သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စီးပွားရေး တိုးတက်အောင် အစိုးရက ဥပဒေချမှတ် လုပ်ဆောင်ရမည်


စီးပွားရေး တိုးတက်အောင် အစိုးရက ဥပဒေချမှတ် လုပ်ဆောင်ရမည်
စီးပွားရေး တိုးတက်အောင် အစိုးရက ဥပဒေချမှတ် လုပ်ဆောင်ရမည်

မြန်မာနိုင်ငံမှာ ကမောက်ကမ ဖြစ်နေတဲ့ စီးပွားရေးစနစ်ကြောင့် အာဏာရှိ အသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေ အကျိုးအမြတ် ဖြစ်ထွန်းနေကြတယ်လို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။ စီးပွားရေးစနစ်ကို အစိုးရက ဥပဒေနဲ့တကွ ပြုပြင်ပြောင်းလဲရမှာ ဖြစ်ပေမဲ့ လူထုအနေနဲ့ ကိုယ့်ဟာကိုယ် လုပ်ကိုင်ပြောင်းလဲနိုင်တဲ့ ကိစ္စတွေ အများကြီး ရှိနေတယ်လို့လည်း ဆိုပါတယ်။ ဗွီအိုအေ အမေရိကန်အသံရဲ့ Crossroads Asia အစီအစဉ်နဲ့ ပြုလုပ်တဲ့ ဆက်သွယ်မေးမြန်းခန်းမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောကြားလိုက်ပါတယ်။

“တိုင်းပြည်တခုရဲ့ နိုင်ငံရေးမှာ စီးပွားရေး မူဝါဒဟာ သိပ်အရေးကြီးတဲ့ အစိတ်အပိုင်းတရပ် အနေနဲ့ ပါဝင်ပါတယ်။ ဒီစီးပွားရေး မူဝါဒကို ပြောင်းလဲဖို့ဆိုတာ အစိုးရကလုပ်မှ ဖြစ်မှာပါ။ အစိုးရကိုယ်တိုင် မလုပ်ဘဲ စီးပွားရေးစနစ်ဆိုတာ မပြောင်းလဲနိုင်ပါဘူး။ ဥပမာ ဗမာကျပ်ငွေ လဲလှယ်နှုန်း မမှန်မကန် ဖြစ်နေတဲ့ ကိစ္စမျိုးပါ။ ပြည်သူတွေ ဘာမှ မတတ်နိုင်ပါဘူး။ အလားတူပဲ ဘဏ်စနစ်ကို ပြုပြင်ပြောင်းလဲဖို့ ဆိုတာ အစိုးရက ဥပဒေပြဋ္ဌာန်းပြီး လုပ်ရမယ့်ကိစ္စ ဖြစ်ပါတယ်။”

အဲဒီလို မမှန်ကန်တဲ့ စီးပွားရေး မူဝါဒတွေ ဘာ့ကြောင့် ရှိနေရသလဲဆိုတဲ့ မေးခွန်းကိုတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အခုလို ဖြေပါတယ်။

“ဒီစနစ်ကြောင့် လူတချို့ အကျိုးအမြတ်တွေ ရရှိနေတယ်လို့ ထင်ပါတယ်။ သူတို့နဲ့ နီးစပ်သူတွေ၊ အာဏာအသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေလည်း အကျိုးရှိနေကြပါတယ်။ ဒါကြောင့် သူတို့ဟာ ဒီမူဝါဒတွေကို ပြောင်းလဲပစ်ဖို့ စိတ်မဝင်စားကြပါဘူး။”

ဒီလို အခက်အခဲတွေ ရှိနေပေမဲ့ အပြောင်းအလဲတွေ ဖြစ်လာရေးအတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ဆောင်ရွက်နေတဲ့ ကိစ္စတွေကိုလည်း ဒေါ်အောင်ဆန်းစုကြည်က အခုလို ဆက်လက် ရှင်းပြသွားပါတယ်။

“ကျမတို့ လုပ်နိုင်သမျှ အကုန် လုပ်နေကြပါတယ်။ ဥပမာအားဖြင့် စာနာမှု လုပ်ငန်းတွေ ရှိပါတယ်။ ကိုယ်က ထိုင်နေပြီး လူတွေကို ဘာလုပ်ကြ၊ ညာလုပ်ကြ ပြောလို့ မရပါဘူး။ ကိုယ်တိုင် လုပ်ပြရပါတယ်။ HIV စီမံကိန်း၊ ဥပဒေ အထောက်အကူပြု စီမံကိန်း၊ နိုင်ငံရေး အကျဉ်းသား ထောက်ပံ့ရေး၊ ကလေးသူငယ် အာဟာရဓာတ် ပြည့်ဝရေး စတဲ့ လုပ်ငန်းတွေ၊ ရေတွင်းတူးဖော်ရေး လုပ်ငန်းတွေ ရှိပါတယ်။ ဒါတွေဟာ လူထုအနေနဲ့ ကိုယ့်ဟာကိုယ် လုပ်နိုင်တယ်ဆိုတာ ပြတဲ့သဘောလည်း ဖြစ်ပါတယ်။ အရာရာအတွက် အစိုးရကိုချည်း အားကိုးနေလို့ မရပါဘူး။”

ဗွီအိုအေ အမေရိကန်အသံ Crossroads Asia အစီအစဉ်ရဲ့ ဆက်သွယ် မေးမြန်းခန်းမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဖြေကြားသွားခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG