သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သိက္ခာရှိတဲ့ အောင်ပွဲဖြစ်ဖို့ ဒေါ်စု သတိပေး


တနင်္ဂနွေနေ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် အနိုင်ရတယ်လို့ ဆိုပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကို ထောက်ခံသူတွေ အောင်ပွဲခံ ပျော်ရွှင်နေကြချိန်မှာ ပြည်သူတွေရဲ့ ပျော်ရွှင်မှုကနေ တဘက် အဖွဲ့အစည်းနဲ့ ပုဂ္ဂိုလ်တွေကို ထိခိုက်စေမယ့် အပြောအဆို အမူအရာတွေ မဖြစ်စေဖို့ ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သတိပေးစာ ထုတ်ပြန်လိုက်ပါတယ်။ တချိန်တည်းမှာလည်း ရွေးကောက်ပွဲ ဖြစ်စဉ်တလျှောက် ပါဝင်ခဲ့ကြတဲ့ ပြည်သူတွေကို အမေရိကန်က ချီးကျူးလိုက်သလို မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးအတွက် ဆက်လက် ကူညီအားပေးသွားမယ့် အကြောင်းလည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုပါတယ်။ မခင်ဖြူထွေးက အပြည့်စုံ တင်ပြထားပါတယ်။

အခုနောက်ဆုံး ထွက်ပေါ်လာတဲ့ ရွေးကောက်ပွဲ ရလဒ်တွေအရ ရန်ကုန်တိုင်း တောင်ပိုင်း ကော့မှူးမြို့ မဲဆန္ဒနယ်မှာ ဒေါ်အောင်ဆန်းစုကြည် အနိုင်ရရှိခဲ့သလို၊ NLD ပါတီက ဝင်ရောက်ယှဉ်ပြိုင်တဲ့ ၄၄ နေရာမှာ မဲဆန္ဒနယ် အများစုကို အနိုင်ရနေပြီလို့ ဆိုပြီး NLD ပါတီကို ထောက်ခံသူတွေ ဝမ်းသာအားရ အောင်ပွဲ ဆင်နွှဲနေကြတာပါ။ ရန်ကုန်မြို့မှာ ရာပေါင်းများစွာသော လူထုတွေ လမ်းမတွေပေါ်ကို ထွက်ပြီး ကြွေးကြော်သံတွေနဲ့ သီချင်းတွေဆို၊ အော်ဟစ်ကခုန်ပြီး NLD ပါတီအတွက် အောင်ပွဲခံခဲ့ကြတာ ဖြစ်ပါတယ်။ ဒီအချိန်မှာပဲ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က လူထုကို အသိပေးချက်တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။ NLD ပါတီ အနိုင်ရတဲ့အတွက် ပြည်သူလူထုတွေ ပျော်ရွှင်ကြတာ သဘာ၀ ကျပါတယ်၊ ဒါပေမဲ့ တဘက်အဖွဲ့အစည်းနဲ့ ပုဂ္ဂိုလ်တွေကို စိတ်ထိခိုက်၊ စိတ်မကောင်းဖြစ်စေမယ့် အပြောအဆို အမူအရာ၊ အလုပ်အကိုင်တွေကိုတော့ လုံး၀ ရှောင်ရှားကြဖို့နဲ့ ပြည်သူရဲ့ အောင်မြင်မှုဟာ သိက္ခာရှိတဲ့ အောင်မြင်မှု ဖြစ်ဖို့ ပါတီဝင်အားလုံးက အထူးသတိပြုစေလိုတယ်လို့ ဆိုပြီးတော့ ဒေါ်အောင်ဆန်းစုကြည်က ကြေညာချက် ထုတ်ပြန် သတိပေးလိုက်တာ ဖြစ်ပါတယ်။

တချိန်တည်းမှာလည်း မြန်မာနိုင်ငံ ကြားဖြတ် ရွေးကောက်ပွဲနဲ့ပတ်သက်လို့ သတိနဲ့ အကောင်းမြင်တဲ့အကြောင်း အီစတန်ဘူလ်မြို့မှာ အစည်းအဝေး တက်ရောက်နေတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က တနင်္ဂနွေနေ့က ပြောခဲ့ပါတယ်။

“မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ကျမ စကား နည်းနည်းပြောချင်ပါတယ်။ ဒီကနေ့ ကျင်းပတဲ့ လွှတ်တော် ရွေးကောက်ပွဲကို ကျမ စိတ်ဝင်တစား စောင့်ကြည့်နေတာပါ။ ရလဒ်တွေကို တရားဝင် ထုတ်ပြန် မကြေညာသေးပေမဲ့ ဒီရွေးကောက်ပွဲမှာ ပါဝင်ဆင်နွှဲခဲ့ကြတဲ့ မြန်မာပြည်သူတွေ…. ဒီလူတွေအများစုက ပထမဆုံးအကြိမ် ပါဝင်ခဲ့ကြသူတွေပါ၊ နောက် မဲဆွယ်လှုပ်ရှားမှုတွေနဲ့ ရွေးကောက်ပွဲဖြစ်စဉ် တလျှောက် ပါဝင်ခဲ့ကြသူတွေ၊ သူတို့အားလုံးကို ချီးကျူးဂုဏ်ယူပါတယ်။ ဒီလို ပြုပြင် ပြောင်းလဲရေး ကြိုးပမ်းမှုတွေကို ထောက်ခံ အားပေးသွားဖို့လည်း ကျမတို့တွေ အခိုင်အမာ ဆုံးဖြတ်ထားပါတယ်။”

အခုကျင်းပတဲ့ ရွေးကောက်ပွဲတွေ တရားမျှတမှု ရှိမရှိ ဆိုတာကို စောင့်ကြည့်ပြီး မြန်မာနိုင်ငံအပေါ် ဒဏ်ခတ် အရေးယူမှုတွေ အပြောင်းအလဲ လုပ်သင့်မသင့် ဆိုတာကို စဉ်းစားမယ့် အကြောင်း အမေရိကန်နဲ့ ဥရောပသမဂ္ဂ တို့က အချက်ပြ ပြောဆိုထားတာရှိပါတယ်။ ဒါပေမဲ့ အခုရွေးကောက်ပွဲ ရလဒ်တခုတည်းကိုပဲ ကြည့်ပြီး မြန်မာအပေါ် ဒဏ်ခတ် ပိတ်ဆို့မှုတွေ မရုတ်သိမ်းသင့်တဲ့အကြောင်း အမေရိကန် အောက်လွှတ်တော်အမတ် ဂျိုးဇက်ခရိုလီ (Joseph Crowley) က သတိပေး ပြောဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်တွင်း တရားဝင် လှုပ်ရှားနိုင်တဲ့ အခြေအနေအထိ စောင့်ကြည့် သွားကြရမှာ ဖြစ်သလို အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးနဲ့ ပတ်သက်ပြီး အကျဉ်းကျနေသူတွေ ဆက်ပြီးရှိနေတာ၊ တိုင်းရင်းသားဒေသတွေမှာ အကြမ်းဖက်မှုတွေ ဆက်လက် ဖြစ်ပွားနေတာတွေနဲ့ အစိုးရတွင်း စစ်တပ်ပိုင်းက ကြီးစိုးထားတဲ့ အခြေအနေ မပြောင်းလဲသေးတာ စတဲ့ အချက်တွေကိုပါ ထည့်သွင်း စဉ်းစားသွားရမှာ ဖြစ်တဲ့အကြောင်း မစ္စတာ ခရိုလီက သတိပေးပြောဆိုလိုက်တာ ဖြစ်ပါတယ်။

အခုကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲကို ဒေသတွင်း နိုင်ငံတွေနဲ့ ဥရောပနိုင်ငံတွေက လေ့လာ စောင့်ကြည့်သူတချို့ ပထမဆုံးအကြိမ် လာရောက် လေ့လာခွင့်ရခဲ့ပါတယ်။ ဒါပေမဲ့ လေ့လာသူတွေအနေနဲ့ ကြိုဆင်ပြင်ဆင်ခွင့် မရခဲ့ကြတဲ့အတွက် လေ့လာကြည့်ရှုရုံ သက်သက်သာဖြစ်ပြီး ရွေးကောက်ပွဲတွေကို မော်နီတာလုပ် စောင့်ကြပ်စစ်ဆေးတဲ့ အဆင့်တော့ မရောက်ဘူးလို့ ရွေးကောက်ပွဲ လေ့လာသူတွေ ကိုယ်တိုင်က ပြောဆိုထားပါတယ်။

အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံ အတွင်းရေးမှူးချုပ် ဆူရင်းပစ်ဆူဝမ် (Surin Pitsuwan) ကတော့ ရွေးကောက်ပွဲ မသမာမှုတွေ ရှိခဲ့တယ်ဆိုတဲ့ တိုင်ကြားချက်တွေ၊ သတင်းတွေ ထွက်ခဲ့ပေမဲ့ ဆိုးဆိုးရွားရွား အခြေအနေမှာ မရှိခဲ့ဘဲ ရွေးကောက်ပွဲတွေ ချောချောမောမော ပြီးစီးခဲ့တဲ့အကြောင်း အစီရင်ခံချက်တွေအရ သိရတယ်လို့ ပြောပါတယ်။

ဒါပေမဲ့ ရွေးကောက်ပွဲတွင်း တချို့ မြို့နယ်တွေမှာ မဲကတ်ပြားတွေမှာ ဖယောင်းသုတ်ပြီး ပယ်မဲဖြစ်အောင် လုပ်တာ၊ မဲပေးသူတွေကို ခြိမ်းခြောက် အကြပ်ကိုင်တာတွေအပြင် မဲစာရင်းပြဿနာတွေ ရှိခဲ့တဲ့အကြောင်းနဲ့ ဒီလို မဲသမာမှုတွေကို ပြည်ထောင်စုကော်မရှင် အနေနဲ့ အရေးယူပေးဖို့ NLD ပါတီက ကြေညာချက် ထုတ်ပြန်ပြီး တောင်းဆိုထားပါတယ်။

XS
SM
MD
LG