သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွတ်လပ်စွာ မဲပေးဖို့ သုံးခွလူထုကို ဒေါ်စု တိုက်တွန်း


လွတ်လပ်စွာ မဲပေးဖို့ သုံးခွလူထုကို ဒေါ်စု တိုက်တွန်း
လွတ်လပ်စွာ မဲပေးဖို့ သုံးခွလူထုကို ဒေါ်စု တိုက်တွန်း

သုံးခွမြို့နယ်ကို စည်းရုံးရေး ခရီးသွားရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်က ကြားဖြတ်ရွေးကောက်ပွဲမှာ ဆန္ဒအတိုင်း လွတ်လွတ်လပ်လပ် မဲပေးကြဖို့၊ ကိုယ့်စိတ်ကြိုက် အစိုးရကို ဖန်တီးနိုင်ခွင့်လည်း လက်ဝယ်ပိုင်ပိုင် ရယူကြဖို့ လူထုကို တိုက်တွန်းလိုက်ပါတယ်။ အားကစားကွင်းတွေမှာ မဲဆွယ်ခွင့် မရတဲ့ NLD ပါတီက သုံးခွ မဲဆွယ်ပွဲကို လယ်ကွင်းတွေထဲမှာ လုပ်ဆောင်ခဲ့ပါတယ်။ မသိင်္ဂီထိုက်က အပြည့်အစုံ တင်ပြထားပါတယ်။

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ သုံးခွမြို့ကို မဲဆွယ်စည်းရုံးရေး ခရီး သွားရောက်ပြီး သုံးခွမြို့ခံ လူထုနဲ့ တွေ့ဆုံပါတယ်။ ဒီမဲဆန္ဒနယ်မှာ NLD ပါတီ ကိုယ်စားလှယ်လောင်း အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယ့် ဒေါ်စုစုလွင် ကိုလည်း သုံးခွမြို့ခံ လူထုနဲ့ မိတ်ဆက်ခဲ့ပါတယ်။ NLD အနေနဲ့ ဆင်းရဲမွဲတေမှုကို လူထုနဲ့အတူ ပူးပေါင်း တိုက်ဖျက်သွားမယ်၊ ပညာရေး ကဏ္ဍကိုလည်း မြှင့်တင်ချင်တယ်၊ ဒါပေမဲ့လို့လည်း လူထုက ပူးပေါင်းပါဝင်မှ ဖြစ်ထွန်းလာမှာ ဖြစ်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုပါတယ်။ ဒါ့အပြင် ကြားဖြတ်ရွေးကောက်ပွဲမှာ NLD ပါတီအနေနဲ့ တက်တက်ကြွကြွ ဆောင်ရွက်နေတာနဲ့ ပတ်သက်ပြီးလည်း အခုလို ပြောဆိုပါတယ်။

“အားလုံးက တက်ပြီးတော့ အစိုးရ လုပ်နိုင်လားဆိုတော့ မလုပ်နိုင်ဘူး။ ဒါကြောင့်မိုလို့ ကျမတို့ ရွေးကောက်ပွဲတွေ လုပ်တာပေါ့။ အဲဒီတော့ ပြည်သူတွေ အနေနဲ့ ကိုယ် လိုချင်တဲ့အစိုးရမျိုးကို ကိုယ်တင်မြှောက်နိုင်အောင်လို့ ရွေးကောက်ပွဲ လုပ်တယ်ဆိုတာ ဒါကြောင့်လုပ်တာ ဖြစ်ပါတယ်။ ဒါကြောင့် ကျမတို့ အခု ဒီကြားဖြတ် ရွေးကောက်ပွဲအတွက် မဲဆွယ်ဖို့ ကျမတို့ လာကြတယ်။ ကြားဖြတ် ရွေးကောက်ပွဲဟာ တကယ်တော့ နေရာ ၄၈ နေရာပဲ ရှိပါတယ်။ ဒီ နေရာ ၄၈ နေရာအတွက်ကို ဘာဖြစ်လို့ ဒီလောက်တောင်မှ ကျမတို့ကနေပြီးတော့ ဇွဲလုံ့လ ဝီရိယ စိုက်ပြီးတော့ မဲတွေရအောင် ကြိုးစားနေလဲ ဆိုတော့ အကြောင်းက နှစ်ကြောင်း ရှိပါတယ်။ တစ်ကြောင်းကတော့ ကျမတို့ မြန်မာတွေ အများသိတဲ့ အပြောလိုပေါ့နော်၊ အဆိုရှိတယ်မဟုတ်လား၊ ကေသရာဇာ ခြင်္သေ့မင်းဆိုတာ သားကောင်း အကြီးကြီးပဲဖြစ်စေ၊ အငယ်လေးပဲဖြစ်စေ တူသော လုံ့လ ဝီရိယနဲ့ လိုက်တယ်ဆိုတာ ဒီအတိုင်းပါပဲ။ ကျမတို့ဟာ ရွေးကောက်ပွဲ ဝင်မယ်လို့ ဆုံးဖြတ်ပြီးမှ ရွေးကောက်ပွဲ အကြီးကြီးပဲ ဖြစ်ဖြစ်၊ အသေးလေးပဲဖြစ်ဖြစ် ကျမတို့ နိုင်အောင်လို့ ဝင်မှာဖြစ်ပါတယ်။”

ဒီခရီးစဉ်မှာ လမ်းတလျှောက်က ဒေသခံ လူထုက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကားတန်းဘေးကနေ အတူ လိုက်ပါခဲ့ပြီး ဒေသခံ အာဏာပိုင်တွေက လုံခြုံရေး တာဝန်ယူပေးခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရုံးအဖွဲ့ဝင် ဦးခွန်သာမြင့်က ပြောပါတယ်။

“သွားတဲ့နေရာတွေကလည်း ဆင်းရဲကြတာကိုး။ ဆင်းရဲကြတဲ့အခါကျတော့ ပြောတိုင်းပြောတိုင်းလည်း အဲဒီ ဆင်းရဲတဲ့ဟာ ပပျောက်ဖို့အတွက် လုပ်ရမယ့်အလုပ်တွေပေါ့။ အဲဒီတော့ လုပ်တယ်ဆိုတာ၊ ကျနော်တို့ ဒေါ်အောင်ဆန်းစုကြည် ဆိုတာကလည်း နတ်ဒေဝတာ မဟုတ်တဲ့အခါကျတော့ ဥုံ ဖွ ဆိုပြီး မန်းလို့မရတော့ လုပ်လို့ရနိုင်သမျှ လုပ်ဖို့ ကြိုးစားမယ်။ ပြည်သူတွေကလည်း ပါဖို့လိုတယ် ဆိုတာကိုလည်း အများကြီး တိုက်တွန်းပြီး ပြောပါတယ်။ အဓိက ကတော့ ပြောဖြစ်တာတွေကတော့ မဲဆွယ်စည်းရုံးရေး ဆိုတဲ့အတိုင်းပဲ ဒေါ်စုစုလွင် အတွက် မဲဆွယ်ပေးတာပေါ့။ အဲဒါနဲ့ တပါတည်းပဲ NLD ရဲ့ လုပ်ကိုင်ခဲ့တဲ့အကြောင်း၊ ဆက်လုပ်မယ့် အလုပ်တွေ အဲဒါတွေကို အဓိကထား ပြောပါတယ်။ ပရိသတ်ကလည်း အင်မတန် အားတက်သရော ရှိကြပါတယ်။ ရန်ကုန်က စထွက်ကတည်းက သာကေတ၊ ဒေါပုံ၊ တညင် အဲဒီမြို့နယ်တွေက အကုန်လုံး ထွက်ကြိုကြတော့ ကျနော်တို့ အကုန်လုံး မှန်းထားတာထက် အများကြီး နောက်ကျပြီးတော့မှ သုံးခွကို ရောက်ပါတယ်။ သုံးခွ မှာလည်း မှောင်ခါနီးအထိ၊ မှောင်ခါနီးတောင် မဟုတ်ပါဘူး၊ မှောင်တဲ့အထိပါပဲ အဲဒီလောက်အထိ ပြောသွားပါတယ်။ ကောင်းပါတယ်။ လုံခြုံရေးကလည်း သုံးခွ ရောက်တော့လည်း ရဲတို့ ဘာတို့က အကုန် ရှင်းပေး ကူပေးပေါ့။ အဲဒီလို လုပ်ကြပါတယ်။ ကျနော်တို့ဘက်က လုပ်ထားတဲ့ အစီအစဉ်လေးတွေလည်း အဆင်ပြေပါတယ်။”

သုံးခွမြို့ လယ်ကွင်းတွေထဲမှာ လုပ်ခဲ့တဲ့ မဲဆွယ်စည်းရုံးရေး ခရီးစဉ်မှာ သုံးခွဒေသခံတွေ အပြင် အနီးအနား ဒေသတွေကလည်း လာရောက်ခဲ့ကြပါတယ်။ NLD ပါတီအနေနဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရဲ့ စည်းကမ်းအရ မဲဆွယ်စည်းရုံးရေး ခရီးတွေမှာ အားကစားကွင်းတွေကို အသုံးပြုခွင့် မရတော့တဲ့ အတွက် အခုလို ကွင်းပြင် ကွင်းလပ်တွေမှာ လိုက်လံ ပြုလုပ်နေရတာ ဖြစ်ပါတယ်။ နောက်လ ၃ ရက်နေ့ နဲ့ ၄ ရက်နေ့ မန္တလေးနဲ့ စစ်ကိုင်းမဲဆွယ် ခရီးစဉ်တွေမှာလည်း ကွင်းပြင်တွေ သောင်ပြင်တွေမှာ ပြုလုပ်ရမှာ ဖြစ်တယ်လို့ ပါတီရဲ့ ပြန်ကြားရေးမှူး ဦးအုန်းကြိုင်က ပြောပါတယ်။

“ချမ်းမြသာစည် မြို့နယ် အောင်ပင်လယ် ရပ်ကွက်၊ အောင်ဇေယျ လမ်းနဲ့ ၅၇ လမ်းထောင့်။ အဲဒီမှာရှိတဲ့ကွင်းမှာ မြူနီစီပယ် မြို့တော်ဝန်၊ မြူနီစီပယ် ရုံးကပေါ့ မန္တလေး စည်ပင်သာယာက ပိုင်တဲ့ကွင်းမှာခင်ဗျ။ အဲဒီ ရှမ်းပြည်နယ် ခရီးစဉ်ကတော့ ကွင်း ဘယ်နေရာ ရထားတယ်ဆိုတာ မနက်ဖြန်ခါကျမှ ဒီက တာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေ တက်သွားပြီးတော့မှ တိတိကျကျ သိမှာပါ။ မန္တလေး၊ စစ်ကိုင်းကတော့ ကျနော်တို့ မန္တလေးတိုင်းကနေ စီစဉ်တာပါ။ အဲဒါတွေကတော့ ရပါပြီခင်ဗျ။ စစ်ကိုင်းကလည်း မြို့ထိပ်က ကွင်းပြင်တစ်ခုပါခင်ဗျ။ သဲသောင်ပြင် လို ကွင်းပြင်ကြီးတစ်ခုပါပဲ၊ အဲဒီမှာပါ။ ကျနော်တို့ မြစ်နံဘေးမှာပါ။”

ဒေါ်အောင်ဆန်းစုကြည်ကတော့ လာမယ့် ကြားဖြတ် ရွေးကောက်ပွဲ အတွက် လစ်လပ်နေရာ ဒေသတွေ အားလုံးကို သွားရောက်ပြီး မဲဆွယ်စည်းရုံးဖို့ ဆန္ဒရှိနေတာ ဖြစ်တယ်လို့လည်း ပါတီရဲ့ ပြန်ကြားရေး ဌာနက ပြောပါတယ်။ လာမယ့် ရက်ပိုင်း အတွင်းမှာပဲ ရှမ်းပြည်နယ်၊ မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်း တို့ကို သွားရောက်ဖို့လည်း ရှိနေပါတယ်။

XS
SM
MD
LG