သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စုရဲ့နေ့ချင်းပြန် ထားဝယ်ခရီး


မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ထားဝယ်မြို့နယ် ရေဖြူကျေးရွာမှာ မိန့်ခွန်းပြောကြားနေစဉ်။ (ဇန်နဝါရီလ ၂၉၊ ၂၀၁၂)
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ထားဝယ်မြို့နယ် ရေဖြူကျေးရွာမှာ မိန့်ခွန်းပြောကြားနေစဉ်။ (ဇန်နဝါရီလ ၂၉၊ ၂၀၁၂)

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ နေ့ချင်းပြန်ခရီးနဲ့ တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် အနီးတဝိုက်မှာရှိတဲ့ မြို့နယ်တွေကို စည်းရုံးရေးခရီး ထွက်ခဲ့ပါတယ်။ လမ်းတလျှောက်မှာ ထောင်သောင်းချီတဲ့ လူအုပ်ကြီးက သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြတယ်လို့လည်း သိရပါတယ်။ ဒီခရီးစဉ်နဲ့ပတ်သက်ပြီး ဦးစံမိုးဝေက တင်ပြထားပါတယ်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD အနေနဲ့ ရွေးကောက်ပွဲ ကော်မရှင်ထံမှာ တရားဝင် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခဲ့ပြီးတဲ့နောက် ပါတီခေါင်းဆောင် နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ တနင်္သာရီတိုင်း၊ ထားဝယ်မြို့နဲ့ ထားဝယ်မြို့ရဲ့ အနီးတဝိုက်မှာရှိတဲ့ မြို့နယ်တွေကို နေ့ချင်းပြန် ပါတီ စည်းရုံးရေးခရီး ထွက်ခဲ့ပါတယ်။

ရန်ကုန်မြို့ကနေ မနက်စောစော လေကြောင်းခရီးနဲ့ ထားဝယ်မြို့ကို ရောက်လာပြီးတဲ့နောက် တိုင်းနဲ့မြို့နယ် ပါတီအဖွဲ့ဝင်တွေရဲ့ အစည်းအဝေး ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီနောက် လောင်းလုံ၊ ရေဖြူ၊ မောင်းမကန် အစရှိတဲ့ အရပ်တွေကို သွားရောက်ခဲ့တယ်လို့ ခရီးစဉ်မှာ အတူလိုက်ပါသွားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရုံးအဖွဲ့က တာဝန်ရှိသူ ဦးခွန်သာမြင့်က ပြောပါတယ်။

ခရီးထွက်ရာ လမ်းတလျှောက် လူထုတွေက သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြသလို ဒေါ်အောင်ဆန်းစုကြည်ကလည်း ရပ်ပြီးတော့ အမှာစကားတွေ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

ထားဝယ်နဲ့ မောင်းမကန်တို့မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဟောပြောမှုတွေကို သွားပြီး နားထောင်ခဲ့တဲ့ ထားဝယ်မြို့ခံ မနွယ်နွယ်ဦး ကတော့ အခုလို ပြောပါတယ်။

“မောင်းမကန်မှာ လူတွေ အများကြီးပဲရှင့်။ မောင်းမကန်မှာ ကမ်းခြေတစ်ခုလုံး ပြည့်နေတာပဲ။ တမြို့လုံးနီးပါးပဲ။ လူထုကို သူက မိနစ် ၃၀ လောက် စကားပြောတယ်ရှင့်။ ဒီမိုကရေစီနဲ့ ပတ်သက်ပြီးတော့ပဲ သူ ပြောသွားတယ်။”

ဒေါ်အောင်ဆန်းစုကြည်က ရောက်ရာအရပ်တိုင်းမှာ အမှာစကား ပြောတဲ့နေရာမှာ ပြည်သူပြည်သားတွေအနေနဲ့ ဒီမိုကရေစီရဲ့ ရပိုင်ခွင့်တွေအကြောင်း ပြောဆိုခဲ့သလို ကိုယ့်ရဲ့ရပိုင်ခွင့်ကို မှန်မှန်ကန်ကန် အသုံးချဖို့၊ ကိုယ်လိုချင်တဲ့အစိုးရကို ရွေးချယ်ပြီး ရအောင်ယူတတ်ဖို့ စတဲ့ အကြောင်းတွေ ပြောဆိုခဲ့တယ်လို့ ဦးခွန်သာမြင့်က ပြောပါတယ်။

ဒီကနေ့ ခရီးစဉ်ဟာ NLD ပါတီအတွက် စည်းရုံးရေးခရီးစဉ် သက်သက်ဖြစ်ပြီး ကြားဖြတ်ရွေးကောက်ပွဲ အတွက် မဲဆွယ်ဖို့ သွားရောက်တာ မဟုတ်ဘူးလို့ ပြောပါတယ်။ NLD ပါတီအပေါ် တနင်္သာရီတိုင်းရဲ့ အားပေးထောက်ခံမှုဟာ အလွန်ကြီးမားခဲ့ကြောင်း၊ ၂၃ နှစ်ကျော်ကာလအတွင်း မပြောင်းမလဲဘဲ ခိုင်ခိုင်မာမာ ရှိတဲ့အကြောင်း၊ ဒီလိုအစဉ်အလာတွေကြောင့် ထားဝယ်မြို့ကို ပါတီရဲ့စည်းရုံးရေး ပထမဆုံး သွားဖို့ ရွေးချယ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ဒီကနေ့ ထားဝယ်မြို့မှာ မြို့လုံးကျွတ်နီးပါးထွက်ပြီး အားပေးခဲ့တာက သက်သေပြနေကြောင်း နိုင်ငံနဲ့တဝှမ်းကို လှုပ်နှိုးလိုက်သလိုလည်း ဖြစ်တယ်လို့ ဦးခွန်သာမြင့်က ပြောပါတယ်။ ဒီကနေ့ ခရီးစဉ်တလျှောက်မှာ အနှောက်အယှက် တစုံတရာ မရှိခဲ့သလို သွားရေးလာရေး ကိစ္စတွေမှာ အဆင်ပြေ ချောမွေ့အောင် ဒေသခံရဲတပ်ဖွဲ့ဝင်တွေက ကူညီဆောင်ရွက် ပေးခဲ့တယ်လို့လည်း သိရပါတယ်။

မြန်မာ့ဒီမိုကရေစီရေး ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် NLD ပါတီ စည်းရုံးရေးအတွက် တနေ့တာခရီးစဉ်အဖြစ် ထားဝယ်မြို့ကို သွားခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG