သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့အကျိုးဆောင်နိုင်ငံသားဆု လက်ခံဖို့ ဒေါ်စု နယူးယောက်လာမည်


ပြည်သူ့လွှတ်တော်အစည်းအဝေး တက်ရောက်နေသည့် ဒေါ်အောင်ဆန်းစုကြည်။ ဇူလိုင် ၁၇၊ ၂၀၁၃
ပြည်သူ့လွှတ်တော်အစည်းအဝေး တက်ရောက်နေသည့် ဒေါ်အောင်ဆန်းစုကြည်။ ဇူလိုင် ၁၇၊ ၂၀၁၃
ဒေါ်အောင်ဆန်းစုကြည်ဟာ နယူးယောက်အခြေစိုက် Altlantic Council ကချီးမြှင့်တဲ့ Global Citizenship Award ကမ္ဘာ့အကျိုးဆောင် နိုင်ငံသားဆုကို လက်ခံယူဖို့ အမေရိကန်ပြည်ထောင်စုကို လာမယ့် စက်တင်ဘာ လမှာ လာရောက်ဖို့ရှိနေပါတယ်။ ကမ္ဘာ့အကျိုးဆောင်နိုင်ငံသားဆုဟာ မိမိရဲ့ဒေသ လူ့အသိုင်းအဝိုင်းကိုသာ မက နိုင်ငံတကာက လူအဖွဲ့အစည်းအတွက်ပါ ထူးထူးချွန်ချွန်ဆောင်ရွက်သူတွေကိုပေးတာမို့၊ ဒီဆု ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကွက်တိကိုက်ညီမှုရှိတယ်လို့ ဒီဆုပေးတဲ့ Altlantic Council ရဲ့ ဥက္ကဋ္ဌဖြစ် သူက ပြောပါတယ်။ Altlantic Council ရဲ့ ဥက္ကဋ္ဌလည်းဖြစ်၊ CEO အကြီးအကဲလည်းဖြစ်သူ Frederick Kempe ကို မေးမြန်းထားတာကို ကိုသားညွန့်ဦးက တင်ဆက်ပေးပါမယ်။
အခု တတိယအကြိမ်ပေးအပ်တဲ့ Altanlic Council ရဲ့ Global Citizenship Awards မှာ အမျိုးသမီး နှစ်ဦး ပါဝင်ပါတယ်။ တဦးက မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ဖြစ်ပြီး နောက်တဦးကတော့ ဂျပန် လူမျိုး ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီး Sadako Ogata ဖြစ်ပါတယ်။ ဒီနှစ်မှာ လေးဦး ချီးမြှင့်ခံ ရတဲ့အထဲ ကျန်နှစ်ဦးကတော့ နိုဗယ်ဆုရှင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟင်နရီ ကစ်ဆင်ဂျားနဲ့ အမေရိကန်ဂီတပညာရှင်လည်းဖြစ်၊ လူသားချင်းစာနာကူညီမှုလုပ်ငန်းတွေမှာ တက်တက်ကြွကြွ ဆောင်ရွက်နေသူလည်းဖြစ်တဲ့ Quincy Jones ဖြစ်ပါတယ်။ ဒီဆုဟာ Atlantic Council ရဲ့ မျှော်မှန်းထားချက်တွေအတွက် ဖန်တီးထားတဲ့ အမြင့်ဆုံးဆုဖြစ်တယ်လို့ ဒီအဖွဲ့ရဲ့ဥက္ကဋ္ဌလည်းဖြစ် (CEO) အကြီးအကဲလည်းဖြစ်သူ Frederick Kempe က ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။
“သုံးနှစ်လောက်က စပြီး ဒီဆု ပေးလာတာပါ။ အတ္တလန်တိတ်ကောင်စီရဲ့ ကျယ်ပြန့်တဲ့ရည်မှန်းချက်နဲ့ နိုင်ငံ တကာကိစ္စရပ်တွေမှာ ထူးထူးခြားခြား သတ္တိရှိရှိ အမြင်ကျယ်ကျယ် ဆောင်ရွက်ခဲ့ကြတဲ့ ခေါင်းဆောင်တွေကို အသိအမှတ်ပြုဖို့ ရည်ရွယ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီ ဆုအတွက် အခုလို ရည်ရွယ်ထားချက်တွေနဲ့ အပြည့် ကိုက်ညီပါတယ်။”
အရင်တုန်းကတော့ ဒီဆုကို ရရှိဖူးသူတွေထဲမှာတော့ IMF နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ရဲ့ စီမံခန့်ခွဲမှု ဆိုင်ရာညွန်ကြားရေးမှူး ခရစ်စတင်း လာဂါ့ဒ်၊ အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်ကယ်ရီ၊ လုပ်ကြံခံခဲ့ရ တဲ့ လစ်ဘနွန်ဝန်ကြီးချုပ်ဟောင်း Rafik Hariri တို့ ရရှိခဲ့ဖူးပါတယ်။ ဆု ချီးမြှင့်ခံရသူတွေဟာ ကမ္ဘာ့လူ သားတွေအတွက် အားကျ ဂုဏ်ယူစရာ အောင်မြင်မှုရသူတွေဖြစ်တယ်လို့ Kempe က ပြောပါတယ်။
“ဆုချီးမြင့်ခဲ့တဲ့ ခေါင်းဆောင်တိုင်းဟာ ကိုယ်ပိုင်အောင်မြင်မှုတွေ အသီးသီး ဆွတ်ခူးခဲ့သူတွေပါ။ ဒေါ်အောင် ဆန်းစုကြည်ဟာလည်း ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် အစဉ်တစိုက် မမောမပန်း ကြိုးပမ်းဆောင်ရွက်ခဲ့ သူပါ။ ဒေါ်အောင်ဆန်းစုကြည်ဟာ လွတ်မြောက်မှုနဲ့ လူဂုဏ်သိက္ခာရဲ့ စံပြု သင်္ကေတဖြစ်လာပါတယ်။ ဆက်ပြီးတော့လည်း ကမ္ဘာလူသားတွေအတွက် အားကျဂုဏ်ယူစရာပုဂ္ဂိုလ်ဖြစ်နေပါတယ်။ ”
ဒေါ်အောင်ဆန်းစုကြည်ကို လွတ်မြောက်မှု၊ ဒီမိုကရေစီ၊ လူ့အခွင့်အရေးအတွက် နိုင်ငံတကာရဲ့ စံပြုပုဂ္ဂိုလ်တဦး အဖြစ် ဆုချီးမြှင့်ခဲ့သလို ဒီနှစ်မှာ ဆုချီးမြင့်ခံရသူ နောက်ထပ် အမျိုးသမီးတဦးဖြစ်တဲ့ ကုလ ဒုက္ခသည်များဆိုင် ရာ အကြီးအကဲဟောင်း အိုဂါဒါကိုတော့ ကမ္ဘာမှာ ဒုက္ခတွေ အကြုံတွေ့ရဆုံး လူသားတွေအတွက် ရပ်တည်ပြော ဆိုမှု၊ လူ့အခွင့်အရေးအတွက် ရပ်တည်ကာကွယ်မှုတွေအတွက် အသိအမှတ်ပြု ချီးမြှင့်ခဲ့တာဖြစ်ပါတယ်။ ဒီ ဆုဟာ မိမိလူမှုအသိုင်းအဝိုင်းအတွက်သာမက ကမ္ဘာ့မိသားစု အသိုင်းအဝိုင်းအတွက်ပါ ရပ်တည် ဆောင်ရွက်ခဲ့ သူတွေကို ချီးမြင့်တဲ့ဆုဖြစ်တယ်လို့ Kempe က ပြောပါတယ်။
“ကမ္ဘာ့အကျိုးဆောင် နိုင်ငံသား Global Citizenlship ဆိုတာ မိမိရဲ့ မိသားစု မိမိနဲ့နီးစပ်တဲ့ လူ့အသိုင်းအဝိုင်း အတွက် တာဝန်ယူမှု တာဝန်ရှိမှုသာမကဘူး၊ ကမ္ဘာ့လူအဖွဲ့အစည်းကြီးတခုလုံးအတွက်လည်း တာဝန်ယူမှု တာဝန်ရှိမှု ဆိုတဲ့ အဓိပ္ပါယ်သက်ရောက်ပါတယ်။ မိမိနဲ့ မိုင်ထောင်နဲ့ချီဝေးတဲ့ ဒေသက လူတွေနဲ့ပါ ဆိုင်ပါတယ်။ ဒါတွေဟာလည်း ကမ္ဘာအသိုင်းအဝိုင်းရဲ့ အစိတ်အပိုင်းဖြစ်ပါတယ်။ မိမိဒေသက လူအသိုင်းအဝိုင်းကို ကူညီ စောင့်ရှောက်သလိုပဲ၊ အဲဒီ အဝေးက လူမှုအဖွဲ့အစည်းအတွက်လည်း တည်ဆောက်ပြုစုရမှာပါ။”
ဒေါ်အောင်ဆန်းစုကြည်ကိုတော့ ပြီးခဲ့တဲ့နှစ်ဆုရှင် IMF အကြီးအကဲ ခရစ်စတင်း လာဂါ့ဒ်က ချီးမြှင့်ပေးမှာ ဖြစ် ပါတယ်။ လာမယ့် စက်တင်ဘာလ ၂၁ ရက်နေ့၊ နယူးယောက်မှာလုပ်မယ့် အဲဒီ ဆုချီးမြှင့်ပွဲကိုတော့ ကမ္ဘာ့ခေါင်းဆောင်တွေ သံတမန်တွေအတော်များများ တက်ရောက်ဖွယ်ရှိတယ်လို့ သိရပါတယ်။
“အစိုးရပိုင်းခေါင်းဆောင်တွေ၊ နိုင်ငံအရပ်ရပ်က သံတမန်တွေ၊ သံအမတ်တွေ စုစုပေါင်း ၃၀၀ ကျော်လောက် တက်ရောက်မှာပါ။ ကျနော်တို့ ဒီအခမ်းအနားကို ကုလသမဂ္ဂရဲ့ အထွေထွေညီလာခံကျင်းပချိန်နဲ့လည်း တိုက်ပြီး ပြုလုပ်လေ့ရှိပါတယ်။”
ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန်ပြည်ထောင်စုကို လာရောက်စဉ် မြို့တော် ဝါရှင်တန် ဒီစီကိုလည်း လာ ရောက်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန်ပြည်ထောင်စုမှာ အမြင့်ဆုံး ဆုတဆုဖြစ်တဲ့ Congressional Gold Medal ဆုကိုလည်း ၂၀၀၈ ခုနှစ်မှာ ချီးမြှင့်ခံခဲ့ရတာပါ။ အခုလာမယ့် စက်တင်ဘာ ခရီးစဉ်အတွင်း ဝါရှင်တန်ဒီစီကိုလာပြီး ဒီဆု လာရောက် လက်ခံယူဖို့ရှိမယ်လို့ ကွန်ဂရက် တာဝန် ရှိသူတွေက ပြောဆိုတယ်လို့ AFP သတင်းမှာ ရေးသားပါတယ်။ အမေရိကန်နိုင်ငံခြားရေး ဌာနကလည်း ဒေါ် အောင်ဆန်းစုကြည်လာရောက်မယ့် ခရီးစဉ်ကို ကြိုဆိုပြီး တကယ်လို့ သူ ရောက်လာခဲ့မယ် ဆိုရင် နှစ်နိုင်ငံ အပြန်အလှန် ဆွေးနွေးမှုတွေ ရှိမှာဖြစ်တယ်လို့ နိုင်ငံခြားရေးဌာန ပြောခွင့်ရသူက ပြောပါတယ်။ ဒါ့အပြင် ကုလ သမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်း မြန်မာပြည်ရောက်စဉ်ကလည်း ဒေါ်အောင်ဆန်းစုကြည် ကို ဖိတ်ကြားခဲ့တာ ရှိတော့ အမေရိကန်လာရောက်စဉ် ကုလသမဂ္ဂကိုလည်း ဒေါ်အောင်ဆန်းစုကြည် လာရောက်မယ်လို့ မျှော်လင့် တဲ့အကြောင်း ကုလ အတွင်းရေးမှူးချုပ်ရုံး ပြောခွင့်ရသူ တဦးက ဗွီအိုအေ ကို ပြောပါတယ်။
XS
SM
MD
LG