ကမ္ဘာပေါ်မှာ သြဇာအကြီးမားဆုံး အမျိုးသမီး ၁၀၀ စာရင်းထဲမှာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ထည့်သွင်း သတ်မှတ်လိုက်ပါတယ်။ အမေရိကန်နိုင်ငံမှာ ထုတ်ဝေတဲ့ နာမည်ကျော် Forbes မဂ္ဂဇင်းကြီးက နှစ်စဉ်ထုတ်ပြန်တဲ့ စာရင်းထဲမှာ အခုလို ဖော်ပြထားတာပါ။
လွန်ခဲ့တဲ့ ၂၁ နှစ်အတွင်း ၁၅ နှစ်က နေအိမ်အကျယ်ချုပ် ချခံထားခဲ့ရပြီးတော့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကမှ ပြန်လည် လွတ်မြောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်အတွက် ၂၀၁၁ ခုနှစ်ဟာ အရေးပါတဲ့ နှစ်တနှစ် ဖြစ်တယ်လို့ Forbes မဂ္ဂဇင်းရဲ့ အင်တာနက် စာမျက်နှာမှာ ရေးထားပါတယ်။
အရေးပါတဲ့ ဖြစ်ရပ်တခုအဖြစ် ဖော်ပြပြောဆိုတဲ့ မြန်မာအစိုးရ သမ္မတ ဦးသိန်းစိန်နဲ့ မကြာသေးခင်က ပထမဆုံးအကြိမ် တွေ့ဆုံခဲ့တာကိုလည်း Forbes မဂ္ဂဇင်းက အထူး ဖော်ပြထားပါတယ်။
ဖခင်ဖြစ်သူက လွတ်လပ်ရေးတိုက်ပွဲ ခေါင်းဆောင်၊ မိခင်ဖြစ်သူက အိန္ဒိယနဲ့ နီပေါလ်နိုင်ငံတို့မှာ သံအမတ်အဖြစ် တာဝန် ထမ်းဆောင်ခဲ့သူတွေ ဖြစ်ကြပြီး ဒေါ်အောင်ဆန်းစုကြည်က ၁၉၈၈ ခုနှစ်မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ထူထောင်ပြီး ငြိမ်းချမ်းစွာ တိုက်ပွဲဝင်ခဲ့ကြောင်း၊ အကျဉ်းချခံခဲ့ရပေမဲ့ ပါတီရဲ့ အတွင်းရေးမှူးချုပ်အဖြစ် တောက်လျှောက် တာဝန်ထမ်းဆောင်ခဲ့ပြီးတော့ ၁၉၉၁ ခုနှစ်မှာ နိုဘဲလ် ငြိမ်းချမ်းရေးဆု ချီးမြှင့်ခံခဲ့ရသူ ဖြစ်တယ်လို့ Forbes မဂ္ဂဇင်းက ရေးသားထားပါတယ်။
ကမ္ဘာ့ သြဇာအကြီးဆုံး အမျိုးသမီး ၁၀၀ စာရင်းမှာ နံပါတ် ၁ က ဂျာမန်ဝန်ကြီးချုပ် အန်ဂလာ မာကဲလ် (Angela Merkel)၊ နံပါတ် ၂ က အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) နဲ့ နံပါတ် ၃ မှာ ဘရာဇီးလ် သမ္မတ ဒီလ်မာ ရူးဆက်ဖ် (Dilma Roussef) တို့ကို အသီးသီး ဖော်ပြထားပြီး ဒေါ်အောင်ဆန်းစုကြည်ကိုတော့ Forbes မဂ္ဂဇင်းက နံပါတ် ၂၆ မှာ ဖော်ပြထားပါတယ်။