သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည်နှင့် ဝန်ကြီးရာထူး (၄)နေရာ


ဒေါ်အောင်ဆန်းစုကြည်
ဒေါ်အောင်ဆန်းစုကြည်

NLD အစိုးရအဖွဲ့မှာ ဒေါ်အောင်ဆန်းစုကြည် ဝန်ကြီးရာထူးတာဝန်ယူမှာဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပါတီဥက္ကဌနေရာနဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ်ကပါ နုတ်ထွက်ပေးရမှာဖြစ်ပါတယ်။

ဒါအပြင်ထွက်ပေါ်နေတဲ့သတင်းတွေအရ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံခြားရေးဝန်ကြီးဌာနအပါအဝင် အခြားအရေးပါတဲ့ ဝန်ကြီးဌာန (၃)ခုကိုလည်း ပူးတွဲကိုင်တွယ်မှာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်တဦးတည်းက ဝန်ကြီးဌာန (၄)ခုလုံးတာဝန်ယူဆောင်ရွက်မယ်ဆိုတဲ့ သတင်းအပေါ် မြန်မာ့အရေးကျွမ်းကျင်သူ တချို့ရဲ့ အမြင်တွေကို မအင်ကြင်းနိုင်က မေးမြန်းတင်ဆက်ထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တရားဝင်ဘယ်နေရာကနေ ဦးဆောင်သွားမလဲလို့ အများက စောင့်ကြည့်နေချိန်မှာပဲ ပြည်ထောင်စုလွှတ်တော်မှာ မနေ့က သမ္မတဦးထင်ကျော်တင်သွင်းထားတဲ့ အစိုးရအဖွဲ့ဝန်ကြီး (၁၈)ဦးအမည်စာရင်းမှာ ဒေါ်အောင်ဆန်းစုကြည်ပါဝင်ခဲ့ပါတယ်။ အတည်မပြုရသေးတဲ့ သတင်းတွေအရ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံခြားရေး၊ သမ္မတရုံး၊ လျှပ်စစ်စွမ်းအင်နဲ့ ပညာရေးဝန်ကြီးဌာန (၄)ခုကို ပူးတွဲတာဝန်ယူမှာဖြစ်တယ်လို့ဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဒီဝန်ကြီးဌာန(၄)ခုလုံးကို ကိုင်တွယ်မယ့်အနေအထားနဲ့ ပတ်သက် လို့ မြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံမှူးဟောင်း Priscilla Clapp က သူ့အမြင့်ကို ဗွီအိုအေကိုပြောပါတယ်။

“ဌာန (၄)ခုရဲ့ ဝန်ကြီးရာထူးတွေယူထားတော့ တာဝန်တွေသိပ်ကြီးတာပေါ့။ သမ္မတရုံးဝန်ကြီးအဖြစ် သူ့အနေနဲ့ သမ္မတနဲ့ တိုက်ရိုက်ဆက်သွယ်ခွင့်ရမှာဖြစ်ပါ တယ်။ မကြာခင်သက်တမ်းကုန်ဆုံးတော့မယ့် သမ္မတဦးသိန်းစိန်ခေတ်က သမ္မတရုံးဝန်ကြီးတွေအနေနဲ့ အထူးအာဏာရှိကြပြီး သမ္မတအတွက် ခက်ခဲတဲ့ ကိစ္စရပ်တွေကို ကိုင်တွယ်ဖြေရှင်းပေး ကြရတာဖြစ်ပါတယ်။ ဒါကြောင့် သမ္မတရုံးဝန်ကြီး အဖြစ် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့လည်း အခုလိုဆက်လုပ်သွားဖို့ရှိ ပါတယ်။ နိုင်ငံခြားရေးဝန်ကြီးအဖြစ်နဲ့တော့ သူဟာ တိုင်းပြည်ရဲ့ နိုင်ငံခြားရေးမူ ဝါဒတွေကို တာဝန်ယူရမှာဖြစ်ပါတယ်။ ဒါအပြင် သမ္မတ၊ ဒုသမ္မတ၊ တပ်ချုပ်နဲ့ လွှတ်တော်ဥက္ကဌတွေပါဝင်တဲ့ ကာလုံကောင်စီမှာလည်း သူကအဖွဲ့ဝင်တဦးဖြစ်လာမှာပါ။ အခြားဝန်ကြီးဌာန (၂)ခုကတော့ စိတ်ဝင်စားစရာပဲ။ သူကအမျိုးသားပညာရေးဥပဒေမှာ သိပ်ကိုစိတ်ဝင်စားပြီး ပညာရေးမှာလည်း စိတ်အားထက်သန်တာတွေ့ရပါတယ်။ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနကလည်း နိုင်ငံအတွက်သိပ်ကိုအရေးကြီးလှပါတယ်။ ကျမအမြင်အရတော့ ဒီဝန်ကြီးဌာနတွေမှာ အပြောင်းအလဲတွေဖြစ်ဖို့ လိုလားနေတယ်လို့ သူယူဆပုံရတယ်လို့ ကျမထင်ပါတယ်။”

ဒါအပြင် ဒီဝန်ကြီးဌာနတွေကို ကိုင်တွယ်ဖို့ဆိုရင် ဒေါ်အောင်ဆန်းစုကြည်မှာ အရည်အချင်းပြည့်ဝတဲ့ လက်ထောက်ကောင်းတွေရှိဖို့ လိုအပ်တယ်လို့မြင်ကြောင်း Priscilla Clapp ကဆိုပါတယ်။

“သူ့အနေနဲ့ ဝန်ကြီးဌာနတွေမှာ အားကိုးရမယ့်လက်ထောက်တွေရှိမယ်၊ အမှုထမ်းတွေလည်း တော်ကြမယ်ဆိုရင် သူ့အနေနဲ့ တာဝန်အားလုံးယူရမယ့်အစား လမ်းညွှန်မှုပေးနိုင်မှာပါ။ ဒီလိုဝန်ကြီးဌာနတွေကို ယူရတာဟာ သူ့အနေနဲ့လမ်းညွှန်မှုပေးလို့တဲ့အတွက်ဖြစ်တယ်လို့ ကျမထင်ပါတယ်။ ဒါအပြင် ဒီအစိုးရသစ်လက်ထက်မှာ ဝန်ကြီးဌာနတွေရဲ့ လည်ပတ်မှုပုံစံမျိုးကို လည်း ပြောင်းချင်ပုံရတယ်လို့ ကျမထင်ပါတယ်။ ဆုံးဖြတ်ချက်ချရမှာ ဝန်ကြီးကပဲချရမယ်ဆိုတဲ့ စနစ်မျိုးကို အစိုးရဟောင်းလက်ထက်က ကျင့်သုံးခံတဲ့အတိုင်း ဒါဟာ သိပ်အလုပ်မဖြစ်တာတွေ့ခဲ့ရပါတယ်။ ဒီလိုအတွေးအခေါ်ကိုလည်း ပြောင်းလဲချင်ပုံရတယ်လို့ ယူဆပါတယ်။"

ဖွဲ့စည်းပုံအရ ဒေါ်အောင်ဆန်းစုကြည် သမ္မတမဖြစ်အောင်တားမြစ်ထားလို့သာ အခုလို ဝန်ကြီးဌာနတွေကို တာဝန်ယူလိုက်တာဖြစ်တယ်လို့ Priscilla Clapp ကသုံးသပ်ပေမယ့် အခုကိစ္စမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ဝန်ကြီးဌာနတွေမှာ နေရာဝင်ယူမယ့်အတွက် အခက်အခဲတွေအများကြီးရှိမှာဖြစ်တယ်လို့မြင်ကြောင်း မြန်မာ့အရေးကျွမ်းကျင်သူ ပါမောက္ခ David Steingberg ကပြောပါတယ်။

“ယေဘုယျပြောရမယ်ဆိုရင် နိုင်ငံတကာမှာ သမ္မတရဲ့အလုပ်က လုပ်ငန်းတာဝန်တွေခွဲဝေပေးရတာပါ။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်မှာ ဒီဝန်ကြီးဌာနတွေရှိနေတာဖြစ်ပါတယ်။ သူတယောက်တည်း ဝန်ကြီးဌာနတွေကို ကိုင်တွယ်နိုင်မယ်လို့ ကျနော်မထင်ပါဘူး။ ဘယ်လူပုဂ္ဂိုလ်တဦးတယောက်ကမှ ဒီလိုဝန်ကြီးဌာနတွေကို တပြိုင်နက်တည်းကိုင်တွယ်နိုင်မယ်လို့ ကျနော်မထင်ပါဘူး။ ဒါမျိုးဆိုတာ သူရဲ့ စွမ်းအားတခုတည်းနဲ့မရပါဘူး။ လူအားလုံးရဲ့စွမ်းအားဖြစ်ပါတယ်။ အလွန်အလွန်ခက်ခဲတဲ့အလုပ်တွေပါ။ အဲဒါတွေကို သူတယောက်တည်း လုပ်မယ်ဆိုတဲ့ အဓိပ္ပါယ်က စစ်တပ်ကထိန်းချုပ်မထားတဲ့ ကျန်တဲ့ ဝန်ကြီးဌာနတွေအားလုံးကို သူ့အနေနဲ့ ကြိုးစားထိန်းကျောင်းသွား မယ်ဆိုတာပါ။ နောက်ပြီး အသစ်ပြုလုပ်လိုက်တဲ့ တိုင်းရင်းသားရေးရာဝန်ကြီးဌာနဟာဆိုရင်လည်း နယ်စပ်ရေးရာဝန်ကြီးဌာနနဲ့ အပြိုင်အဆိုင်ဖြစ်လာဖို့ရှိပါတယ်။ ဒါတွေဟာ အနာဂတ်အတွက် ပြဿနာတွေ ရှိနေပြီးသားဖြစ်နေတယ်လို့ ကျနော်မြင်ပါတယ်။”

ဒီလို အလွန်ခက်ခဲတဲ့အလုပ်တွေရှိနေတာသိရဲ့သားနဲ့ အရေးကြီးတဲ့ ဝန်ကြီးဌာန တချို့ကို သူတယောက်တည်းပဲ ကိုင်တွယ်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဘာကြောင့်ဆုံးဖြတ်ခဲ့တယ်လို့ ထင်ပါသလဲလို့ မေးကြည့်တော့ David Steinberg ပြန်ဖြေတာက

“ဒီမေးခွန်းကို ဒေါ်အောင်ဆန်းစုကြည်ပဲ ဖြေနိုင်မှာပါ။ ဒါပေမဲ့ ကျနော်တို့အားလုံးလဲ အဓိကအကြောင်းအရာဘာတွေဖြစ်နိုင်မလဲဆိုတာ ခန့်မှန်းကြပါတယ်။ ကျနော့်အမြင်အရတော့ သူ့အနေနဲ့ ဒီအလုပ်တွေအားလုံးကို လုပ်နိုင်မယ်လို့ သူယုံကြည်တဲ့အတွက်ကြောင့်လို့ထင်ပါတယ်။ တိုင်းပြည်အကျိုးအတွက် သူ့အနေနဲ့ လုပ်နိုင်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ယုံကြည်နေတာပါ။ တကယ်တမ်းမှာတော့ ဒီလိုလုပ်နိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ကတော့ သူ့ဖခင် ဗိုလ်ချုပ်အောင်ဆန်း နိုင်ငံအတွက်ဆောင်ရွက်ခဲ့တဲ့အပေါ်မှာ လက်ရှိ သူဟာလည်း တိုင်းပြည်ရဲ့ ခေါင်းဆောင်ဆိုတဲ့ ခံစားချက်ရှိနေတာကြောင့် အခုလို တာဝန်ယူဆောင်ရွက်တာဖြစ်နိုင်ပါတယ်” လို့ပြောသွားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ အစိုးရအဖွဲ့မှာပါဝင်ပြီး တာဝန်ယူ လုပ်ဆောင်သွား မှာ ဖြစ်တဲ့အတွက်လည်း ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေအရ NLD ဥက္ကဌ နေရာ နဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာတွေကနေ နုတ်ထွက်ပေးရမှာဖြစ်ပါတယ်။ NLD ပါတီအနေနဲ့ လည်းအဲဒီအတွက်ပြင်ဆင်ထားပြီသားဖြစ်တယ်လို့ NLD ဗဟိုသုတေသန လမ်းညွန်အဖွဲ့ အတွင်းရေးမှူး ကိုမျိုးရန်နောင်သိမ်းကပြောပါတယ်။

“၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အစိုးရအဖွဲ့မှာ ဝန်ကြီးနေရာယူမယ်ဆိုရင် ပါတီမှာ ဦးဆောင်လို့မရတော့ဘူးပေါ့။ ဒါပေမယ့် ဒီလိုမျိုးကိစ္စတွေကို မလုပ်ခင်မှာကတည်းက ကြိုပြင်ဆင်ခဲ့တာရှိပါတယ်။ အန်ကယ်ဦးဝင်းထိန်၊ ဦးဉာဏ်ဝင်း၊ ဦးဟံသာမြင့်၊ ဦးဝင်းမြင့်၊ ဒေါက်တာဇော်မြင့်မောင်တို့ ပါတဲ့အတွင်းရေးမှုးအဖွဲ့ ဖွဲ့ခဲ့ပါတယ်။ ဒါကတော့ ပါတီကိုထိန်းကျောင်းဖို့အတွက် ဆက်ပြီးတော့ ဦးဆောင်ဖို့အတွက် ဖွဲ့ခဲ့တာဖြစ်ပါတယ်။ ဒါ်အောင်ဆန်း စုကြည်ကတော့ ပုံစံတမျိုးမဟုတ် တမျိုးနဲ့တော့ ဆက်ပြီးဦးဆောင်နေ မှာပါ။”

NLD အစိုးရအဖွဲ့ဝင် ဝန်ကြီး(၁၈)ဦးမှာ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် NLD ပါတီဝင် (၆)ဦး၊ ကြံခိုင်ဖွံဖြိုးရေးပါတီဝင် (၂)ဦး၊ တိုင်းရင်းသားရေးရာဝန်ကြီး (၁)ဦး၊ ပညာရှင် (၆)ဦးနဲ့ ကျန် (၃)ဦးကတော့ ကာကွယ်ရေးဦးစီးချုပ်က အဆိုပြုထားသူတွေဖြစ်ပါတယ်။ ဒီဝန်ကြီး (၁၈)ဦးကို ပြည်ထောင်စုလွှတ်တော်မှာ မတ်လ (၂၄)ရက်နေ့မှာ ဆုံးဖြတ်အတည်ပြုမှာဖြစ်ပါတယ်။

XS
SM
MD
LG