သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံ ကျန်းမာရေးနဲ့ ပညာရေး မြှင့်တင်ဖို့ ဒေါ်စု တိုက်တွန်း


မြန်မာနိုင်ငံ ကျန်းမာရေးနဲ့ ပညာရေး မြှင့်တင်ဖို့ ဒေါ်စု တိုက်တွန်း
မြန်မာနိုင်ငံ ကျန်းမာရေးနဲ့ ပညာရေး မြှင့်တင်ဖို့ ဒေါ်စု တိုက်တွန်း

မြန်မာနိုင်ငံက အထူးသဖြင့် ဖွံ့ဖြိုးမှုနည်းတဲ့ဒေသတွေမှာ မိခင်နဲ့ကလေးငယ် သေဆုံးမှုနှုန်းဟာ ကမ္ဘာပေါ်မှာ အဆိုးရွားဆုံး အခြေအနေမှာ ရှိနေတဲ့အကြောင်း ကျန်းမာရေးဝန်ထမ်းတွေက ထောက်ပြနေသလို ဒီလို ဆိုးရွားတဲ့ ကျန်းမာရေးနဲ့ ပညာရေး နိမ့်ကျမှု အခြေအနေတွေ ပြန်လည် တိုးတက်ကောင်းမွန်လာဖို့မှာ အစိုးရ အနေနဲ့ ငွေကြေး အလုံအလောက် သုံးစွဲပြီး တာဝန်ယူ ဆောင်ရွက်ရမှာဖြစ်တယ်လို့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ထောက်ပြလိုက်ပါတယ်။ ဗွီအိုအေ Crossroads Asia အစီအစဉ်က ပြုလုပ်တဲ့ ဆက်သွယ်မေးမြန်းခန်းမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ အပြည့်စုံကို မခင်ဖြူထွေးက ပြောပြပေးပါရှင်။

ကမ္ဘာပေါ်က မွေးကင်းစကလေးငယ် သေဆုံးမှုနှုန်း အမြင့်မားဆုံးနိုင်ငံ စာရင်းထဲမှာပါတဲ့ မြန်မာနိုင်ငံရဲ့ ကျန်းမာရေး အခြေအနေဟာ ကမ္ဘာကပါ စိုးရိမ်ရတဲ့အနေအထားမှာ ရှိနေသလို ကျန်းမာရေး ပညာရှင်တွေ ကလည်း ဒါကို သတိပေး ထောက်ပြနေကြတာပါ။ မြန်မာနိုင်ငံက ကလေးငယ် ၇ ယောက်မှာ တယောက်ဟာ အာဟာရချို့တဲ့မှု၊ ဝမ်းလျောဝမ်းပျက်ရောဂါနဲ့ ငှက်ဖျားရောဂါတွေနဲ့ သေဆုံးနေတယ်လို့ မကြာသေးခင်က ကျန်းမာရေး အစီရင်ခံစာတွေကလည်း ထောက်ပြနေပါတယ်။ ဒီလိုရောဂါမျိုးတွေဟာ ပျောက်ကင်းအောင် ကုသနိုင်ပါလျက်နဲ့ အစိုးရက တာဝန်ယူ ကူညီထောက်ပံ့ပေးတာမျိုး အားနည်းတာကြောင့် ကလေးငယ်တွေ မသေဆုံးသင့်ဘဲ သေဆုံးနေရတာဖြစ်ပါတယ်။ ဒါကြောင့် မြန်မာစစ်အစိုးရအနေနဲ့ ကျန်းမာရေးနဲ့ ပညာရေးလို အခြေခံကဏ္ဍတွေအတွက် အသုံးစာရိတ်ကို အခုထက်ပိုပြီး သုံးစွဲသင့်တယ်လို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အခုလို ထောက်ပြ ပြောဆိုပါတယ်။

“ကျန်းမာရေးနဲ့ ပညာရေးကဏ္ဍနှစ်ခုကို တပြိုင်တည်းအတူတူ မြင့်တင်ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ဒီကဏ္ဍ နှစ်ခုက ဆက်စပ်နေပါတယ်။ ပညာတတ်မိခင်တွေဟာ ပညာအရည်အချင်း နည်းပါးတဲ့ မိခင်တွေထက် မိသားစု ကျန်းမာရေးကို ပိုပြီးတော့ ဂရုစိုက်နိုင်တာ တွေ့နိုင်ပါတယ်။ ဒါကြောင့် အစိုးရအနေနဲ့ ကျန်းမာရေးနဲ့ ပညာရေးဆိုင်ရာ အသုံးစရိတ်တွေကို အခုထက်ပိုပြီး သုံးစွဲရပါလိမ့်မယ်။ ကျန်းမာရေးဝန်ဆောင်မှုတွေ အားကောင်းလာအောင် လုပ်ရမယ်၊ စာသင်ကျောင်းတွေ တိုးတက်ကောင်းမွန်အောင် လုပ်ပေးရပါမယ်။ လူထုတွေ ပိုပြီး ပညာတတ်မယ်၊ ပိုပြီးတော့ ကျန်းမာမယ်ဆိုရင် သူတို့တွေ ပိုပြီးတော့ ကောင်းကောင်းမွန်မွန် နေထိုင်ရပ်တည်နိုင်မှာ ဖြစ်ပါတယ်။ သဘာဝဘေးအန္တရာယ်နဲ့ ကြုံတွေ့ရတဲ့အခါမှာလည်း ပိုပြီးတော့ လွယ်လွယ်ကူကူ ကိုင်တွယ်ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။”

မြန်မာနိုင်ငံက ကျန်းမာရေးဝန်ထမ်းတွေ၊ ဆရာဝန်တွေ ရင်ဆိုင်ရတဲ့ အခက်အခဲတွေနဲ့ပတ်သက်လို့တော့ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောသွားပါတယ်။

“အရည်အချင်းရှိတဲ့ ဆရာဝန်တွေ အတော်များများဟာ နိုင်ငံတွင်းမှာ သူတို့အတွက် ကျေနပ်လောက်စရာ အလုပ်ကိုင်နိုင်တဲ့ အခြေအနေ အခွင့်အလမ်းတွေ မရှိတဲ့အတွက် နိုင်ငံခြားမှာထွက်ပြီး အလုပ်လုပ်ကြတယ်။ သူတို့အတွက် နောက်ဆုံးပေါ် ဆေးဝါးအကူအညီကိရိယာတွေ မရှိဘူး၊ နောက်ဆုံးပေါ် ဆေးဝါးကုသမှုတွေ ကနေ သူတို့ အလှမ်းဝေးနေတယ်။ ဆေးရုံတွေဆိုရင်လည်း အားလုံးသိကြမှာပါ။ ဆေးရုံးအများစုမှာ လုံလောက်တဲ့ ပစ္စည်းကိရိယာနဲ့ ဝန်ထမ်းအရေအတွက် မရှိပါဘူး။ အခုအချိန်မှာ သိပ်ကောင်းတဲ့ ပုဂ္ဂလိက ဆေးရုံဆေးခန်းသစ်တချို့ ရှိလာပြီဆိုပေမဲ့ တနိုင်ငံလုံး အတိုင်းအတာနဲ့ ကြည့်ရင် ဒါဟာ သိပ်ကို နည်းပါး လွန်းပါသေးတယ်။ ဒီလို ပုဂ္ဂလိက ဆေးခန်းတွေမှာ အလုပ်လုပ်နိုင်တဲ့ ဆရာဝန်ကလည်း အနည်းစုပဲ ဖြစ်ပါတယ်။”

မလိုအပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ ကန့်သတ်ချက်တွေကြောင့်လည်း အလွယ်တကူနဲ့ အဆင်ပြေရမယ့် ကိစ္စတွေမှာတောင် ငွေပေးမှ ဆေးကုသခွင့်ရတဲ့ အခြေအနေမျိုးတွေလည်း ရှိနေပြီး ဒီလိုလာဘ်စားမှု ဟာလည်း ကြီးမားတဲ့ ပြဿနာတခု ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသွားပါတယ်။ မြန်မာ စစ်အစိုးရဟာ နိုင်ငံဘဏ္ဍာငွေရဲ့ ၄၀ ရာခိုင်နှုန်းကို စစ်ရေးကဏ္ဍမှာ သုံးနေချိန်မှာ ကျန်းမာရေးကဏ္ဍ အတွက် ကိုတော့ ၁.၈ ရာခိုင်နှုန်းပဲ သုံးနေတာဖြစ်ပါတယ်။ လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ တိုင်းရင်းသား လူမျိုးစုဒေသတွေမှာ မိခင်နဲ့ ကလေးငယ် သေပျောက်နှုန်းဟာ တခြားဒေသတွေထက် သုံးဆခန့်ပိုများတဲ့ အကြောင်း မကြာသေးခင်က ကျန်းမာရေး လေ့လာသုံးသပ်ချက်တွေက ထောက်ပြနေသလို အခုလိုဖြစ်နေတဲ့ အခြေအနေဟာ တစိတ်တပိုင်းအားဖြင့် မြန်မာစစ်အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် ဖြစ်တယ်လို့ တိုင်းရင်းသားဒေသတွေမှာ ကျန်းမာရေး ကူညီစောင့်ရှောက်မှုတွေ ပေးနေတဲ့ အဖွဲ့တွေကလည်း ထောက်ပြပြောဆိုနေကြပါတယ်။

XS
SM
MD
LG