သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် ဟာဝိုင်ယီ ကျောင်းသားတွေနဲ့ တွေ့ဆုံ


ဟိုနိုလူလူက ကျောင်းသူကျောင်းသားတွေကို ဒေါ်အောင်ဆန်းစုကြည် စကားပြောကြားနေစဉ်။ (ဇန်နဝါရီလ ၂၇ ရက်၊ ၂၀၁၃)။
ဟိုနိုလူလူက ကျောင်းသူကျောင်းသားတွေကို ဒေါ်အောင်ဆန်းစုကြည် စကားပြောကြားနေစဉ်။ (ဇန်နဝါရီလ ၂၇ ရက်၊ ၂၀၁၃)။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ဟိုနိုလူလူမှာရှိတဲ့ အထက်တန်း ကျောင်းသူကျောင်းသားတွေနဲ့ တွေ့ဆုံ စကားပြောခဲ့ ပါတယ်။ ဒီတွေ့ဆုံပွဲ အကြောင်း အပြည့်စုံသိရအောင် ဟိုနိုလူလူမှာ ရောက်နေပြီး ဒီတွေ့ဆုံပွဲကို တက်ရောက် သတင်းယူခဲ့တဲ့ ကျမတို့ရဲ့ ဗွီအိုအေ ဝိုင်းတော်သား ဦးသိန်းထိုက်ဦးကို မေးဖြစ်ခဲ့ ပါတယ်။ ဒီကနေ့ တွေ့ဆုံပွဲနဲ့ ပတ်သက်လို့ ဦးသိန်းထိုက်ဦးက ခုလို ပြောပြပါတယ်။

“ဒီကနေ့ တွေ့ဆုံပွဲက ဟိုနိုလူလူမှာရှိတဲ့ Hawaii Community Foundation အောက်မှာရှိတဲ့ ငြိမ်းချမ်းရေးအဖွဲ့ပေါ့နော်၊ ငြိမ်းချမ်းရေးအသင်း၊ Pillars of Peace လို့ ခေါ်တဲ့ ငြိမ်းချမ်းရေး မဏ္ဍိုင်ကြီးများလို့ပဲ ပြောရမှာပေါ့။ အဲဒီအသင်းကနေပြီးတော့ ကမကထ လုပ်ပြီးတော့ ကျောင်းသားလေးတွေနဲ့ ရပ်မိရပ်ဖတွေ၊ ဒေသခံတွေကို တွေ့ဆုံပေးတဲ့ပွဲပါခင်ဗျ။ အဓိက ကတော့ အထက်တန်း ကျောင်းသူကျောင်းသားတွေ ဒေါ်အောင်ဆန်းစုကြည်ကို သူတို့သိလိုတဲ့ မေးခွန်းတွေကို သူတို့ မေးကြပါတယ်ခင်ဗျ။ ဒေါ်အောင်ဆန်းစုကြည်ဘက် ကလည်း ပြန်ပြီးတော့ ဖြေပါတယ်။ အရင်တုန်းကလည်း ဒီ Pillars of Peace အဖွဲ့က တောင်အာဖရိက ဘုန်းတော်ကြီး ဒက်စ်မွန်တူးတူး တို့၊ တိဘက် ဘာသာရေးခေါင်းဆောင် ဘုန်းတော်ကြီး ဒလိုင်းလားမား တို့ကို ဖိတ်ကြားပြီးတော့ ဒီလို ငြိမ်းချမ်းရေးဆိုင်ရာ ဟောပြောပွဲ မျိုးတွေ ကျင်းပပေးခဲ့ဖူးပါတယ်ခင်ဗျ။”

မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေအနေတွေနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ကရော ဘာတွေ ပြောဆိုခဲ့ပါလဲရှင့်။ -

“ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ အဓိက ပြောဆိုသွားရင်းနဲ့ ကချင်ပြည်နယ်မှာ ဖြစ်နေတဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည် တော်တော်လေး အလေးပေး ပြောသွားတာကို ကျနော် တွေ့ရပါတယ်ခင်ဗျ။ ကချင်ပြည်နယ်မှာ စစ်ပွဲတွေကြောင့်မိုလို့ အမျိုးသမီးတွေ၊ ကလေးသူငယ်တွေ အဓိက ဒုက္ခရောက်နေကြတဲ့ အနေအထားတွေကိုလည်း သူ့မိန့်ခွန်းထဲမှာ အဓိက ပြောသွားပါတယ်။ ငြိမ်းချမ်းရေး အတွက်က ငြိမ်းချမ်းရေးကို ရဖို့ဆိုလို့ရှိရင် တယောက်နဲ့တယောက်က စေ့စပ် အပြန်အလှန် ညှိနှိုင်းတာမျိုးတွေ လိုအပ်တယ်။ နောက် ရိုးသားဖို့လိုတယ်။ သင့်မြတ်ဖို့ လိုတယ်ပေါ့နော်။ အဲဒီတော့ ရိုးသားမှုအတွက် အဓိက ဒါတွေအတွက် အရေးကြီးဆုံးကတော့ သတ္တိရှိဖို့ လိုတယ် ဆိုပြီးတော့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်ခင်ဗျ။ အဓိက ကတော့ ပဋိပက္ခကို ဖန်တီးတဲ့သူတွေက ဒီပဋိပက္ခတွေကို ရပ်ဆိုင်းဖို့အတွက် သတ္တိရှိကို ရှိရမယ် ဆိုတာမျိုး ကိုယ့်ရဲ့အတ္တတွေကို ခဝါချဖို့ မဖြစ်မနေ လိုအပ်တယ် ဆိုတာမျိုးကို ဒေါ်အောင်ဆန်းစုကြည် ပြောသွားပါတယ်ခင်ဗျ။”

ကျောင်းသားတွေဘက်ကရော မေးခွန်းမေးမြန်းတာတွေ၊ ဆွေးနွေးတာတွေရော အပြန်အလှန် ရှိခဲ့ပါလားရှင့်။ -

“ကျောင်းသားတွေဘက်ကတော့ အဓိက ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ဘ၀ နှစ်ပေါင်းများစွာ နေခဲ့တဲ့အချိန်မှာ ဘယ်လို သူ ကျင့်ကြံနေထိုင်ခဲ့လဲ။ သူ့ကိုယ်သူ ဘယ်လို စည်းကမ်းတည်ဆောက်ခဲ့တယ်၊ နောက် သူ့ဘဝမှာ ဘယ်သူတွေကို အားကျ အတုယူပြီးတော့ ဒီလို ငြိမ်းချမ်းရေးနဲ့ပြန်လည် သင့်မြတ်ရေးအတွက် စံနမူနာထားရမယ့် ခေါင်းဆောင် တယောက် ဖြစ်အောင် ကြိုးပမ်းနိုင်ခဲ့တယ်။ ဒါတွေကို ကျောင်းသားတွေက အဓိက ထားပြီးတော့မေးသွားပါတယ်ခင်ဗျ။ ဒေါ်အောင်ဆန်းစုကြည်ကတော့ သူ့ရဲ့ ငြိမ်းချမ်းရေးဆိုင်ရာ မိန့်ခွန်းထဲမှာ ပဋိပက္ခတွေ ချုပ်ငြိမ်းဖို့အတွက် လူတွေအနေနဲ့ အခုဖြစ်နေတဲ့ ဒီပဋိပက္ခတွေ ရပ်စဲဖို့ ဆိုတာမှာ အမုန်းတရားတွေကို အားလုံး အဆုံးသတ်ဖို့၊ နောက်ပြီးတော့ အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့ ဒီလိုအဆုံးသတ်ရဲတဲ့ သတ္တိရှိဖို့ မဖြစ်မနေ လိုအပ်တယ်ဆိုတာကိုပဲ သူ အဓိက ပြောသွားတာ တွေ့ရပါတယ်ခင်ဗျ။”

ဒီနေ့ကတော့ ဟိုနိုလူလူမှာ ကျောင်းသူကျောင်းသားတွေကို တွေ့ဆုံတာအပြင် တခြား ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ဘယ်သူတွေနဲ့ တွေ့ဆုံတာ စကားပြောတာတွေရော ရှိပါလဲရှင့်။ -

“အခု မနက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည် ကျောင်းသားတွေနဲ့ တွေ့ပြီးတော့ ညနေပိုင်းမှာတော့ Rotary Peace Foundation အဖွဲ့က သူ့ကို အထူးဧည့်သည်တော်အဖြစ် ဖိတ်ကြားထားပါတယ်။ အဲဒီမှာ သူ မိန့်ခွန်းပြောကြားဖို့ ရှိပြီးတော့ ငြိမ်းချမ်းရေးဆုကိုလည်း လက်ခံရယူမှာ ဖြစ်ပါတယ်။ မနက်ဖြန်မှာတော့ သူ ဟာဝိုင်ယီကနေ တောင်ကိုရီးယားကို သွားမယ်လို့ ကျနော်တို့ သိရပါတယ်ခင်ဗျ။”
XS
SM
MD
LG