သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စု ကျန်းမာရေးကြောင့် ခေတ္တ အနားယူ


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး အခြေအနေ တိုးတက်လာနေပြီ ဖြစ်ပေမဲ့ အိမ်မှာပဲ လောလောဆယ် အနားယူနေပြီး ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးရေး ဆိုင်ရာ ခရီးစဉ်တွေအားလုံးကိုတော့ ဖျက်ထားလိုက်ပြီလို့ NLD ရဲ့ ရွေးကောက်ပွဲဆိုင်ရာ အဓိက တာဝန်ရှိသူ တဦးက ဗွီအိုအေကို ပြောပါတယ်။ တချိန်ထဲမှာပဲ ကချင် ပြည် မဲဆန္ဒနယ် သုံးခုမှာ ရွေးကောက် ပွဲ တွေကျင်းပရေး ဆိုင်းငံ့ထားဖို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကြေညာခဲ့ပြီးတဲ့ နောက် ရွေးကောက်ပွဲ ဖြစ်မြောက်ရေးကိစ္စကို ကေအိုင်အေ၊ ကေအိုင်အို (KIA/KIO) အဖွဲ့နဲ့ ဆွေးနွေး ညှိနှိုင်းဖို့ NLD က ဆန္ဒရှိတယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က မြိတ်မြို့ မဲဆွယ်စည်းရုံးရေးခရီးစဉ်အတွင်း သွားလာရေး အခက်အခဲ အမျိုးမျိုး ကြုံတွေ့ခဲ့ ရပြီးတဲ့ နောက် ဒေါ်အောင်ဆန် းစုကြည်ရဲ့ကျန်းမာရေး ချို့ယွင်းခဲ့ရတာပါ။ အဲဒီနောက်မှာ ဆရာဝန်ရဲ့ အကြံပေး တိုက်တွန်းချက်အရ ခရီးစဉ်တွေအားလုံးကို ဖျက်လိုက်ပြီး ရန်ကုန်မြို့ ကို ပြန်လာခဲ့ပါတယ်။

အခုလောလောဆယ်မှာတော့ ကျန်းမာရေးအခြေအနေ တိုးတက်လာနေပြီး အိမ်မှာပဲ အနားယူရင်း လုပ်ငန်းတွေ ဆက်လုပ်နေပါ တယ်လို့ NLD ရဲ့ ရွေးကောက်ပွဲ အောင်နိုင်ရေးတာဝန်ခံ ဦးဉာဏ်ဝင်းက ဗွီအိုအေကို ပြောပါတယ်။

“နောက်ဆုံး အခြေအနေက သူက တိုးတက်မှု တော့ ရှိပါတယ်။ အထွေထွေ အင်အား ဆုတ်ယုတ် တာပါဘဲ။ ပင်ပန်းတယ်။ လုပ်ငန်း ဖိစီးမှုတွေ ပါတာပေ့ါလေ။ အဲဒီတော့ လောလောဆယ်တော့ ဆရာဝန်က သူ့ကို အနား ပေးထားတယ်။ လေး ငါး ရက် နားဖို့လို တယ်လို့ ဆရာဝန်က အကြံပြုထားတယ်။ တိုးတက် ပါတယ်။ တိုးတက် ပါတယ်။ သူ အလုပ်လည်း ကျနော်တို့ကို ညွှန်ကြား နေပါတယ်။ ဒါပေမဲ့ လူအနေ နဲ့ တော့ Strain ဖြစ်မှာ စိုးလို့ ခုတင် နဲ့ အခန်းထဲ မှာဘဲ နေခိုင်းပါတယ်။ ဆရာဝန်က။”

မြိတ်ခရီးစဉ်ပြီးတဲ့နောက် မကွေးတိုင်း ၆ မြို့နယ်ခရီး၊ အဲဒီကနေ နေပြည်တော် ခရီးစဉ်တွေ စီစဉ်ထားခဲ့ပေမဲ့ ခရီးစဉ် အားလုံးကို ဖျက်သိမ်းလိုက်ပြီး မတ်လ ၃၁ ရက်နေ့ညမှာမှ ကော့မှူးမြို့နယ်ဆီ တညအိပ် ခရီးသွားပြီးတော့ ဧပြီလ ၁ ရက် ရွေးကောက်ပွဲနေ့မှာ ကော့မှူးက မဲရုံတချို့ဆီ လှည့်လည် ကြည့်ရှုပြီး ရန်ကုန် ပြန်လာမယ်လို့ NLD တာဝန်ရှိသူ နောက်တဦးဖြစ်တဲ့ ဦးခွန်သာမြင့်က ပြောပါတယ်။

ကချင်ပြည်နယ်ထဲက ဗန်းမော်၊ ဖားကန့်နဲ့ မိုးကောင်း မဲဆန္ဒနယ်သုံးခုမှာ လုံခြုံရေးအခြေနေကြောင့် ရွေးကောက်ပွဲ ရွှေ့ဆိုင်းထားဖို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကြေညာ ခဲ့တဲ့အပေါ် မှာလည်း NLD က ၂၆ ရက်နေ့စွဲနဲ့ သဘောထား ထုတ်ပြန်ပါတယ်။

အဲဒီနယ်တွေမှာ ရွေးကောက်ပွဲတွေ ရွှွေ့ဆိုင်းလိုက်တာကြောင့် လူထုက မဲဆန္ဒပေးဖို့ အားခဲထားတာ ပျက်ပြား သွားတဲ့အတွက် စိတ်ပျက်ရကြောင်း၊ လုံခြုံရေးပြဿနာ တစုံတရာ မရှိပါဘူးလို့ ပြည်သူတွေက သဘောထား ပေးကြောင်း NLD ရဲ့ ထုတ်ပြန်ချက် ထဲမှာ ဖော်ပြထားပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဦးဉာဏ်ဝင်းက

“ကျနော်တို့ ဆီကို ဒီ ဒေသက လူတွေက သူတို့ က တော်တော်လေး စိတ်အား ထက်သန်စွာ နဲ့ ပေါ့ နော် ဒီ ရွေးကောက်ပွဲ ကို စောင့်နေကြတာ။ တော်တော် စိတ်ပျက် သွားကြတာပေ့ါ။ အစိုးရက ကြေငြာတယ်။ လုံခြုံရေး အကြောင်းပြ ချက်ဆိုတာ ကလည်း သူတို့တော့ ဘာမှ မတွေ့ဘူး လို့ ကျနော်တို့ကို ပြောပါတယ်။ အဲဒီ အပေါ်မှာ ကျနော်တို့ ကြေငြာချက် ထုတ်ပါတယ်။ နောက် ဒေါ်အောင်ဆန်း စုကြည် ရဲ့ သဘောထား ယူပြီးတော့ လည်း အဲဒီ အောက်ပိုင်းက ညှိနှိုင်း ဆောင်ရွက်ရင် ဖြစ်နိုင်တယ် ဆိုတဲ့ အကြောင်းကိုလည်း ကျနော်တို့ သဘောထား အဖြစ် ဖော်ပြပါတယ်။”

ရွေးကောက်ပွဲမလုပ်ဘူးလို့ ကြေညာ ပြီးကာမှ လုပ်မယ်လို့ ပြန်ကြေညာဖို့ ဥပဒေအရ ဖြစ်နိုင်သလို ညှိနှိုင်းဆောင်ရွက်ရင် ဖြစ်နိုင် ပါတယ်ဆိုပေမဲ့လည်း ဒီလောက်အချိန်နဲ့ ဖြစ်နိုင်စရာတော့ မမျှော်လင့်ပါဘူးလို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

အရင်သီတင်းပတ်တွေတုန်းက မဲဆန္ဒရှင်စာရင်း မမှန်မကန် ဖြစ်တာတွေ၊ ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးပွဲ တွေကို ဟန့်တား နှောက်ယှက်ခံရတာ၊ ရန်မူခံ ရတာတွေ စတဲ့ ဖြစ်ရပ် တွေကို တောက်လျှောက်လို ကြားနေခဲ့ ရပါတယ်။ အခုအချိန်မှာ မဲဆန္ဒရှင် စာရင်း မမှန်မကန်ဖြစ်တဲ့ အခြေအနေပိုင်း တိုးတက်မှု ရှိလာပေမဲ့ ကျန်တာတွေ ကတော့ မထူးခြားဘူးလို့ ဦးဉာဏ်ဝင်းက ပြောပါ တယ်။

“မဲ စာရင်း မှားယွင်း တာတော့ နဂိုထက် စာရင် လျှော့ သွားပြီလို့ ပြောရမယ်။ NLD အပေါ်မှာ အနှောက် အယှက်တွေ ကတော့ ကျနော်တို့ သတင်းတွေ ရနေ ပါသေးတယ်။ သိပ် ဆိုးဆိုးရွားရွားတော့ နောက်ထပ် မကြားသေးဘူး။ အနှောက် အယှက် ဖြစ်တာတွေ တော့ အများကြီး ရှိတာပေ့ါ။ အသေးစိတ် လည်း အနှောက် အယှက်ဖြစ်တိုင်း လည်း ကျနော်တို့ မပြောပါဘူး။ ကျနော်တို့ စီစစ်ပါတယ်။ အဲဒီတော့ အားလုံး ပြီးပျောက်သွား ပြီလို့ ကျနော်တို့ မပြောနိုင်ပါဘူး။ မဲ စာရင်း အနေနဲ့ တိုးတက်မှု ရှိပါတယ်။”

NLD ရဲ့ ရွေးကောက်ပွဲအောင်နိုင်ရေးတာဝန်ခံ ဦးဉာဏ်ဝင်းပါ။

ကြားဖြတ်ရွေးကောက်ပွဲတွေကျင်းပဖို့က ကြားထဲမှာ ငါးရက်ပဲကျန်တော့ပြီး နိုင်ငံတကာက ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူ တွေ၊ သတင်းမီဒီယာသမားတွေကို မြန်မာအစိုးရက လာခွင့်ပြုထားတာမို့ မကြာခင် ရက်ပိုင်းတွေအတွင်း ရောက်လာကြတော့မှာ ဖြစ်ပါတယ်ခင်ဗျား။

XS
SM
MD
LG