သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စုနဲ့ ILO ဆက်ဆံရေး အရာရှိ တွေ့ဆုံ


ဒေါ်စုနဲ့ ILO ဆက်ဆံရေး အရာရှိ တွေ့ဆုံ
ဒေါ်စုနဲ့ ILO ဆက်ဆံရေး အရာရှိ တွေ့ဆုံ

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ILO နိုင်ငံတကာ အလုပ်သမား အဖွဲ့ချုပ်က ရန်ကုန် ဌာနေကိုယ်စားလှယ် စတိဗ် မာရှဲလ် (Steve Marshall) နဲ့ ဒီကနေ့ တွေ့ဆုံဆွေးနွေးပြီး မြန်မာစစ်အစိုးရနဲ့ ILO အကြားက သဘောတူညီချက်တွေ၊ မြန်မာနိုင်ငံမှာ ILO က လုပ်ဆောင်နေတဲ့ လုပ်ငန်းစဉ်တွေကို ဆွေးနွေးခဲ့ပါတယ်။ အပြည့်အစုံကို ဆက်သွယ်စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ နေ့လယ်ပိုင်းက ILO နိုင်ငံတကာ အလုပ်သမား အဖွဲ့ချုပ်ရဲ့ ဌာနေကိုယ်စားလှယ် စတိဗ် မာရှဲလ်နဲ့ သူ့ရဲ့ လက်ထောက်တို့နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့တဲ့အကြောင်း NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းကြိုင်က ပြောပါတယ်။

“နေ့လယ်ခင်း အိမ်မှာ ရန်ကုန်မြို့မှာ အခြေစိုက်တဲ့ ILO ကိုယ်စားလှယ် စတိဗ် မာရှဲလ်နဲ့ သူ့ရဲ့လက်ထောက်၊ သူတို့နှစ်ယောက်ကို နေအိမ်မှာ လက်ခံ တွေ့ဆုံပါတယ်။ ILO ကိစ္စတွေ ဆွေးနွေးပါတယ်။”

ဆွေးနွေးတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်လို့ ၂ ဘက်စလုံးက ထုတ်ပြန်ခြင်း မရှိပေမဲ့ မြန်မာစစ်အစိုးရနဲ့ ILO အကြားက သဘောတူညီချက်တွေ၊ မြန်မာနိုင်ငံမှာ ILO က လုပ်ဆောင်နေတဲ့ လုပ်ငန်းစဉ်တွေကို ဆွေးနွေးဖြစ်တဲ့အကြောင်း ဦးအုန်းကြိုင်က ဆက်ပြောပါတယ်။

“အသေးစိတ် သတင်းထုတ်ပြန်မှု မရှိပါဘူး။ သို့သော်လည်း မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ILO ရဲ့ ဆောင်ရွက်ချက်တွေ အကြောင်းကို ILO ဘက်က တင်ပြပါတယ်။ ILO ရဲ့ ဆုံးဖြတ်ချက်တွေ၊ မြန်မာအစိုးရနဲ့ သူတို့ သဘောတူထားချက်တွေ၊ သူတို့ ဆောင်ရွက်ချက်တွေ အဲဒါတွေကို တင်ပြပါတယ်။”

NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းကြိုင် ပြောခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အဓမ္မ လုပ်အားပေး ခိုင်းစေမှုတွေ ပေါ်ပေါက်ရင် ILO ကို တိုက်ရိုက် တိုင်ကြားနိုင်တယ်ဆိုတဲ့ နားလည်မှု စာချွန်လွှာကို မြန်မာစစ်အစိုးရနဲ့ ILO အကြား ချုပ်ဆိုထားတာ ဖြစ်ပါတယ်။ အဓမ္မ လုပ်အားပေး ခိုင်းစေမှုနဲ့ ကလေးစစ်သား အသုံးပြုမှုတွေ မြန်မာနိုင်ငံအတွင်း မရှိတော့ဘူးလို့ စစ်အစိုးရဘက်က ပြောဆိုနေပေမဲ့လည်း ဒီကိစ္စတွေအတွက် ILO ထံမှာ တိုင်ကြားမှုတွေ အခုထိ ရှိနေတုန်း ဖြစ်ပါတယ်။

စစ်တပ်အတွင်း ကလေးစစ်သားအဖြစ် အသုံးပြုနေတာတွေ အတွက်လည်း ILO ထံ တိုင်ကြားနိုင်ကြပြီး ILO က လိုက်လံ ဆောင်ရွက်ပေးတဲ့အတွက် အသက်မပြည့်သေးတဲ့ ကလေးငယ်တွေ တပ်ထဲကနေ ပြန်လည် လွတ်မြောက်လာတဲ့ သာဓကတွေလည်း ရှိနေပါတယ်။

XS
SM
MD
LG