သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စုနဲ့ အိန္ဒိယ ပြည်ပရေးရာဝန်ကြီး တွေ့ဆုံ


အိန္ဒိယ နိုင်ငံခြားရေးဌာန ပြည်ပရေးရာဝန်ကြီး Salman Khurshid နဲ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် တို့ နိုဝင်ဘာလက နယူးဒေလီမှာ တွေ့ဆုံခဲ့စဉ်။ (နိုဝင်ဘာလ ၁၅ ရက်၊ ၂၀၁၂)။
အိန္ဒိယ နိုင်ငံခြားရေးဌာန ပြည်ပရေးရာဝန်ကြီး Salman Khurshid နဲ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် တို့ နိုဝင်ဘာလက နယူးဒေလီမှာ တွေ့ဆုံခဲ့စဉ်။ (နိုဝင်ဘာလ ၁၅ ရက်၊ ၂၀၁၂)။
မြန်မာနိုင်ငံကို အလည်အပတ်ခရီး ရောက်ရှိနေတဲ့ အိန္ဒိယနိုင်ငံ နိုင်ငံခြားရေးဌာန ပြည်ပရေးရာဝန်ကြီး Salman Khurshid ဟာ ဒီကနေ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ ရန်ကုန်မြို့မှာ တွေ့ဆုံခဲ့ပါတယ်။ မိနစ် ၄၀ ကြာတွေ့ဆုံမှု ပြုလုပ်ပြီးတဲ့နောက် ဒေါ်အောင်ဆန်းစုကြည် က သတင်းထောက်တွေကို အခုလို ပြောကြားသွားပါတယ်။

“ပထမဆုံး ပြောချင်တာကတော့ အိန္ဒိယနိုင်ငံအနေနဲ့ ကျမတို့ အမှန်တကယ် လိုအပ်တာကို အကဲဖြတ်တဲ့နေရာမှာ အခြေအနေမှန်ကို လက်တွေ့ကျကျ သုံးသပ်ဖို့လိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျမအနေနဲ့ မှန်ကန်တဲ့ အဖြစ်တွေနဲ့ ပတ်သက်ပြီး စိုးရိမ်လို့ပါပဲ။ ဖြစ်ပျက်နေတဲ့ အမြန်နှုန်း တခုကိုပဲ မဟုတ်ဘဲ အိန္ဒိယအနေနဲ့ အရာရာကို ထည့်စဉ်းစားဖို့ ဖြစ်ပါတယ်။ အရင်ဆုံး ကိုင်တွယ်ဖို့လိုတဲ့ ကျမတို့ရဲ့ ပြဿနာတွေကို ထည့်တွက်ပြီးမှ လုပ်စရာတွေကို ဆက်လုပ်ဖို့ ဖြစ်ပါတယ်။ ဒုတိယ အချက်ကတော့ ဘာပဲလုပ်လုပ် လူထုကို အတတ်နိုင်ဆုံး ပါဝင်စေလိုတယ်။ ဒီမိုကရေစီလမ်းကြောင်း အတွက် ပြည်သူလူထုကို စွမ်းရည်တွေ မြှင့်တင်ပေး ဖို့လည်း လိုအပ်ပါတယ်။ တတိယအချက်ကတော့ ကွဲပြားခြားနားမှု တွေကို တဘက်နဲ့တဘက် နားလည်အောင် လုပ်ပြီးတော့ အပြန်အလှန် လေးစားကြစေလိုပါတယ်။ တူညီတာတွေထက် မတူကွဲပြားမှု တွေကို တန်ဖိုးထားတာက အရေးကြီးတယ်လို့ ကျမ အမြဲတမ်း ယုံကြည်ပါတယ်”

မနေ့က သောကြာနေ့တုန်းကတော့ ဧည့်သည်တော် အိန္ဒိယဝန်ကြီးဟာ နေပြည်တော် မှာ မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ တွေ့ဆုံပြီး မြန်မာနိုင်ငံမှာ လူမှုအခြေခံ အဆောက်အဦး ဖွံ့ဖြိုး တိုးတက်ရေးတွေ ဆောင်ရွက်ဖို့အတွက် သဘောတူ လက်မှတ် ရေးထိုးခဲ့ကြ ပါတယ်။ စွမ်းအင်၊ ဆောက်လုပ်ရေး၊ လျှပ်စစ်ဓာတ်အားပေးရေး၊ နယ်စပ်ဒေသ ဖံ့ွဖြိုးတိုးတက်ရေး၊ ပညာရေး၊ ကျန်းမာရေးနဲ့ အိန္ဒိယ-မြန်မာ-ထိုင်း အဝေးပြေးလမ်းမကြီး ဖောက်လုပ်ရေး ကိစ္စတွေကို ဆွေးနွေးခဲ့ကြတာပါ။

အိန္ဒိယနိုင်ငံဟာ ရခိုင်ပြည်နယ်က ဒေါ်လာ သန်း ၁၂၀ တန်ဖိုးရှိတဲ့ စစ်တွေ ရေနက်ဆိပ်ကမ်း တည်ဆောက်ရေး လုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံ လုပ်ကိုင် နေပါတယ်။ အဲဒီ စစ်တွေ ရေနက်ဆိပ်ကမ်းဟာ လာမယ့် ၂၀၁၃ ခုနှစ် ဇွန်လထဲမှာ စတင်လည်ပတ်ဖို့ မျှော်မှန်းထားတာပါ။ အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း မီဇီုရမ်ပြည်နယ် ကနေ ကုန်စည်တွေကို မြန်မာနိုင်ငံနဲ့ အခြား အရှေ့တောင်အာရှဒေကို အဲဒီ ဆိပ်ကမ်းက တဆင့် ဖြန့်ဖြူးနိုင်ဖို့ အိန္ဒိယဘက်က မှန်းထားတာပါ။ သူ့ရဲ့ သုံးရက်ကြာ မြန်မာခရီးစဉ်အတွင်း အိန္ဒိယ ပြည်ပရေးရာ ဝန်ကြီးဟာ သမ္မတဦးသိန်းစိန်နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

အိန္ဒိယဝန်ကြီးဟာ တနင်္ဂနွေနေ့မှာတော့ ရန်ကုန်မှာ ကျင်းပမယ့် နိုင်ငံတကာ ဗုဒ္ဒဘာသာညီလာခံကို တတ်ရောက်ဖို့ ရှိပါတယ်။ ဒါ့အပြင် အိန္ဒိယနိုင်ငံရှေးဟောင်း သုတေသနဌာနရဲ့ အကူအညီနဲ့ ထိန်းသိမ်း စောင့်ရှောက်ထားတဲ့ အာနန္ဒာဘုရားကိုလည်း သွားရောက်ဖို့ စီစဉ် ထားပါတယ်။
XS
SM
MD
LG