ဧည့်ဝတ်ပျူငှာစွာနဲ့ ဧည့်ခံကြိုဆိုတဲ့အတွက်ရော၊ ဒီမိုကရေစီရေးအတွက်၊ မြန်မာပြည်အနာဂတ်အတွက် ဖိနှိပ်ခံပြည်သူတွေ၊ အတိုက်အခံအဖွဲ့တွေဘက်ကနေ ခိုင်မာပြီး ရှင်းလင်းပြတ်သားမှုရှိတဲ့ ခေါင်းဆောင်မှု ပေးနိုင်တဲ့အတွက်ပါ။”

မစုမြတ်မွန်။ ။ မြန်မာနိုင်ငံမှာလုပ်နေတဲ့ ပြုပြင်ပြောင်းလဲမှုတွေအပေါ်မှာ အားရတယ်လို့ ခရီးစဉ် တလျှောက်လုံး ပြောခဲ့တဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ ဆန္ဒရှိသူတွေ ပူးပေါင်း ဆောင်ရွက်သွားကြမယ်ဆိုရင် အောင်မြင်နိုင်မှာပါလို့လည်း ဝန်ကြီးကလင်တန်က ဒီသတင်းစာရှင်းလင်းပွဲမှာ ပြောသွားခဲ့ပါသေးတယ်။

“ဒေါ်အောင်ဆန်းစုကြည်၊ မြန်မာအစိုးရနဲ့ မြန်မာပြည်သူပြည်သားတွေအတွက် စောင့်ကြိုနေတဲ့ မဝေးတော့တဲ့ အနာဂတ်တစ်ခု ဖြစ်လာဖို့ ကြိုပမ်းချင်ကြတဲ့သူတွေ အားလုံးနဲ့ ကျမတို့ ပူးပေါင်းဆောင်ရွက်ချင်ပါတယ်။”

မစုမြတ်မွန်။ ။ မြန်မာနိုင်ငံမှာ တရားဥပဒေ စိုးမိုးရေးရှိဖို့က အဓိကလိုအပ်တယ်၊ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့လိုအပ်တယ်ဆိုတာကို ဆွေးနွေးခဲ့ကြတဲ့အကြောင်း နှစ်ယောက်စလုံးက ပြောသွားခဲ့ကြတာပါ။ မြန်မာနိုင်ငံမှာ တရားဥပဒေ စိုးမိုးမှုရှိဖို့၊ အများကြီး ပြုပြင်ပြောင်းလဲဖို့ လိုအပ်နေသေးတဲ့ အစိုးရရဲ့ စွမ်းဆောင်မှုတွေကို မြှင့်တင်ပေးဖို့အတွက် အမေရိကန်က တတ်နိုင်တဲ့ဘက်က ကူညီသွားမယ့်အကြောင်း ကိုလည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက အသိပေး ပြောကြားသွားခဲ့ပါတယ်။ ဒီသတင်းစာရှင်းလင်းပွဲမှာ တစ်ယောက်နဲ့တစ်ယောက် ပွေ့ဖက်ပြီး ချစ်ချစ်ခင်ခင် ရှိပြီးတော့ အင်မတန်မှ နွေးထွေးတဲ့မြင်ကွင်းကိုလည်း ဒီကနေ့ တွေ့ခဲ့ရပါတယ်။

ဦးရော်နီညိမ်း။ ။ ဒေါ်အောင်ဆန်းစုကြည်အိမ်မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအပြင် နိုင်ငံခြားရေးဝန်ကြီး ကလင်တန်ဟာ အမေရိကန်သံရုံးမှာလည်းပဲ သတင်းစာရှင်းလင်းပွဲလုပ်တယ်လို့ သိရပါတယ်။ အဲဒီအကြောင်းကိုလည်း သိသလောက် ပြောပြပါဦးခင်ဗျ။ -

မစုမြတ်မွန်။ ။ ဟုတ်ပါတယ်ရှင့်။ ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့ အမေရိကန်က အသေးစား ငွေချေးတာတွေ လုပ်ပေးသွားမယ်။ အင်္ဂလိပ်စာ သင်ကြားရေး အထောက်အပံ့တွေ ပေးသွားမယ်။ ပဋိပက္ခဖြစ်နေတဲ့နေရာတွေမှာ ဖွံ့ဖြိုးတိုးတက်ရေး အထောက်အပံ့တွေကို အမေရိကန်က ပေးသွားမယ် ဆိုပြီးတော့ အဓိက ပြောခဲ့တာပါ။ မြန်မာနိုင်ငံနဲ့ အမေရိကန်ကြားမှာ ပညာရေးဖလှယ်တဲ့အစီအစဉ်တွေကို လုပ်ပေးသွားမယ်ဆိုပြီးတော့လည်း ပြောသွားပါတယ်။ ဒီကနေ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟာ ဒေါ်အောင်ဆန်းစုကြည်အပြင် တိုင်းရင်းသားအဖွဲ့ ၁၀ ဖွဲ့နဲ့လည်း တွေ့ဆုံသွားခဲ့ပါသေးတယ်။

ဦးရော်နီညိမ်း။ ။ အခု ဝန်ကြီးကလင်တန် မြန်မာနိုင်ငံကို လာရောက်တဲ့ခရီးစဉ်နဲ့ပတ်သက်ပြီး မြန်မာအစိုးရ မီဒီယာတွေအပါအဝင် ပြည်တွင်း မီဒီယာတွေမှာ ဘယ်လောက်များ ဝေေ၀ဆာဆာ ဖော်ပြပြီးတော့ ပြည်သူလူထုကရော ဘယ်လောက်များ သိရှိပြီးတော့ စိတ်ဝင်စားမှုရှိပါသလဲ ခင်ဗျ။ -

မစုမြတ်မွန်။ ။ အဓိက ကတော့ ဒီခရီးစဉ်ကနေပြီးတော့ မြန်မာနိုင်ငံအတွက် အမေရိကန် ဘာတွေ လုပ်ပေးနိုင်မလဲဆိုတဲ့အပေါ်မှာ အများက စိတ်ဝင်စားတာပါ။ မြန်မာနိုင်ငံမှာ တကယ်လိုအပ်နေတဲ့လူတွေ အတွက်ကို ထောင့်စုံကနေ ဖြည့်ဆည်းပေးချင်တယ်ဆိုတဲ့ လူမျိုးလည်းရှိတယ်။ တချို့ကတော့လည်း စီးပွားရေးပိတ်ဆို့မှုတွေကို လုံး၀ ပြန်ပြီးတော့မလုပ်ရင်တောင်မှ အများပြည်သူအတွက် အကျိုးရှိနိုင်မယ့် လျှော့ပေါ့မှုမျိုး လုပ်စေချင်တဲ့သူလည်း ရှိတယ်။ လူငယ်ပိုင်းမှာဆိုရင်လည်း ပညာရေးကို တိုးတက်အောင် လုပ်ပေးစေချင်တဲ့သူတွေ ရှိပါတယ်။ သူ ဒီခရီးစဉ်နဲ့ပတ်သက်ပြီးတော့ ဘယ်လိုမျိုးတွေ ဖော်ပြနေသလဲ ဆိုတာကို ပြောရရင်တော့ ဒီကနေ့ထုတ်တဲ့သတင်းစာတွေမှာ မျက်နှာဖုံး စာမျက်နှာကနေစပြီးတော့ သူတို့မနေ့တုန်းက နေပြည်တော်မှာ ဆွေးနွေးခဲ့တဲ့အကြောင်းတွေကိုတော့ အပြည့်စုံ ရေးထားတာကို မြင်ရပါတယ်။

ဦးရော်နီညိမ်း။ ။ ကျေးဇူးပါပဲ မစုမြတ်မွန်ရေ။

XS
SM
MD
LG