သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Fortune မဂ္ဂဇင်းရဲ့ ကမ္ဘာ့ အကြီးမြတ်ဆုံးခေါင်းဆောင် ၅၀ စာရင်းထဲ ဒေါ်စု ပါဝင်


ကမ္ဘာ့အကြီးမြတ်ဆုံးခေါင်းဆောင်စာရင်း နံပတ်တစ် စာရင်းဝင် ပုပ်ရဟန်းမင်းကြီးနှင့် နံပတ်ခြောက် စာရင်းဝင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် တွေ့ဆုံကြစဉ်။
ကမ္ဘာ့အကြီးမြတ်ဆုံးခေါင်းဆောင်စာရင်း နံပတ်တစ် စာရင်းဝင် ပုပ်ရဟန်းမင်းကြီးနှင့် နံပတ်ခြောက် စာရင်းဝင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် တွေ့ဆုံကြစဉ်။
အမေရိကန်က နံမည်ကျော် စီးပွားရေး မဂ္ဂဇင်း Fortune ရဲ့ ၂၀၁၄ ခုနှစ်အတွက် ကမ္ဘာ့အကြီးမြတ်ဆုံးခေါင်းဆောင် အယောက် ၅၀ စာရင်းကို မနေ့ကထုတ်ပြန် ခဲ့တာမှာ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လည်း ပါဝင်ပါတယ်။ အများ အကျိုး ဆောင်ရွက်တဲ့နေရာမှာ ခိုင်မာတဲ့ ဦးဆောင်မှု ပေးနိုင်သူတွေ၊ မဟာဗျူဟာတွေကို မှန်မှန်ကန်ကန် ချမှတ် အကောင်အထည် ဖော်နိုင်သူတွေ၊ လိုရာပန်းတိုင်ရောက်တဲ့ အထိ အလျော့မပေး ဦးဆောင်မှုပေးတဲ့သူတွေ၊ ကြိုတင်မမြင်နိုင်တဲ့ ပြဿနာတွေ၊ ပဋိပက္ခတွေ ရင်ဆိုင်ရတဲ့အခါ မှန်မှန်ကန်ကန် တုံ့ပြန် ဆောင်ရွက်နိုင်သူတွေလို့ ယူဆရသူတွေကို ဒီစာရင်းထဲမှာ ထည့်သွင်းထားတာပါ။

အခုထုတ်ပြန်လိုက်တဲ့ အယောက် ၅၀ စာရင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အဆင့် ၆ နေရာမှာ ရှိနေတာပါ။ အခုလို ဒေါ်အောင်ဆန်းစုကြည်ကို ကမ္ဘာ့အကြီးမြတ်ဆုံး ခေါင်းဆောင်တွေထဲက တစ်ဦးအဖြစ် Fortune Magazine က ရွေးချယ်ခဲ့တာနဲ့ပတ်သက်ပြီး စာရေးဆရာ ပြည်သူ့ခေတ်ဂျာနယ် အတိုင်ပင် အယ်ဒီတာ ဦးဖေမြင့်ကတော့ မြန်မာနိုင်ငံအတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပေးဆပ်
မှုတွေကြောင့် ဖြစ်တယ်လို့ အခုလို ပြောပါတယ်။

"ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၈၈ခုနှစ်ကစပြီးတော့မှ မြန်မာပြည်မှာ ဒီမိုကရေစီရရှိရေး၊ မြန်မာလူမျိုးတွေ၊ မြန်မာနိုင်ငံသားတွေ၊ လွတ်လပ်တဲ့ဘဝကို ရရှိရေးအတွက်ကို သူအစဉ်တစိုက် ကြိုးစားအားထုတ်ခဲ့တယ်ဗျာ။ အဲ့တာ ကနေ့အထိလည်း သူဆက်လက်ဆောင်ရွက်နေတယ်။ အဲဒီ့အပေါ်မူတည်ပြီးတော့ သူ့ကို ရွေးချယ်တယ်လို့ပဲ အဲလိုပဲ ယူဆတယ်ခင်ဗျ။"

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဆုတွေအများကြီး ရခဲ့ဖူးတာကြောင့် ဒီဆုဟာ သူ့အတွက် အထူးအဆန်း မဟုတ်ပေမဲ့လည်း မြန်မာနိုင်ငံအတွက် သူ့ရဲ့ ဆက်လက် ကြိုးပမ်းမှုတွေမှာ အားအင်တခု ဖြစ်စေလိမ့်မယ်လို့လည်း ဆရာဦးဖေမြင့် က ပြောဆိုခဲ့ပါတယ်။

အခုထုတ်ပြန်လိုက်တဲ့ စာရင်းထဲမှာ ကမ္ဘာ့နိုင်ငံရေးခေါင်းဆောင်တွေ၊ ဘာသာရေးခေါင်းဆောင်တွေ၊ ဟောလိဝုဒ် အနုပညာရှင်တွေ၊ စီးပွားရေး ပညာရှင်တွေ၊ ပညာရေး ရှေ့ဆောင်လှုပ်ရှားသူတွေ ဒီစာရင်းမှာ ပါဝင်ပြီး၊ ထိပ်ဆုံး နံပါတ်တစ် နေရာမှာတော့ ပုပ်ရဟန်းမင်းကြီး Francis ကို ဖော်ပြထားပါတယ်။

ဂျာမနီ ဝန်ကြီးချုပ် အန်ဂလာမာခဲလ်က ဒုတိယနေရာမှာရှိပြီး အမေရိကန်သမ္မတဟောင်း ဘေကလင်တန်က နံပါတ် ၅၊ တိဘက်ဘုန်းတော်ကြီး ဒလိုင်းလားမားက နံပါတ် ၆ နေရာတွေမှာ ရှိနေတာဖြစ်ပါတယ်။ Fortune Magazine ရဲ့ ကမ္ဘာ့အကြီးမြတ်ဆုံး ခေါင်းဆောင် အယောက် ၅၀ စာရင်းထဲမှာ အမေရိကန်သမ္မတ ဘရက်အိုဘားမား မပါဝင်တဲ့အတွက်တော့ အတော်များများက အံ့အားသင့်နေကြပါတယ်။
XS
SM
MD
LG