သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည်အမှု နေပြည်တော် တရားရုံးချုပ်မှာ ၂၉ ရက်နေ့ ကြားနာမည်


ဒေါ်အောင်ဆန်းစုကြည်အမှု နေပြည်တော် တရားရုံးချုပ်မှာ ၂၉ ရက်နေ့ ကြားနာမည်
ဒေါ်အောင်ဆန်းစုကြည်အမှု နေပြည်တော် တရားရုံးချုပ်မှာ ၂၉ ရက်နေ့ ကြားနာမည်

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်အကျယ်ချုပ် ချထားတဲ့ အမှုအတွက် အထူးအယူခံလွှာကို လာမယ့် နိုဝင်ဘာလ ၂၉ ရက်နေ့ နေပြည်တော် တရားရုံးချုပ်မှာ ကြားနာတဲ့အခါ တရားဥပဒေ စိုးမိုးမှုဟာ အဓိက ကျသလို တရားရုံးက နိုင်ငံရဲ့ တရားဥပဒေ စိုးမိုးမှုကို ဘယ်လောက်ထိ လိုက်နာမလဲဆိုတာ ကြည့်ရှုရမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။ ဒီကနေ့ နေအိမ်မှာ အထူးအယူခံလွှာ လျောက်လဲချက်အတွက် ရှေ့နေတွေနဲ့ တွေ့ဆုံစဉ်အတွင်း အခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ အထူးအယူခံလွှာအမှု အတွက်ရော၊ လက်ရှိ နိုင်ငံရေး အခြေအနေတွေကိုပါ ဒေါ်အောင်ဆန်းစုကြည်က ဘာတွေ ပြောလိုက်သလဲဆိုတာ မသင်းသီရိက တင်ပြပေးထားပါတယ်။

နေအိမ်အကျယ်ချုပ် ချထားတဲ့ အမှုအတွက် အထူးအယူခံလွှာကို နေပြည်တော်က ၅ ဦးထိုင် တရားရုံးမှာ လာမယ့် အောက်တိုဘာ ၂၉ ရက် သောကြာနေ့မှာ ကြားနာမှာမို့ ရှေ့နေတွေ ဖြစ်ကြတဲ့ ဦးဉာဏ်ဝင်း၊ ဦးကြည်ဝင်းနဲ့အတူ ဒေါ်ခင်ဌေးကြွယ်တို့ ၃ ဦးဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ နေအိမ်မှာ ၃ နာရီလောက် ဆွေးနွေးခဲ့ပါတယ်။ အထူးသဖြင့် ဒီအထူးအယူခံလွှာနဲ့ ပတ်သက်လို့ တရားရုံးဟာ နိုင်ငံတော်ရဲ့ တရားဥပဒေ စိုးမိုးမှုကို ဘယ်လောက်ထိ လိုက်နာဆောင်ရွက်မလဲ ဆိုတာ ကြည့်ရမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြောင်း ဦးဉာဏ်ဝင်းက ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ကတော့ ဒါ တရားဥပဒေ စိုးမိုးရေးဟာ အဓိကပဲ။ ဒီအမှုမှာ တရားဥပဒေ စိုးမိုးရေးနဲ့ ပတ်သက်ပြီး ဘယ်လောက် လိုက်နာနိုင်ကြသလဲ ဆိုတာ ကြည့်ရှုရမယ်လို့ အဲဒီလို ပြောပါတယ်။ သူ့အမှုနဲ့ ပတ်သက်ပြီး ကျနော်တို့နဲ့ ဆွေးနွေးတယ်၊ ဥပဒေ အချက်အလက်များ အားလုံးကို ကြည့်ပြီးတဲ့အခါ သူဟာ သူ့ကို အပြစ်မရှိ လွှတ်လိမ့်မယ်လို့ သူကိုယ်တိုင်လည်း ယူဆတယ်၊ ကျနော်တို့လည်း ယူဆတယ်။”

အခုလို အမှုအကြောင်း ဆွေးနွေးရင်းနဲ့ မကြာခင် ကျင်းပတော့မယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်လို့လည်း လူထုဟာ ရွေးကောက်ပွဲမှာ မဲပေးတာ ဒါမှမဟုတ် မဲမပေးဘဲ နေတာတွေဟာ ကိုယ်ပိုင်ရွေးချယ်ခွင့် ဖြစ်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

“လာမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ အချို့ ပြောနေကြတယ်၊ သူတို့မှာ NLD မဝင်တဲ့အတွက် ရွေးချယ်စရာမရှိ ဖြစ်နေတယ်။ အဲဒီစကားနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ဒါ မမှန်ဘူး၊ ရွေးချယ်ခွင့်ဟာ အခုလည်း ရှိနေတယ်၊ နောင်လည်း ရှိမှာပဲ၊ ဘယ်သူမဆို မိမိကိုယ်တိုင် ရွေးချယ်ခွင့်တွေ၊ ကိုယ့်ကိုယ်ကို ရွေးချယ်ခွင့်တွေ ရှိပါတယ်။

“မဲပေးခြင်းဟာလည်း မိမိကိုယ်တိုင် ရွေးချယ်ခွင့်ပဲ။ မဲမပေးဘဲ နေတာလည်း ရွေးချယ်ခွင့်ပဲ။ ဒါ ကိုယ်တိုင် ရွေးချယ်ခွင့် ရှိပါတယ်လို့ အဲဒီလို ဆွေးနွေးပါတယ်။ အဖွဲ့ချုပ် ဗဟိုကနေ စဉ်းစားသုံးသပ်၊ ဆုံးဖြတ် ဆောင်ရွက်တာတွေ မှန်သမျှကို သူက ဒီမိုကရေစီကို ချစ်မြတ်နိုးတဲ့ လူတွေအနေနဲ့ အဖွဲ့ချုပ် ဗဟိုရဲ့ ဆုံးဖြတ်ချက်တွေကို သူလိုက်နာရမယ်ဆိုတာ ပြောလိုက်တယ်။”

ဒါ့အပြင် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာရဲ့ မြန်မာ့အရေးအပေါ် စိတ်ဝင်စားမှုတွေ၊ မြန်မာ့နိုင်ငံရေးနဲ့ ပတ်သက်လို့ ပြောဆိုမှုတွေကို သူ ဂရုတစိုက် အမြဲနားထောင်နေသလို ကျေးဇူးတင်ကြောင်းကိုလည်း ပြောလိုက်တယ်လို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

တခါ ရခိုင်ကမ်းမြောင်ဒေသမှာ တိုက်ခတ်ခဲ့တဲ့ ဂီရိမုန်တိုင်းနဲ့ ပတ်သက်လို့လည်း ပြည်သူလူထုရဲ့ ဒုက္ခတွေကို သက်သာအောင် NLD ပါတီက ကူညီဆောင်ရွက်ဖို့ကိုလည်း တိုက်တွန်းလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ကို အမေရိကန် နိုင်ငံသား ဂျွန်ယက်ထော ရေကူးဝင်ရောက်လာတာကို ခဏတာ နားခိုခွင့် ပေးခဲ့တဲ့အတွက် ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်အပေါ် ချထားတဲ့ ပြစ်မှုအတွက် အထူးအယူခံလွှာ လျောက်လဲချက် ပေးဖို့ အထူး တိုင်းတရားရုံးချုပ်က အောက်တိုဘာလ ၂၀ ရက်နေ့က လက်ခံခဲ့တာပါ။ မူလတရားရုံးနဲ့ ရန်ကုန်တိုင်း တရားရုံးတို့က ၂ ကြိမ် အယူခံလွှာကို ပယ်ချခဲ့ဖူးပါတယ်။

ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်တဲ့ ဥပဒေတွေဟာ ဒေါ်အောင်ဆန်းစုကြည် မပါဝင်နိုင်အောင် ကန့်သတ်ထားသလို တရားမျှတမှုလည်း မရှိတာကြောင့် ဆိုပြီး နိုဝင်ဘာလ ၇ ရက်နေ့မှာ ပြုလုပ်မယ့် ရွေးကောက်ပွဲကို NLD ပါတီက ဝင်ရောက်ယှဉ်ပြိုင်မှာ မဟုတ်ဘူးလို့ ဆုံးဖြတ်ချက် ချခဲ့သလို ရွေးကောက်ပွဲ ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကိုလည်း လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

ဒီနေ့မှာလည်း ခမောက်တံဆိပ်ချင်း တူနေတဲ့ NDF အမျိုးသား ဒီမိုကရေစီ အင်အားစုနဲ့ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဟာ မပတ်သက်၊ မသက်ဆိုင်တဲ့အကြောင်း ကြေညာချက်တစောင် ထုတ်ပြန်ခဲ့တယ်လို့ NLD ပါတီက ပြောပါတယ်။

XS
SM
MD
LG