သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံ ပဋိပက္ခ နိုင်ငံတကာက နားလည်ရေး ဒေါ်စုရှင်းလင်း


Singapore Summit ထိပ်သီးညီလာခံမှာ မိန့်ခွန်းပြောကြားနေသော ဒေါ်အောင်ဆန်းစုကြည်။ (ဓာတ်ပုံအား ဦးထွန်းဝေ၏ facebook မှ ကူးယူဖော်ပြပါသည်။)
Singapore Summit ထိပ်သီးညီလာခံမှာ မိန့်ခွန်းပြောကြားနေသော ဒေါ်အောင်ဆန်းစုကြည်။ (ဓာတ်ပုံအား ဦးထွန်းဝေ၏ facebook မှ ကူးယူဖော်ပြပါသည်။)
မြန်မာနိုင်ငံမှာ လူမှုအသိုင်းအဝိုင်းတွေကြား ဘာကြောင့် ပဋိပက္ခတွေ ဖြစ်နေရ သလဲဆိုတဲ့ အကြောင်းအရင်းကို နိုင်ငံတကာအနေနဲ့ ထဲထဲဝင်ဝင် နားလည်အောင်လုပ်ကြဖို့ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။

မွတ်ဆလင်တွေနဲ့ ဗုဒ္ဓဘာသာဝင်တွေကြားမှာဖြစ်နေတဲ့ ပြဿနာလို့ အပေါ်ယံ မမြင်ကြဘဲ အခြေအနေကို အတွင်းကျကျ နားလည်အောင် လုပ်ကြဖို့နဲ့ တဘက် အသိုင်းအဝိုင်းကို အပြစ်တင်တာမျိုး မလုပ်ကြဖို့ Singapore နိုင်ငံမှာကျင်းပခဲ့တဲ့ Singapore Summit ထိပ်သီးဆွေးနွေးပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ပြော သွားပါတယ်။

ကမ္ဘာတဝန်းက ထိပ်တန်းဘဏ္ဍာရေးနဲ့စီးပွားရေးခေါင်းဆောင်တွေ တက်ရောက်ကြတဲ့ ထိပ်သီးဆွေးနွေးပွဲမှာ မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးမှု မရှိတာက ပြည်ပရင်းနှီးမြှုပ်နှံသူတွေကို ဟန့်တားသလိုဖြစ်နေတယ်လို့ ဒေါ်အောင်ဆန်းစုကြည် ပြောကြားသွားခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုတွေ ရနေပေမဲ့ ငြိမ်းချမ်းရေးရရှိအောင် မလုပ်နိုင်သေးတဲ့ အပြင် လူမှုအသိုင်းအဝိုင်းတွေကြား တင်းမာမှုတွေ ရှိနေတယ်၊ အကြမ်းဖက်မှုတွေရှိနေတယ်၊ ဒီပြဿနာတွေကို မဖြေရှင်းရင် ရင်းနှီးမြှုပ်နှံ သူတွေ စိတ်ချလက်ချ လာရောက်ရင်းနှီးမြှုပ်နှံချင်တဲ့ ပတ်ဝန်းကျင်မျိုး ဖန်တီးနိုင်မှာ မဟုတ်ဘူးလို့ ထောက်ပြသွားပါတယ်။

လောလောဆယ် မြန်မာနိုင်ငံမှာ နိုင်ငံခြားကလာရောက် ရင်းနှီးမြှုပ်နှံနေမှုဟာ မျှော်လင့်ထားသလောက် မဟုတ်သေးတဲအကြောင်းနဲ့ တရားဥပဒေစိုးမိုးမှု မရှိသေးတဲ့အတွက် ရင်းနှီးမြှုပ်နှံသူတွေဘက်က သူတို့ရဲ့ မြှုပ်နှံမှုတွေဟာ စိတ်ချ ယုံကြည်ရရဲ့လားလို့ စိုးရိမ်နေကြဆဲဖြစ်ကြောင်းတွေက ဒေါ်အောင်ဆန်းစုကြည်က ပြောကြားဆွေးနွေးပါတယ်။

နိုင်ငံခြားကုမ္ပဏီတွေအနေနဲ့ မြန်မာနိုင်ငံမှာ နိုင်ငံရေးအခြေအနေ တည်ငြိမ်တဲ့ အထိ စောင့်သင့်သလားဆိုတဲ့ အမေးကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ပြန်ဖြေတာကတော့ ကုမ္ပဏီတွေကို နိုင်ငံထဲကနေ ထွက်သွားဖို့ အကြံပေးမှာ မဟုတ်ဘဲ ဆက်ပြီး ရင်းနှီးမြှုပ်နှံမှုတွေ လုပ်သွားစေချင်ပါတယ်။ ဒါပေမဲ့ တတ်နိုင်သမျှ တာဝန်သိသိနဲ့ ရင်းနှီးမြှုပ်နှံကြဖို့ပြောချင်ပါတယ်လို့ ပြန်ဖြေသွားခဲ့ပါတယ်။

နိုင်ငံခြား ကုမ္ပဏီတွေအနေနဲ့ သူတို့လုပ်ငန်းတွေကို ထင်သာမြင်သာ ရှိအောင်လုပ်ဖို့ အရေးကြီးကြောင်းကိုလည်း အလေးထားပြောသွားပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံရေး စီးပွားရေးတိုးတက်အောင်လုပ်ဖို့ အာမခံထားတဲ့ မြန်မာ အစိုးရအနေနဲ့ ခိုင်မာတဲ့ တရား ဥပဒေ စိုးမိုးရေးစနစ်ကို တည်ဆောက်နိုင်ဖို့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ဖို့ လိုအပ်တယ်လို့ Singapore Summit ထိပ်သီးညီလာခံမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။ Singapore နိုင်ငံခြားရေး ဝန်ကြီးလည်းဖြစ်၊ တရားဥပဒေရေးရာဝန်ကြီးလည်းဖြစ်တဲ့ K Shanmugam ရဲ့ ဖိတ်ကြားချက်နဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ သောကြာနေ့ ထဲက စင်္ကာပူမှာ ရောက်ရှိနေပြီး အင်္ဂါနေ့အထိရှိနေမှာဖြစ်ပါတယ်ရှင်။
XS
SM
MD
LG