သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးရေး ကြိုးပမ်းပေးဖို့ ဒေါ်စုပန်ကြား


မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးရေး ကြိုးပမ်းပေးဖို့ ဒေါ်စုပန်ကြား
မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးရေး ကြိုးပမ်းပေးဖို့ ဒေါ်စုပန်ကြား

နှစ်ပေါင်းများစွာ တရားဥပဒေစိုးမိုးရေး ကင်းမဲ့တဲ့ဒဏ်ကို ခံခဲ့ရတဲ့ မြန်မာနိုင်ငံသားတွေ တရားဥပဒေစိုးမိုးမှုရဲ့ အသီးအပွင့်ဖြစ်တဲ့ ဒီမိုကရေစီ၊ လွတ်လပ်မှုနဲ့ လုံခြုံမှုကိုရဖို့အတွက် နိုင်ငံတကာက ဝိုင်းပြီးကူညီကြဖို့ ချက်ပြည်သူ့သမ္မတနိုင်ငံမှာ မနေ့က စကျင်းပတဲ့ (၁၅) ကြိမ်မြောက် Forum 2000 အစည်းအဝေး တက်ရောက်လာသူတွေကို မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဗွီဒီယို မိန့်ခွန်းက တဆင့် ပန်ကြားလိုက်ပါတယ်။ အပြည့်စုံကို ဒေါ်ခင်မျိုးသက်က တင်ပြထားပါတယ်။

ကမ္ဘာ့နိုင်ငံအသီးသီးက အစိုးရ ကိုယ်စားလှယ်တွေ၊ လူမှုအခြေပြု အဖွဲ့အစည်းတွေ၊ ကျွမ်းကျင်ပညာရှင်တွေ၊ စီးပွားရေးပညာရှင်တွေနဲ့ လေ့လာသူတွေ ထောင်နဲ့ချီ တက်ရောက်လာတဲ့ Forum 2000 ရဲ့ (၁၅) ကြိမ်မြောက် အစည်းအဝေးကို ချက်ပြည်သူ့သမ္မတနိုင်ငံ Prague မြို့မှာ တနင်္ဂနွေနေ့က စတင်ကျင်းပခဲ့တာပါ။ ၁၉၉၇ ခုနှစ်မှာ ဒီအဖွဲ့ဖြစ်မြောက်ဖို့အတွက် စတင်လှုပ်ရှားခဲ့တဲ့ ချက်သမ္မတဟောင်း ဗားဆလပ်ဟာဗဲလ် (Vaclav Havel) က အဖွင့်မိန့်ခွန်း ပြောကြားခဲ့ပါတယ်။

“ဒီနှစ်အတွက် Forum 2000 ရဲ့ ဆွေးနွေးမှုမှာ ဒီမိုကရေစီနဲ့ တရားဥပဒေ စိုးမိုးရေးတို့ရဲ့ ဆက်နွယ်မှုတွေကို အဓိက ဦးတည်ပြီး ဆွေးနွေးလေ့လာမှာဖြစ်တယ်။” - လို့ မစ္စတာ ဟာဗဲလ်က ပြောကြားခဲ့ပါတယ်။

အောက်တိုဘာ ၉ ရက်ကနေ ၁၁ ရက်နေ့အထိ သုံးရက်ကြာ ဆွေးနွေးပွဲအတွက် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဗွီဒီယိုရုပ်သံကတဆင့် အမှာစကား ပေးပို့ခဲ့ပါတယ်။

“ဒီမိုကရေစီနဲ့ တရားဥပဒေ စိုးမိုးရေးလို့ Forum 2000 အဖွဲ့က ဒီနှစ်အတွက် ခေါင်းစဉ် ရွေးထားတာဟာ တကယ့်ကို တိုက်တိုက်ဆိုင်ဆိုင်ပါပဲ။ စစ်မှန်တဲ့ ဒီမိုကရေစီ အပြောင်းအလဲတွေ ဖြစ်လာဖို့အတွက် ပထမ ခြေလှမ်းအဖြစ် တရားဥပဒေ စိုးမိုးရေးဟာ သိပ်ကိုအရေးကြီးတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နဲ့ ကျမ ကိုယ်တိုင်က ထပ်တလဲလဲ ပြောနေကျစကားမို့ပါ။ တရားဥပဒေ စိုးမိုးမှုမရှိရင် ဘယ်လိုပဲ အပြောင်းအလဲတွေ လုပ်လုပ် တာရှည်မခံပါဘူး။ တရားဥပဒေ စိုးမိုးမှုမရှိရင် လုံခြုံစိတ်ချရမှုကိုလည်း ပြည်သူတွေ ခံစားကြရမှာ မဟုတ်တဲ့အတွက် ဒီမိုကရေစီ အပြောင်းအလဲတွေ လုပ်နေတယ်လို့လည်း ပြောလို့မရနိုင်ပါဘူး။ မြန်မာနိုင်ငံမှာ ခိုင်မြဲတဲ့ ဒီမိုကရေစီ ဖော်ဆောင်ဖို့လုပ်နေတယ်ဆိုတာကို ပြဖို့လိုတာမို့ တရားဥပဒေစိုးမိုးရေး ဆိုတာ လိုအပ်ပါတယ်။”

တရားဥပဒေ စိုးမိုးမှုရှိမှ လုံခြုံမှုကို လူတိုင်း ခံစားနိုင်မှာဖြစ်သလို အာဏာပိုင်တွေရဲ့ တန်းတူညီမျှ ဆက်ဆံမှုတွေ ရှိလာမှာမိုလို့ ဒါတွေကို မြန်မာနိုင်ငံသားတိုင်း နားလည် ခံစားခွင့်ရဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

“မြန်မာနိုင်ငံသားတွေဟာ နှစ်ပေါင်းများစွာ တရားဥပဒေ စိုးမိုးမှု ကင်းမဲ့တဲ့ဒဏ်ကို ခံစားခဲ့ကြရပါတယ်။ အများစုဟာ မှန်ကန်တဲ့ရပ်တည်ချက်က ဘာလဲဆိုတာကို မသိကြပါဘူး။ ဘယ်စည်းမျဉ်း ဘယ်ဥပဒေက မှန်ကန်တယ်၊ သူတို့ရဲ့ ရပိုင်ခွင့်တွေက ဘာတွေဖြစ်တယ်၊ တရားမျှတမှုရှိဖို့ ဘာလိုတယ် ဆိုတာကိုတောင် သူတို့ မသိကြပါဘူး။ ဒါကြောင့် မြန်မာနိုင်ငံမှာ တရားဥပဒေ စိုးမိုးမှု မရှိမချင်း တရားမျှတမှု ဆိုတာကို သူတို့ နားလည်နိုင်ကြမှာမဟုတ်ပါဘူး။”

မြန်မာနိုင်ငံတင်မကဘဲ နှစ်ဆယ့်တစ်ရာစုနှစ် ကမ္ဘာ့နိုင်ငံအသီးသီးမှာ ဒီကိစ္စဟာ အရေးပါနေတာမို့ Forum 2000 ရဲ့ တရားဥပဒေ စိုးမိုးရေးနဲ့ ဒီမိုကရေစီရေး ဆက်နွယ်နေမှု ဆွေးနွေးပွဲကနေ အသီးအပွင့်တွေကို ခံစားလာနိုင်မယ်လို့ မျှော်လင့်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် အခုချိန်ထိ ဒီမိုကရေစီရေး ကြိုးပမ်း ရုန်းကန်နေရတဲ့ မြန်မာနိုင်ငံအတွက် အကူအညီတွေ ပေးကြဖို့ကိုလည်း ပန်ကြားခဲ့ပါတယ်။

“ဗားဆလပ်ဟာဗဲလ်ကို ကျေးဇူးတင်ကြောင်း ပြောပါရစေ။ ဒါ့အပြင် ကျမတို့နိုင်ငံအတွက် မားမားမတ်မတ် ရပ်တည်ပေးကြတဲ့ တခြား မိတ်ဆွေတွေလည်း ကျမတို့နိုင်ငံ လွတ်လပ်ရေး၊ လုံခြုံမှုရှိရေးတို့အတွက် ဆယ်စုနှစ်နဲ့ချီ ရုန်းကန် လှုပ်ရှားနေတာကို ကူညီခဲ့ကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ တရားဥပဒေ စိုးမိုးမှုအောက်မှာ လွတ်လပ်မှုနဲ့ လုံခြုံမှုဟာ အပြန်အလှန် ဟန်ချက်ညီဖို့ လိုပါတယ်။ ကျမတို့ ဒီမိုကရေစီရဖို့ ကြိုးပမ်းနေတာဟာလည်း ကာလအတော်ကြာပြီ ဖြစ်ပေမဲ့ အခုထိ မရသေးတာမို့ မိတ်ဆွေနိုင်ငံတွေရဲ့ အားပေးမှုကို အများကြီး လိုအပ်ပါတယ်။ ကျမတို့နဲ့အတူ ရပ်တည်ပေးပါ။”

တိုင်းရင်းသားလူမျိုးပေါင်းစုံ နေထိုင်တဲ့ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ စည်းလုံးညီညွတ်မှုတွေ ရဖို့အတွက် လူတိုင်း တရားမျှတမှုနဲ့ တန်းတူရည်တူရှိလာမယ့် တရားဥပဒေ စိုးမိုးမှု ရှိဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။ ဒီ တရားဥပဒေ စိုးမိုးမှုအတွက် ရှိပါတယ်လို့ ပြောနေတာထက် တကယ် ကိုယ်တိုင် ခံစားကြရတာမျိုး ဖြစ်လာဖို့ လိုအပ်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။

XS
SM
MD
LG