ကွယ်လွန်သူ ချက်သမ္မတဟောင်း ဗားဆလပ်ဟာဗဲလ် (Václav Havel) ဟာ ကမ္ဘာ့ဒီမိုကရေစီရေး လှုပ်ရှားမှု အတွက်သာမက မြန်မာနိုင်ငံနဲ့ သူကိုယ်တိုင် လွတ်လပ်ခွင့်အတွက် လှုပ်ရှားသူတွေရဲ့ မိတ်ဆွေကောင်းတစ်ဦး ဖြစ်တဲ့အကြောင်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဟောင်း မက်ဒလင်းအောဘရိုက် (Madeleine Albright) အပါအ၀င် ရင်းနှီးခင်မင်သူတွေ လေးစားသူတွေ တက်ရောက်လာခဲ့ကြတဲ့ ချက်သမ္မတဟောင်းကို ရည်စူးပြီးကျင်းပတဲ့ ၀ါရှင်တန်ဒီစီက အောက်မေ့ဖွယ် အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်တာပါ။ အပြည့်အစုံကိုတော့ ကိုအောင်လွင်ဦးက တင်ပြထားပါတယ်။
ဒီမိုကရေစီနဲ့ လွတ်လပ်ခွင့်တွေအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သူအဖြစ် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုမှာ ဦးဆောင်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်က ကွယ်လွန်သူ ချက်သမ္မတ ဗားဆလပ်ဟာဗဲလ် အောက်မေ့ဖွယ် အခမ်းအနားမှာ ပြောလိုက်တာပါ။ ကမ္ဘာတ၀န်း လွတ်လပ်ခွင့်ရဖို့ ကြိုးပမ်းနေသူတွေ အားလုံးအတွက် ဆုံးရှုံးခဲ့ရတဲ့ မိတ်ဆွေကောင်း တစ်ဦးအဖြစ် ၀ါရှင်တန်ဒီစီ အခြေစိုက် နိုင်ငံတကာ ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်ရေး အထောက်အပံ့အဖွဲ့ (NED) က ကမကထလုပ် ကျင်းပတဲ့ အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်က ဗွီဒီယိုကတဆင့် သတင်းစကားပါးလိုက်တာ ဖြစ်ပါတယ်။
“သူဟာ မိတ်ဆွေကောင်း တစ်ဦးပါ၊ အပြည့်အ၀ ဂုဏ်ပြုဖို့တောင် မလွယ်တဲ့ မိတ်ဆွေမျိုးပါ။ သူဟာ မြန်မာပြည် အတွက်သာ မိတ်ဆွေကောင်းတစ်ဦး မဟုတ်ပါဘူး၊ ကမ္ဘာတ၀န်းက လွတ်လပ်ခွင့်ကို မျှော်လင့်နေသူတွေ၊ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ လုံခြုံတဲ့ ဘ၀တွေကို စောင့်စားနေကြသူတွေ အတွက်လည်း မိတ်ဆွေကောင်း ဖြစ်ပါတယ်။”
ဒီဇင်ဘာလ ၁၈ ရက်နေ့က အသက် ၇၅ နှစ်အရွယ် ချက်သမ္မတဟောင်း ကွယ်လွန်သွားခဲ့တာပါ။ သူ မကွယ်လွန်ခင် ရက်ပိုင်းလောက်မှာပဲ ဒေါ်အောင်ဆန်းစုကြည်ထံကို ကိုယ်တိုင်ရေးထားတဲ့ စာတစ်စောင် ကွယ်လွန်ပြီးနောက် ရောက်လာတာမို့ နေထိုင်မကောင်းချိန်မှာတောင် မြန်မာနိုင်ငံအတွက် ဘယ်လောက်တောင် ပူပမ်ကြောင့်ကြမှု ရှိတယ်ဆိုတာကို ပြသတာပဲလို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ မြန်မာနိုင်ငံရဲ့ အနာဂတ်အပေါ် စိုးရိမ်ပူပမ်မှုတွေကို ဖော်ပြထားတဲ့ စာရဲ့ တစိတ်တပိုင်းကိုတော့ ဒေါ်အောင်ဆန်းစုကြည်က အခမ်းအနား တက်ရောက်လာသူ ပရိတ်သတ်တွေအတွက် ဖတ်ပြသွားခဲ့တာပါ။
“နှစ်ပေါင်း ၅၀ နီးပါး အကြွင်းမဲ့ အုပ်ချုပ်မှုအောက်မှာ ရှိခဲ့ပြီးတဲ့နောက်၊ လွတ်လပ်ပြီး အရောင်အသွေးစုံတဲ့ ဒီမိုကရေစီ လူ့ဘောင်ကို ဦးတည်တဲ့လမ်းဟာ သိပ်တော့ မလွယ်လှပါဘူးတဲ့။ ကျနော်တို့ ကိုယ်တိုင်လည်း နှစ်ပေါင်း ၅၀ အာဏာရှင် လက်အောက် ရောက်ဖူးပါတယ်။ ပထမတော့ ဂျာမန်၊ နောက်တော့ ကွန်မြူနစ် လက်အောက် ရောက်ခဲ့တာပါ။ ကတ္တီပါတော်လှန်ရေး ဆင်နွှဲခဲ့တာ ၂၂ နှစ် ကြာလာတဲ့ အချိန်အထိ ကျနော်တို့ ရည်မှန်းချက်တွေ အပြည့်အ၀ မရသေးပါဘူး။ ဒါပေမဲ့လည်း ကျနော်တို့ ကူညီနိုင်တာရှိမယ်၊ ကူညီစေချင်တယ်ဆိုရင်၊ ဥပမာ ကျနော်တို့ အသွင်ကူးပြောင်းခဲ့တဲ့ အတွေ့အကြုံတွေကို ၀မ်းမြောက်ဝမ်းသာ မျှဝေချင်ပါတယ်။”
ကွယ်လွန်သူ သမ္မတဟောင်း ဟာဗဲလ် လိုပဲ ချက်နိုင်ငံဘွား အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဟောင်း မက်ဒလင်းအောဘရိုက် လည်း အခမ်းအနားမှာ ကိုယ်တိုင် တက်ရောက်ပြီး ဂုဏ်ပြု အမှတ်တရစကား ပြောပါတယ်။ မြန်မာနိုင်ငံ အပါအ၀င် ဒီနှစ်ထဲ ဒီမိုကရေစီ အရိပ်အယောင်တွေ တွေ့မြင်လာရတဲ့အတွက် ချက်သမ္မတဟောင်း အားတက်ခဲ့တယ်လို့လည်း အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဟောင်းက ပြောသွားခဲ့တာပါ။
“ဒီနှစ်ထဲ အာရပ်ကမ္ဘာက လှုပ်ရှားမှုတွေနဲ့ မြန်မာနိုင်ငံက အတိမ်းအစောင်း မခံနိုင်သေးပေမဲ့ အားရစရာကောင်းတဲ့ ဖြစ်ထွန်းမှုတွေ အပေါ် သူဟာ အင်မတန်မှ အားတက်ခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အောင်မြင်မှုနဲ့ စိတ်ချမ်းသာမှု အပေါ်မှာလည်း သူဟာ အလေးအနက်ထား ဂရုစိုက်ပါတယ်။ ကျမဘ၀မှာ တကယ့် အခွင့်အလမ်းကောင်းကြီး တစ်ခုအဖြစ်နဲ့ ပြောရမယ်ဆိုရင်တော့ သမာရိုးကျ မဟုတ်တဲ့ နည်းလမ်းတွေနဲ့ သူတို့ နှစ်ဦးကြား သတင်းစကား ပါးပေးရတာပါလို့ပဲ ပြောရပါလိမ့်မယ်။”
ချက်နိုင်ငံကို ကွန်မြူနစ်တစ်ပါတီ စနစ်အောက်က လွတ်မြောက်အောင် ကတ္တီပါ တော်လှန်ရေးအဖြစ် ထင်ရှားတဲ့ လှုပ်ရှားမှုမှာ ဦးဆောင်ခဲ့သူ တစ်ဦးအဖြစ်နဲ့သာမက ကမ္ဘာအ၀န်း လွတ်မြောက်မှုတွေကို စေ့ဆော်ပေးခဲ့သူအဖြစ်နဲ့ အထူးသဖြင့်သူ့ကို လူတွေက လေးစား ကြည်ညိုကြတာပါ။ ချက်သမ္မတဟောင်းရဲ့ ကိုယ်ကျိုးမဖက် အများအတွက် ထူးထူးခြားခြား ဆောင်ရွက်မှုတွေထဲ မြန်မာ့အရေးဟာလည်း ရှေ့တန်းမှာ အမြဲပါခဲ့တယ်လို့ သူ့အတွက် အောက်မေ့ဖွယ် အခမ်းအနားကို ကမကထလုပ် ကျင်းပပေးတဲ့ NED ရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ ကားလ်ဂါရှ်မန် (Carl Gershman) က ပြောသွားပါတယ်။
“၁၉၉၁ ခုနှစ်မှာ သူဟာ နိုဘဲလ်ငြိမ်းချမ်းရေးဆုကို ရသင့်တယ်၊ ရနိုင်တယ်ဆိုပြီး လူအတော်များများက ခံစားမိကြပါတယ်။ ဒါပေမဲ့ သူ့အတွက် နိုဘဲလ်ငြိမ်းချမ်းရေးဆု မလိုဘူး ဒေါ်အောင်ဆန်းစုကြည် ရဖို့လိုတယ်လို့ သူဆုံးဖြတ်ခဲ့ပါတယ်။ ဒါကြောင့်လည်း ဒီဆု ပေးနိုင်ဖို့ နိုင်ငံတကာက ထောက်ခံမှုရအောင် ဦးဆောင် လှုပ်ရှားခဲ့ပါတယ်။”
ချက်သမ္မတဟောင်း ဟာဗဲလ် ကိုတော့ နိုင်ငံတော် ဈာပနအဖြစ် ဒီဇင်ဘာလ ၂၃ ရက်နေ့က ကျင်းပရာမှာ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန် နဲ့ ခင်ပွန်းသည် သမ္မတဟောင်း ဘီလ် ကလင်တန်၊ ပြင်သစ်သမ္မတ နီကိုးလတ်စ် ဆာကိုဇီ၊ ဗြိတိန် ၀န်ကြီးချုပ် ဒေးဗစ်ကင်မရွန်း တို့အပါအ၀င် ထင်ရှားတဲ့ ပုဂ္ဂိုလ်တွေ တက်ရောက်ခဲ့ကြတာပါ။ သူ့ရဲ့ ရုပ်ကလပ်ကိုတော့ ချက်နိုင်ငံ ပရာ့ (Prague) မြို့တော်မှာ ကွယ်လွန်သူ မိသားစုဝင်တွေရဲ့ အုတ်ဂူတွေနံဘေး ဗုဒ္ဓဟူးနေ့ကပဲ မြှုပ်နှံသဂြုင်္ိဟ်ခဲ့တာ ဖြစ်ပါတယ်။