ပြင်သစ်နိုင်ငံကို ရောက်နေတဲ့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့မှာတော့ သမ္မတဟောင်း နီကိုလာ ဆာကိုဇီနဲ့ တွေ့ဆုံခဲ့သလို ပြင်သစ် အမျိူးသားလွှတ်တော် ဥက္ကဌအပြင် လွတ်တော် ကိုယ်စားလှယ် တချို့နဲ့လည်း တွေဆုံခဲ့ပါတယ်။ ဒါ့အပြင် ညနေပိုင်းမှာတော့ ပြင်သစ်နိုင်ငံ နာမည်ကြီး ဆော်ဘွန်း (Sorbonne) တက္ကသိုလ်မှာ ကျောင်းသားတွေနဲ့ တွေ့ဆုံပွဲတခ ုပြုလုပ်ဖို့ ရှိပါတယ်။ ဒီကနေ့ ပြင်သစ်နိုင်ငံက ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ် အပြည့်အစုံကိုတော့ မသင်းသီရိက တင်ပြပေးထားပါတယ်။
ဇွန်လ ၂၆ ရက်နေ့က ပြင်သစ်နိုင်ငံကို ရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ တတိယမြောက်နေ့ ဖြစ်တဲ့ ဒီကနေဇွန်လ ၂၈ ရက် ကြာသာပတေးနေ့ ပြင်သစ်စံတော်ချိန် မနက် အစောပိုင်းမှာတော့ ပြင်သစ် သမ္မတဟောင်း နီကိုလာ ဆာကိုဇီနဲ့ တွေဆုံပါတယ်။ အဲဒီနောက်တော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြင်သစ်နိုင်ငံ အမျိူးသား လွှတ်တော်ထဲကို သွားခဲ့တဲ့ ဒီကနေ့ အစီအစဉ် တချို့ကိုတော့ ပြင်သစ်အခြေစိုက် လူအခွင့်ရေးနဲ့ ဖွံဖြိူးရေးဆိုင်ရာ လှုပ်ရှားနေတဲ့ CCFD အဖွဲ့က သတင်းနဲ့ ပြန်ကြားရေး ဒါရိုက်တာ Vincent Brossel က ပြောပြပါတယ်။
"ဒီကနေ့ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြင်သစ်လာလည်တဲ့ ခရီးစဉ် နောက်ဆုံးနေ့ ဖြစ်ပြီး အစီအစဉ်တွေက တနေ့လုံးအပြည့်ပါပဲ" လို့ ပြင်သစ် ဘာသာစကားနဲ့ ပြောပြသွားတာပါ။
မနက်ပိုင်းက သမ္မတဟောင်း ဆာကိုဇီနဲ့ရော သူ့ဇနီးနဲ့ပါ ဒေါ်အောင်ဆန်းစုကြည်တို့ မနက်စာ ကော်ဖီ အတူသောက်ကြရင်း တွေ့ဆုံခဲ့ပါတယ်။ အဲဒီနောက် ပြင်သစ် အမျိူးသား လွှတ်တော်ဥက္ကဌနဲ့ တွေ့ဆုံသလို ပြင်သစ် လွှတ်တော်ထဲမှာ မြန်မာ့အရေးအတွက် လှုပ်ရှားနေတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ရော တခြားလွှတ်တော် ကိုယ်စားလှယ်တချို့နဲ့ပါ တွေ့ဆုံတယ် ဆိုတာတွေ သိထားပါတယ်လို့Vincent Brosselက ပြောပါတယ်။
ဒါ့အပြင် ဒီကနေ့ နေ့လည်ပိုင်းမှာတော့ ပြင်သစ်က နာမည်ကြီး ဆော်ဘွန်း တက္ကသိုလ်မှာ ကျောင်းသားတွေနဲ့ တွေ့ဆုံဆွေးနွေးပွဲတခု လုပ်ပါ့မယ်။ ညနေပိုင်းမှာတော့ ပဲရစ်မှာလုပ်နေတဲ့ စီးပွားရေး၊ လူမှုရေး အသိုင်းအဝိုင်းမှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်လို့ နှီးနှောဖလှယ်ပွဲကို တက်ရောက်ဖို့ ရှိတယ်လို့လည်း ပြောပါတယ်။
မနေ့က ဆိုရင်လည်း ပါရီမြို့တော်သူဆု လက်ခံခဲ့ပြီး ပြင်သစ် နိုင်ငံခြားဌာနမှာ နိုင်ငံခြားရေးဝန်ကြီး (Laurent Fabius) နဲ့ တွေ့ဆုံခဲ့တာတွေ ရှိသလို ဇွန်လ ၂၇ ရက်နေ့ကလည်း ပြင်သစ်သမ္မတ Francois Hollande နဲ့ တွေ့ဆုံအပြီး သတင်းစာ ရှင်းလင်းပွဲ လုပ်ခဲ့တာတွေလည်း ရှိပါတယ်။
အခု ဒေါ်အောင်ဆန်းစုကြည် ပြင်သစ်ကို လာလည်တဲ့ ခရီးစဉ်အတွင်း ပြင်သစ်အစိုးရရဲ့ ကြိုဆိုမှု၊ ပြင်သစ် လူထုရဲ့ ကြိုဆိုမှုဟာ အင်မတန်မှ အားရစရာ ကောင်းသလို နှစ်ပေါင်းများစွာ မြန်မာပြည်နဲ့ ပတ်သက်ပြီး စိတ်ဝင်စားမှုတွေ ပိုရလာတာမျိူး ရှိတွေရတယ်လို့လည်း Vincent ကပြောပါတယ်။
"တကယ့်ကိုအောင်မြင်တဲ့ ခရီးစဉ်ပါပဲ။ နှစ်ပေါင်းများစွာ ပဲရစ်မြို့ကြီးက လမ်းမကြီးပေါ်တွေ၊ ပဲရစ်မြို့က အထင်ကရ နေရာတွေမှာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ကြိုးပမ်းခဲ့တဲ့ ပုံရိပ်တွေဟာ မနေ့က ကျနော်တို့ အားလုံးအတွက် အစစ်အမှန် ဖြစ်လာခဲ့ပြီဆိုတာ သိလိုက်ရပါတယ်။ ပါရီမြို့တော်သူအဖြစ် ဆုလက်ခံယူစဉ် ပြုံးရွင်နေတဲ့ သူမျက်နှာနဲ့ လက်ရှိ မြန်မာပြည်က တကယ့် နိုင်ငံရေး အခြေအနေတွေ အကြောင်း ပြောပြခဲ့တဲ့ မိန့်ခွန်းတွေ အားလုံးဟာ ပြင်သစ်နိုင်ငံအတွက် အမှတ်တရ ရှိနေပါတယ်" လို့ CCFD အဖွဲ့က ပြန်ကြားရေး ဒါရိုက်တာ Vincent Brossel က ပြောသွားတာပါ၊
အခုလို အစီအစဉ်တွေထဲ အစိုးရ အဖွဲ့နဲ့ မဟုတ်တဲ့ နေ့လည်ပိုင်းမှာရှိမယ့် ကြားဖြတ် အစီအစဉ် တခုကိုလည်း ပြင်သစ်နိုင်ငံ မြန်မာအရေးအဖွဲက ကိုထွေးကလည်း ပြောပြပါတယ်။
"ပဲရစ် တိုင်းဒေသကြီး အကြံပေးရုံးမှာ တချို့ အစိုးရ အရာရှိတွေနဲ့၊ လွှတ်တော် အမတ်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့ သတင်းစာ ရှင်းလင်းပွဲ တခု ရှိပါတယ်။ အဲဒါကို ကိုဇေယျာသော် တက်ပါမယ်။ ညနေဖက်မှာတော့ သင်္ဘောပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ပဲရစ်ဆိမ်း မြစ်ကမ်းပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုတဲ့ ပွဲတခုလုပ်ဖို့ စီစဉ်ထားတယ်။ အဲဒီကိုတော့ အချိန်ရရင် ဒေါ်အောင်ဆန်းစုကြည်က ၁၅ မိနစ်လောက် ရောက်လာမယ်လို့ ပြောပါတယ်။ ကျနော်တို့ မြန်မာတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့တော့ ထပ်ပြီးတော့ တွေ့ဖို့ မရှိပါဘူး။ ဒါပေမယ့် ကျနော်တို့ မနေ့က ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြင်သစ်မှာ ရောက်နေတဲ့ မြန်မာ မိသားစုတွေဟာ ရင်းရင်း နှီးနှီးကို တွေ့ဆုံခဲ့ရပါတယ်။"
ပြင်သစ်အခြေစိုက် မြန်မာ့အရေး လှုပ်ရှားနေတဲ့ အဖွဲ့ထဲက အဖွဲ့ဝင် တဦးဖြစ်တဲ့ ကိုထွေး ပြောပြခဲ့တာပါ။ ဥရောပ ၅ နိုင်ငံကို ခရီးထွက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ မနက်ဖန် ဇွန်လ ၂၉ ရက်မှာတော့ မြန်မာပြည်ကို ပြန်မှာဖြစ်ပါတယ်။ ဇွန် ၁၃ ရက်နေ့ကနေ ၂၉ ရက်နေထိ ခရီးစဉ်အတွင်းမှာတော့ ဆွစ်ဇာလန်၊ နော်ဝေး၊ အိုင်ယာလန် အင်္ဂလန်နဲ့အတူ ပြင်သစ် နိုင်ငံတွေကို သွားခဲ့တာဖြစ်ပြီး အဲဒီနိုင်ငံက ခေါင်းဆောင်တွေ ဒီဥရောနိုင်ငံတွေမှာ ရှိတဲ့ မြန်မာ အင်အား စုတွေနဲ့လည်း တွေဆုံခဲ့တာလည်း ဖြစ်ပါတယ်။