ရန်ကုန်တိုင်း ကော့မှူးမြို့နယ်မှာ ရွေးကောက်ပွဲဝင်ဖို့ လျှောက်ထားတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ခရိုင်ရွေးကောက်ပွဲ ကော်မရှင်ဆီမှာ တွေ့ဆုံ စိစစ်ခံခဲ့ပါတယ်။ ကိုယ်စားလှယ်လောင်း လျှောက်ထားချက်ကို ခွင့်ပြု မပြု ဆုံးဖြတ်ဖို့ ကော်မရှင်နဲ့ တွေ့ဆုံပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ဘက်ကလည်း သူသိချင်တဲ့ ကိစ္စတွေကို ပြန်လည် မေးမြန်းခဲ့တဲ့အကြောင်း ဘန်ကောက်ရုံးက မစုမြတ်မွန်က အပြည့်အစုံ တင်ပြထားပါတယ်။
ဒီနေ့မနက် သန်လျင်ကို သွားတာကတော့ ရွေးကောက်ပွဲဝင်ဖို့ လျှောက်ထားတဲ့ ကိုယ်စားလှယ်လောင်းတွေ လုပ်ရိုးလုပ်စဉ်အတိုင်း ရန်ကုန် တောင်ပိုင်းခရိုင် ရွေးကောက်ပွဲ ကော်မရှင်ရုံးကို သွားတာပါ။ ရန်ကုန်တိုင်း တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ် မဲဆန္ဒနယ်မှာ လွှတ်တော် ကိုယ်စားလှယ်လောင်း နာမည်စာရင်းတင်သွင်းထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ခရိုင်ကော်မရှင်က တွေ့ဆုံပြီးတော့ စီစစ်တာဖြစ်တဲ့အကြောင်း ပြောခွင့်ရသူ ဦးဉာဏ်ဝင်းက ပြောပြပါတယ်၊
“ကိစ္စကတော့ ရွေးကောက်ပွဲ ဥပဒေပါ ရွေးကောက်ခံပိုင်ခွင့် ရှိ မရှိ၊ အရည်အချင်း သတ်မှတ်ချက်။ အဲဒါတွေနဲ့ ပတ်သက်ပြီးတော့ လျှောက်လွှာမှာ ပါတဲ့ဟာနဲ့ ဥပဒေမှာ ပါတဲ့ဟာကို တစ်ချက်ချင်း မေးပါတယ်။ ဒေါ်အောင်ဆန်းစုကြည်လည်း ဖြေပါတယ်။ ဒီနေ့ သွားရောက် တွေ့ဆုံတဲ့ကိစ္စကတော့ ပြီးစီးသွားပြီပေါ့လေ။”
ဒီနေ့မနက် ရန်ကုန် တောင်ပိုင်းခရိုင်မှာ တွေ့ဆုံစိစစ်ပွဲမှာ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌက ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ စည်းကမ်းတွေကို ဒေါ်အောင်ဆန်းစုကြည်ကို ရှင်းပြခဲ့သလို ဒေါ်အောင်ဆန်းစုကြည် ကလည်း သူသိချင်တဲ့ အကြောင်းတွေကို ပြန်လည် မေးမြန်းခဲ့ပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်က ကြိုတင်မဲတွေ ယူတာတွေနဲ့ပတ်သက်ပြီး မေးတဲ့အခါမှာလည်း ကော်မရှင်အနေနဲ့ကတော့ ဥပဒေနဲ့အညီ တည့်တည့်မတ်မတ် ဆောင်ရွက်မယ် ဆိုတဲ့အကြောင်း ပြောပြတယ်။”
၂၀၁၀ ရွေးကောက်ပွဲတုန်းက ကြိုတင်မဲတွေကြောင့် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အနိုင်ရခဲ့တယ် ဆိုတဲ့ ပြောဆိုမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ရှိခဲ့တာပါ။ လပိုင်းအတွင်းမှာ ကျင်းပတော့မယ့် ကြားဖြတ် ရွေးကောက်ပွဲတွေကျရင် လွတ်လပ် မျှတမှု ရှိဖို့ အရေးကြီးတယ် ဆိုတာကို NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အဓိက ပြောဆိုနေတာ ဖြစ်ပါတယ်။ အခုလို ကိုယ်စားလှယ်လောင်း လျှောက်ထားသူတွေကို ရွေးကောက်ပွဲ ကော်မရှင်က စိစစ်မေးမြန်းပြီးတဲ့အခါမှာ လျှောက်ထားချက်ကို ခွင့်ပြု မပြု တရားဝင်ထုတ်ပြန်မှာ ဖြစ်ပါတယ်။
“အခုဟာက ဒီ ကော်မရှင်က သူ လုပ်ရမယ့်ကိစ္စတွေကို ဒီနေ့ အပြီးအစီးလုပ်သွားပြီ။ အဲဒီတော့ အတည်ပြုဖို့ ရှိတာပေါ့နော်။ ဒေါ်စုကို ရွေးကောက်ပွဲဝင်ဖို့ အတည်ပြုဖို့ကိစ္စကတော့ ဗဟိုကော်မရှင်က စာတစ်စောင် လိုသေးတယ်။ စာက ဘာလဲဆိုတော့ ပြန်လည် ရုပ်သိမ်းဖို့ ရက် သတ်မှတ်ရမှာ။ အားလုံးအတွက် ပေါ့နော် ဘယ်နေ့နောက်ဆုံး ဆိုတာ။ အဲဒီ ရက် သတ်မှတ်လို့ရှိရင် အဲဒီရက် လွန်တာနဲ့ အတည်ပြု ကြေညာဖို့ပါ။ အဲဒီ အတည်ပြုတဲ့ ကြေညာချက်က အခု မထွက်နိုင်သေးဘူးပေါ့။”
ခုနကပြောတဲ့ ရက်သတ်မှတ်တယ် ဆိုတာကရော ဘယ်တော့လောက် သူတို့ ကြေညာဖို့ မျှော်လင့်ထားပါသလဲ။ -
“ကျနော်ကတော့ ဒီရက်ပိုင်းအတွင်း ထွက်မယ်လို့ပဲ ထင်ပါတယ်။ ဘာလို့လဲဆိုတော့ ၁၀ ရက်နေ့အထိ စိစစ်ဖို့ထားတယ်လေ။ တတိုင်းတပြည်လုံး အနေနဲ့။ အဲဒီတော့ ၁၀ ရက် အတွင်းလား၊ ဟိုဘက်မှာလား အဲဒါတော့ ကျနော်တို့ မသိသေးဘူး။ ထွက်မှပဲ သိမှာပဲ။”
ဧပြီလမှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ကိုယ်စားလှယ် လစ်လပ်နေတဲ့ မဲဆန္ဒနယ် ၄၈ နေရာအတွက် NLD နဲ့ လက်ရှိအာဏာရ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အပါအဝင် ပါတီပေါင်း ၁၉ ပါတီက ဝင်ရောက်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။