သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်နဲ့ မြန်မာ လူထုဆက်ဆံရေး တိုးတက်စေလိုဟု ဒေါ်စု မှတ်ချက်ချ


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုလံဘီယာ တက္ကသိုလ်မှာ စကားပြောကြားနေစဉ်။ (စက်တင်ဘာလ ၂၂ ရက်၊ ၂၀၁၂)
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုလံဘီယာ တက္ကသိုလ်မှာ စကားပြောကြားနေစဉ်။ (စက်တင်ဘာလ ၂၂ ရက်၊ ၂၀၁၂)
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အိမ်နီးချင်းတရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံကြား အစိုးရတွေရဲ့ ဆက်ဆံရေးထက် ပြည်သူလူထုအချင်းချင်း ဆက်ဆံရေး တိုးတက်တာကို လိုလားတယ် လို့ ပြောဆိုလိုက်ပါတယ်။ ဒါ့အပြင် အကြမ်းမဖက်တဲ့နည်းက ဒီမိုကရေစီကို ဆောင်ကြဉ်းပေးနိုင်တယ် လို့လည်း ဆိုပါတယ်။ အမေရိကန်ပြည်ထောင်စုကို ရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ စက်တင်ဘာလ ၂၂ ရက်နေ့ စနေနေ့က နယူးယောက်မြို့ရှိ ကိုလံဘီယာ တက္ကသိုလ်မှာ ကျောင်းသူ ကျောင်းသားတွေနဲ့ တွေ့ဆုံစဉ် အခုလို ပြောဆိုလိုက်တာပါ။ အပြည့်အစုံကို ဒေါ်ခင်စိုးဝင်းက တင်ပြထားပါတယ်။

နိုဘဲလ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမေရိကန် ပြည်ထောင်စု ခရီးစဉ် ၆ ရက်မြောက်နေ့မှာ နယူးယောက်မြို့ ကိုလံဘီယာ တက္ကသိုလ်က ကျောင်းသူကျောင်းသားတွေ နဲ့ တွေ့ဆုံခဲ့ရာမှာ အိမ်နီးချင်း တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးအပေါ် သူ့ရဲ့ သဘောထားကို အခုလို ပြောဆိုလိုက်တာပါ။

“တရုတ်နိုင်ငံနဲ့ ဆက်ဆံရေး သိပ် ကောင်းမွန်ခဲ့ပါတယ်။ အခုအချိန်နဲ့ ကွာခြားချက်ကတော့ အစိုးရတွေနဲ့ ဆက်ဆံရေးက ကောင်းမွန်နေဆဲ ဖြစ်ပေမဲ့ ပြည်သူတွေအကြား ဆက်ဆံရေးက အရင်တုန်းကလို အဆင်မပြောတော့ပါဘူး။ အဲဒါကလည်း အစိုးရအချင်းချင်း ဆက်ဆံရေးထက် မြန်မာပြည်မှာ ရှိနေတဲ့ တရုတ် စီးပွားရေး လုပ်ငန်းတွေကြောင့် ဖြစ်ပါတယ်။ တရုတ်အစိုးရ လုပ်ငန်းရှင်တွေက မြန်မာနိုင်ငံအတွက်၊ နောက် မြန်မာပြည်သူတွေရဲ့ အကျိုးအတွက် သိပ် ဂရုမစိုက်ဘဲ သူတို့ရဲ့ အကျိုးတခုတည်းကိုပဲ ကြည့်တယ်လို့ မြန်မာပြည်သူ အတော်များများက ခံစားနေကြလို့ ဖြစ်ပါတယ်။ ဒီလိုမျိုး ဖြစ်နေတာကို ပြောင်းလဲစေချင်ပါတယ်။ လုပ်ငန်းရှင်နဲ့ ဈေးဝယ်တဲ့ ဖောက်သည်တွေ အဖြစ်နဲ့ မဟုတ်ဘဲနဲ့ ပြည်သူတွေ အချင်းချင်း ဆက်ဆံရေး တိုးတက်စေချင်ပါတယ်။ ကျောင်းသားတွေ အချင်းချင်း၊ အိမ်ရှင်မအချင်းချင်း ပြည်သူတွေ အချင်းချင်း ဆက်ဆံရေး တိုးတက်တာကို တွေ့ချင်ပါတယ်။” - လို့ ပြောဆိုခဲ့ပါတယ်။

အဲဒီနောက် လူတယောက်မှာ ခံယူချက် အခြေခံမူ ဆိုတာ ဘ၀ ရပ်တည်ရေးမှာ အဖိုးတန်လှတဲ့ အကြောင်းနဲ့ ပတ်သက်ပြီးလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားက ဒီလိုပါ။

“ခံယူချက် အခြေခံမူဆိုတာ ဟောင်းနွမ်းနေတဲ့ အယူအဆ တခု မဟုတ်ပါဘူး။ အခြေခံမူဟာ အခရာ ကျပါတယ်။ ကိုယ့်ဘဝကို ခံယူချက် အခြေခံမူအပေါ်မှာ တည်ဆောက်ရမှာ ဖြစ်ပါတယ်။ တာဝန်သိတဲ့ အသိစိတ်နဲ့ ဘဝကို ထူထောင်ရမှာပါ။ ဟောင်းနွမ်းနေတဲ့ အယူအဆ မဟုတ်ပါဘူး။ အခြေခံမူ ခံယူချက်နဲ့ ဘဝကို ထူထောင်ထားမယ် ဆိုရင် ကြုံနေရတဲ့ စိန်ခေါ် အကဲစမ်းမှုတွေကို ရင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။ ဒါဟာ လုပ်ကို လုပ်ရမယ့်ကိစ္စ ဖြစ်ပါတယ်။ တာဝန်သိတဲ့ စိတ်ဓာတ်နဲ့ တာဝန်ယူနိုင်ဖို့အတွက် သင်ခန်းစာ ယူနိုင်ဖို့က ကိုယ့်လုပ်ရပ်ကို ကိုယ့်ဘာသာကိုယ် တာဝန်ယူဖို့ ဖြစ်ပါတယ်။ ကိုယ့်မှာ ရင်ဆိုင်နေရတာတွေ ဟာ တခြားသူတွေက လုပ်လို့ဆိုပြီး အပြစ်တင်နေလို့ မဖြစ်ဘူး။” - လို့ ပြောသွားတာ ဖြစ်ပါတယ်။

လွတ်မြောက်မှုနဲ့ ဒီမိုကရေစီရေးအတွက် အကြမ်းမဖက်တဲ့ နည်းနဲ့ တောင်းဆိုခဲ့တဲ့ အတွေ့အကြုံကိုလည်း ဒေါ်အောင်ဆန်းစုကြည်က အခုလို မျှဝေလိုက်ပါတယ်။

“ကျမတို့ ပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဟာ အကြမ်းမဖက်တဲ့ အခြေခံမူတွေကို အမြဲ စွဲကိုင်ခဲ့တာပါ။ ဒီမိုကရေစီအတွက် တိုက်ပွဲဝင်နေကြတဲ့ တခြား အင်အားစုတွေ အတွက် ဒီလို အကြမ်းမဖက်တဲ့ ပုံစံနဲ့ကတော့ အမြဲတမ်း ဖြစ်နေမှာ မဟုတ်ပါဘူး။ NLD ကတော့ အကြမ်းမဖက်တဲ့ နည်းကိုပဲ သုံးမယ်လို့ အစကတည်းက ပြောဆိုခဲ့တာပါ။ သိပ်ကို အဖိနှိပ် ခံခဲ့ရပြီး ခံစားခဲ့ကြရပေမဲ့ အကြမ်းမဖက်တဲ့ နည်းကိုပဲ ထိန်းထားခဲ့ပါတယ်။” - လို့ ပြောသွားတာပါ။
ဒါကြောင့် အကြမ်းမဖက်တဲ့နည်းက အလုပ်မဖြစ်ရုံတင်မကဘဲ ဒီမိုကရေစီရေး အတွက် တခုတည်းသော နည်းလမ်း ဖြစ်သင့်ပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသွားပါတယ်။ ကိုလံဘီယာ တက္ကသိုလ် ကျောင်းသူ ကျောင်းသားတွေက မြန်မာပြည်ရဲ့ ပညာရေးကဏ္ဍ တိုးတက်အောင် ဘယ်လို ပံ့ပိုးပေးနိုင်မလဲ ဆိုတာကို မေးမြန်းတဲ့အခါ မှာတော့ ဒေါ်အောင်ဆန်းစုကြည်က အခုလို ဖြေပါတယ်။

“မြန်မာပြည်ကို ကိုယ်တိုင်လာပြီးတော့ မြန်မာပြည်က ကျောင်းတွေ၊ တက္ကသိုလ်တွေကို လေ့လာစေချင်ပါတယ်။ အဲဒီအခါကျမှသာ ဘယ်လို အကူအညီတွေ ပေးနိုင်မလဲ ဆိုတဲ့ အကြံကောင်း အဉာဏ်ကောင်းတွေ ပေါ်လာကြမှာပါ။ လူငယ်တွေနဲ့ ထိတွေ့ဆက်ဆံ စေချင်ပါတယ်။ သူငယ်ချင်းတွေ ခေါ်လာပြီး မြန်မာပြည်ကို လာရောက် လေ့လာကြပါ။” - လို့ ပြောဆိုသွားတာပါ။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ စနေနေ့က နယူးယောက်မြို့ ကိုလံဘီယာ တက္ကသိုလ်ကို မလာခင်မှာ Queens College ကို သွားရောက် ဆွေးနွေးခဲ့ပြီး နယူးယောက်မြို့တော် တဝိုက်က မြန်မာမိသားစုတွေကိုလည်း တွေ့ဆုံ နှုတ်ဆက်ခဲ့ပါတယ်။

ဒီကနေ့ စက်တင်ဘာလ ၂၃ ရက် တနင်္ဂနွေနေ့မှာတော့ ကင်တာကီ ပြည်နယ် လူဝီဗီးလ် မြို့ကို သွားရောက်ဖို့ ရှိပါတယ်။ တနင်္လာနေ့မှာတော့ လူဝီဗီးလ်တက္ကသိုလ်မှာ မြန်မာ မိသားစု အသိုင်းအဝိုင်းနဲ့ ဒေသခံတွေနဲ့လည်း တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။
XS
SM
MD
LG