သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အတိုင်ပင်ခံပုဂ္ဂိုလ် ဒီပဲယင်းခရီး ဒေသခံလူထုသောင်းဂဏန်း ကြိုဆို


နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့ခရီးစဉ် (သတင်းဓာတ်ပုံ - MOI (မတ် ၁၁၊ ၂၀၂၀))
နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့ခရီးစဉ် (သတင်းဓာတ်ပုံ - MOI (မတ် ၁၁၊ ၂၀၂၀))

(Zawgyi/Unicode)

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၀၃ မှာ သူအသက်အန္တရာယ်နဲ့ ကြုံခဲ့ရတဲ့ စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့ကို ဒီနေ့သွားခဲ့တာမှာ ဒေသခံ သောင်းနဲ့ချီ ကြိုဆိုခဲ့ကြပါတယ်။ အတိုင်ပင်ခံဟာ ၂၀၂၀ နှစ်ဦးကစလို့ ပြည်နယ်နဲ့တိုင်းက လူထုနဲ့တွေ့ဆုံတာတွေ လုပ်နေပြီး သူ့ခရီးစဉ်အတွင်း လူထုထောက်ခံမှုအရ NLD အနေနဲ့ လာမယ့်ရွေးကောက်ပွဲမှာ ပြည်နယ်နဲ့တိုင်းဒေသအများစု အနိုင်ရမယ်လို့ မျှော်လင့်တဲ့အကြောင်း ပါတီပြန်ကြားရေး တာဝန်ရှိသူက ပြောပါတယ်။ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်တွေနဲ့ပတ်သက်လို့ ပါတီတာဝန်ရှိသူတွေကို မေးမြန်းပြီး ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုဇော်ထက်က ပြောပြထားပါတယ်။

အခု ၂၀၂၀ နှစ်စကစပြီး တိုင်းနှင့်ပြည်နယ်တွေကို လှည့်လည်လူထုတွေ့ဆုံပွဲတွေ လုပ်နေတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ဟာ တချိန် သူအတိုက်အခံ ဘဝက အသက်အန္တရာယ်နဲ့ ရင်ဆိုင်ခဲ့ရတဲ့ စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့ကို ဒီနေ့ မတ်လ ၁၁ ရက်မှာသွားခဲ့ပါတယ်။ ၁၇ နှစ်ကြာပြီး ပြန်ရောက်လာတဲ့သူ့ကို ဒီပဲယင်း ဒေသခံသောင်းနဲ့ချီ ကြိုဆိုခဲ့ပြီး အာဏာရှင်စနစ်ကို အလိုမရှိဘူးဆိုတာ ပြသခဲ့တာလို့ ဒီလူထုတွေ့ဆုံပွဲကို စီစဉ်ခဲ့တဲ့ ဒီပဲယင်း တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးမိုးမင်းဝင်းက ပြောပါတယ်။

“ကျနော်တို့ ဒီပဲယင်း ဟာ အာဏာရှင်စနစ်ကို အလိုမရှိဘူး၊ ဒီမိုကရေစီကို မြတ်နိုးတယ်၊ ယုံကြည်တယ်ဆိုတဲ့ နေရာမှာ ၈၈ အရေးအခင်းနဲ့ အတူတူပဲ မွေးဖွားခဲ့တဲ့ စိတ်ပါ။ သမိုင်းမှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်ကို၊ ဒီမိုကရေစီကို ဖော်ဆောင်မယ်ဆိုတာကို ဒီလောက်လူအင်အားနဲ့ စည်းကမ်းရှိရှိ၊ သေသေဝပ်ဝပ် ဖော်ပြနိုင်တဲ့အတွက် ကျနော်တော့ အလွန်ပဲ ဝမ်းသာပါတယ်။”

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့ခရီးစဉ် (သတင်းဓာတ်ပုံ - MOI (မတ် ၁၁၊ ၂၀၂၀))
နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့ခရီးစဉ် (သတင်းဓာတ်ပုံ - MOI (မတ် ၁၁၊ ၂၀၂၀))

၂၀၂၀ ဒီနှစ်ကုန်ပိုင်းမှာ အထွေထွေရွေးကောက်ပွဲကြီးကျင်းပမှာမို့၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ အခုတလော ခရီးစဉ်တွေဟာ ရွေးကောက်ပွဲအတွက် အားစမ်းမှုဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေ ရှိပါတယ်။

အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ဟာ ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့ကို မနေ့က မတ်လ ၁၀ရက်ကလည်း သွားရောက်ခဲ့ပြီး လူထုနဲ့တွေ့ဆုံခဲ့ပါတယ်။ NLD ဗဟိုပြောခွင့်ရ မုံရွာဦးအောင်ရှင်ကတော့ အတိုင်ပင်ခံရဲ့ လားရှိုးခရီးစဉ်ကို အားရကြောင်းပြောပါတယ်။

“လားရှိုးခရီးစဉ်ကြည့်လိုက်ရင် အတော်ကလေး ကျနော်တို့ အားရတယ်၊ လားရှိုးဆိုတာ ရှုပ်ရှုပ်နေတဲ့ ဒေသပါပဲ၊ အခုခရီးစဉ်အရ ကြည့်ရရင်တော့ အတော် အားရတာကို တွေ့ရပါတယ်။ အဲဒါကြောင့် ကျနော်တို့က ရှမ်းပြည်နယ်မှာလည်း အရင်ကထင်တာလောက်ထက် ပိုပြီးတော့ ကျနော်တို့ အနိုင်ရလိမ့်မယ်လို့ ယူဆပါတယ်။”

ပြည်နယ်တွေမှာ တိုင်းရင်းသား ပါတီတွေ အားကောင်းလာလို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဟာ ပြည်နယ်တွေကို လက်လွှတ်ရမယ်လို့ တိုင်းရင်းသား ပါတီတွေနဲ့ နိုင်ငံရေးလေ့လာ သူတွေက ခန့်မှန်းပါတယ်။ ဒါပေမဲ့ NLD ဗဟိုပြောခွင့်ရ မုံရွာဦးအောင်ရှင်ကတော့ ပြည်နယ်အနည်းငယ်ပဲ ခက်ခဲလိမ့်မယ်လို့ မြင်ကြောင်း ပြောပါတယ်။

“တိုင်းခရီးစဉ် အများစုကတော့ လူထုထောက်ခံမှု အတော့ကို ရပါတယ်ဗျ။ ကျနော်တို့ ထပ်ပြီး ထူးခြားတာ တွေ့ရတာက ဒေါ်အောင်ဆန်းစုကြည် ကချင်ခရီးစဉ်တို့ ရှမ်းခရီးစဉ်တို့ ကရင်ခရီးစဉ်တို့ နောက်ချင်းပြည်နယ် ခရီးစဉ်တို့မှာ လူထုထောက်ခံမှုက ထင်ထားတာထက် ပိုပြီးတွေ့နေရတယ်ဗျ။ အခုအခြေအနေအရ ဆိုရင်တော့ ပြည်နယ် နည်းနည်းပါးပါးလောက်ပဲ ကျနော်တို့အတွက် ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်း ကျနော်တို့ အတော်ကြိုးစားရမယ်လို့ တွက်ထားတယ်။”

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် သမ္မတဦးဝင်းမြင့်နဲ့ NLD ဗဟိုကော်မတီဝင်တချို့ဟာ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ပြိုင်သွားဖို့ ရှိပါတယ်။ ဝင်ပြိုင်မယ့် မဲဆန္ဒနယ်တွေကိုတော့ မရွေးချယ်ရသေးဘူးလို့ သူက ဆက်ပြောပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံဟာ ကျန်ခဲ့တဲ့ နှစ်လတာအတွင်း ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်က လူထုနဲ့တွေ့ဆုံခဲ့ပြီး ဌာနေတိုင်းရင်းသားတွေရဲ့ အမျိုးသားနေ့၊ ပြည်နယ်နေ့ စတဲ့ အခမ်းအနားတွေကိုလည်း တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]












XS
SM
MD
LG