သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးမကောင်း


ဒီမိုကရေစီ ထွန်းကားမှ အခွင့်ထူးခံ လူတန်းစားတွေ ပပျောက်အောင် လုပ်ဆောင်နိုင်မှာ ဖြစ်ပြီး လူတိုင်း တန်းတူညီမျှမှု ရမှာ ဖြစ်တယ်လို့ ဒီကနေ့ မြိတ်မြို့ မဲဆွယ်စည်းရုံးရေး ဟောပြောပွဲမှာ ဒေါ်အောင်ဆန်းစုကြည ်က ပြောဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး မကောင်းတာကြောင့် ဒီကနေ့ မြိတ်မြို့က ကျေးရွာတွေကို သွားမယ့် ခရီးတွေကိုလည်း ဖျက်လိုက်ပါတယ်။ အပြည့်အစုံကို မသိင်္ဂီထိုက်က ဆက်သွယ် မေးမြန်းထားပါတယ်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ မြိတ်မြို့မှာ ဒုတိယနေ့ အဖြစ်နဲ့ မဲဆွယ်စည်းရုံးရေး ဟောပြောပါတယ်။

“တနင်္သာရီက တစ်နေရာပဲ လစ်လပ်လို့ အဲဒီတစ်နေရာကိုပဲ ကျမ အဓိက ထားပြီးတော့ စည်းရုံးရေးခရီး ဆင်းရတာပါ။ ဒါပေမဲ့ နောင်ကျလို့ရှိရင်တော့ ကျမ တနင်္သာရီတိုင်းကို အနှံ့အပြား သွားချင်တဲ့စိတ် ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ၁၉၈၈-၈၉ ခုနှစ်၊ အဲဒီတုန်းက ကျမသွားခဲ့တဲ့ တိုင်းတွေ၊ ပြည်နယ်တွေထဲမှာဆိုရင် တနင်္သာရီက အတတ်ကြွဆုံး ကျမတို့ကို ထောက်ခံမှု ပေးခဲ့လို့ပဲ ဖြစ်ပါတယ်။ ဒီကျေးဇူးတွေကို ကျမတို့က မမေ့ဘဲနဲ့ ပြန်ဆပ်ဖို့အတွက် တနင်္သာရီ ပြည်သူပြည်သားတွေရဲ့ တိုးတက် ဖွံ့ဖြိုးရေးအတွက် အတတ်နိုင်ဆုံး ကြိုးစားပါမယ်လို့ ပြောပါရစေ။ ဘယ်လိုပဲဖြစ်ဖြစ် ကျမတို့ဟာ တနင်္သာရီ ပြည်သူလူထုရဲ့ အရေးတွေကို မမေ့ဘဲနဲ့ ခေါင်းထဲမှာရော နှလုံးသားထဲမှာရော ထားပြီးတော့ တတ်နိုင်သမျှ အဆင်ပြေအောင် ပြည်သူလူထုရဲ့ ဘဝတွေကို ပိုပြီးတော့ ကောင်းမွန်လာအောင် ကြိုးစားသွားပါမယ်လို့တော့ ကျမ ပြောနိုင်ပါတယ်။”

တနင်္သာရီ တိုင်းမှာ နိုင်ငံရေး အတက်ကြွဆုံး ဖြစ်တယ်လို့ မဲဆွယ်ပွဲမှာ လိုက်ပါသွားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရုံးအဖွဲ့ဝင် ဦးခွန်သာမြင့်က ပြောပါတယ်။

“ဒီနေ့ကတော့ မနက်ကတုန်းက မြိတ်နားက ကျွန်းစုမြို့ကို သွားမယ့်အစီအစဉ်ကိုတော့ ဖျက်လိုက်ပါတယ်။ ကျန်းမာရေးကြောင့်ပါ။ နေ့လယ်တော့ မနေ့က မသွားဖြစ်တဲ့နေရာပေါ့ ကန်ပေါ် ဆိုတဲ့နေရာကို လူတွေကို သွားခေါ်လာတာ။ အဲဒီနေရာကလူတွေနဲ့ စကား နည်းနည်း ပြောပါတယ်။ အဲဒီလူတွေကို စကားပြောတယ်။ ပြီးတော့ အဲဒီနားကရှိတဲ့ ခြောက်မြို့နယ်က လူတွေနဲ့ စကားပြောပါတယ်၊ တည်းခိုတဲ့အိမ်မှာပါပဲ။ အဲဒါပြီးတော့ ၂ နာရီမှာ ကျနော်တို့ အိမ်က ထွက်ပါတယ်။ ၂ နာရီ ၁၀ မိနစ်လောက်မှာ မြိတ်လူထုကို စကားပြောပါတယ်။ လူအင်အားအနေနဲ့ကတော့ အများကြီး မဟုတ်ပေမဲ့ တက်ကြွတဲ့နေရာမှာတော့ ထိပ်ဆုံးထဲက ပါပါတယ်။”

မြိတ်မြို့မှာ ရှပ်ပြေး ရေယာဉ်ကို လုပ်ငန်းရှင်တွေက မငှားကြတဲ့အတွက် စက်လှေတွေနဲ့ မြိတ်မြို့ ကျွန်းစု မြို့နယ်တွေဆီကို မဲဆွယ်ပွဲသွားခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ဟာ ည ၁၀ နာရီကျော် အထိ သောင်တင်နေခဲ့တာပါ။ ဒေသ အာဏာပိုင်တွေက ဖိအားပေးတာကြောင့် စီးပွားရေးသမားတွေက မငှားရဲကြတာ ဖြစ်တယ်လို့ NLD ဘက်က ပြောဆိုလိုက်ပြီးတဲ့နောက် ဒီကနေ့ မြိတ်မြို့ မဲဆွယ်ပွဲမှာတော့ ဒီမိုကရေစီ ထွန်းကားမှ အခွင့်ထူးခံ စီးပွားရေး သမားတွေ ပပျောက်သွားမှာ ဖြစ်ပြီး လူတိုင်း တန်းတူ အခွင့်အရေး ရမှာ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က လူထုကို ပြောပါတယ်။

“ခရီးက စီစဉ်တဲ့အတိုင်း မဖြစ်ပါဘူး။ ကျနော်တို့ အနှောက်အယှက် အများကြီးဖြစ်ပါတယ်။ ဖြစ်တော့ အဲဒီလို ဒေသဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းတွေနဲ့ အခွင့်ထူးခံ စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ကြောင့် ဒီဟာလည်း ဖြစ်သွားတာပေါ့။ ဖြစ်သွားတော့ နောက်ဆိုလို့ရှိရင်တော့ ဒီမိုကရေစီရအောင်လို့ လုပ်မှ ဒီလိုဟာမျိုးတွေ ပပျောက်မယ်ဆိုတာကိုတော့ အထူးသဖြင့် ထည့်ပြောသွားပါတယ်။”

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြိတ်မြို့ မဲဆွယ်ခရီးစဉ်မှာ ဒေသဆိုင်ရာ အာဏာပိုင်တွေက လုံခြုံရေး အကူအညီမပေးဘူးလို့လည်း NLD ဘက်က ပြောပါတယ်။ တနိုင်ငံလုံး NLD မဲဆွယ်စည်းရုံးရေး တွေမှာ မြိတ်မြို့က ဒေသဆိုင်ရာ အာဏာပိုင်တွေက ပူးပေါင်းဆောင်ရွက်မှုက အညံ့ဆုံး ဖြစ်တယ်ဆိုပြီးလည်း ဦးခွန်သာမြင့်က ပြောပါတယ်။ ခရီးလမ်းကြမ်းတာအပြင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး ကလည်း မကောင်းတာကြောင့် ဒီကနေ့ သွားရောက်ဖို့ စီစဉ်ထားတဲ့ မြိတ်မြို့က ကျေးရွာ ၂ ခုကို ဒေါ်အောင်ဆန်းစုကြည် မသွားနိုင်ခဲ့ပါဘူး။

“ကျနော်တို့က လှမ်း ဖုန်းဆက်တယ်။ အဲဒီတဆင့် တဆင့် လှမ်းဆက်ပြီးတော့ အပေါ်ကို ဆက်လိုက်တယ်။ အပေါ်ကနေ အောက် ပြန်ပြောတယ်။ ဒေသဆိုင်ရာ အာဏာပိုင်က ကျနော်တို့ ဘာမှ လုပ်မထားပါဘူး ဘာညာ ပြောကြပေမဲ့ သိသာပါတယ်။ ပူးပေါင်းဆောင်ရွက်မှုလည်း မရှိပါဘူး။ ပူးပေါင်းဆောင်ရွက်မှု မရှိရုံတင်မကပါဘူး၊ ကျနော်တို့ ဖြစ်သင့်ဖြစ်ထိုက်တဲ့ဟာ သူ့ဟာသူဖြစ်မယ့်ဟာကိုပါ ကျနော်တို့ အနှောက်အယှက်ပေး ခံရပါတယ်။ လုံခြုံရေးကလည်း ပူးပေါင်းဆောင်ရွက်မှုက သိပ်မရှိပါဘူး။ မရှိလို့ပဲ ကျနော်တို့ မနေ့ကဆို ညဘက်ကြီး ပင်လယ်ထဲမှာ သောင်တင်နေတဲ့ဟာကို ဖုတ်ချက်ဖုတ်ချက်နဲ့ စောင့်နေရတာ။ ဒါမျိုးတွေက ပူးပေါင်းဆောင်ရွက်မှု ရှိရင်တော့ ဒါတွေက အများကြီး အဆင်ပြေနိုင်ပါတယ်။”

၂ ရက်ကြာ မြိတ်မြို့ ခရီးစဉ်အတွင်းမှာ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး ချို့ယွင်းလာတဲ့အတွက် လာမယ့် ၂၇ ရက်နေ့မှာ သွားရောက်ဖို့ စီစဉ်ထားတဲ့ မကွေးတိုင်း ၆ မြို့နယ် ခရီးစဉ်ကိုလည်း ဖျက်သိမ်းလိုက်ပြီလို့ NLD ပါတီဘက်က ပြောဆိုပါတယ်။

XS
SM
MD
LG