မြန်မာ့နိုင်ငံရေးကို အဖြေရှာကြတဲ့ နေရာမှာ ဒေါ်အောင်ဆန်းစုကြည်လည်း ပါဝင်ရမယ်လို့ ယူဆတဲ့အကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက မနေ့က ဒေါ်အောင်ဆန်းစုကြည်နဲ့ ဖုန်းနဲ့ ဆက်သွယ်စကားပြောစဉ်မှာ ပြောဆိုသွားပါတယ်။ တချိန်တည်းမှာပဲ ဒေါ်အောင်ဆန်းစုကြည်ဘက်က အာဏာပိုင်တွေနဲ့ တွေ့ဆုံဆွေးနွေးရေး ကမ်းလှမ်းချက်ကို အာဆီယံဘက်က ထောက်ခံကူညီဖို့ လိုတဲ့အကြောင်း အင်ဒိုနီးရှား လွှတ်တော်အမတ်တွေက တိုက်တွန်းနေပါတယ်။ အပြည့်အစုံကို စုံစမ်းမေးမြန်းထားတဲ့ ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က လွတ်မြောက်လာပြီး ကတည်းက ကမ္ဘာ့နိုင်ငံ ခေါင်းဆောင်တွေ၊ အထင်ကရ ပုဂ္ဂိုလ်တွေ ဒေါ်အောင်ဆန်းစုကြည်ကို တယ်လီဖုန်းကနေ အသီးသီး နှုတ်ခွန်းဆက်ခဲ့ကြပါတယ်။ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီ နာတာလီဂ၀ါ (Marty Natalegawa) ကလည်း မနေ့က ဒေါ်အောင်ဆန်းစုကြည်ကို တယ်လီဖုန်းကတဆင့် နှုတ်ခွန်းဆက်ခဲ့တာ ဖြစ်ပါတယ်။
မြန်မာ့နိုင်ငံရေး ပြဿနာတွေ ဖြေရှင်းတဲ့နေရာမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍကို ဖျောက်ထားလို့ မရဘူးဆိုတဲ့ သဘောထား အင်ဒိုနီးရှားနိုင်ငံဘက်မှာ ရှိနေတယ် ဆိုတာကို အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီ နာတာလီဂ၀ါက မနေ့က ဒေါ်အောင်ဆန်းစုကြည်နဲ့ စကားပြောရာမှာ ဖော်ပြခဲ့တယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရသူ မိုက်ကယ် တန်းန်က ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။
“မြန်မာ့နိုင်ငံရေး ပြဿနာတွေ အဖြေရှာတဲ့ နေရာမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ တစိတ်တပိုင်း ပါဝင်ပတ်သက်ရမယ်လို့ အင်ဒိုနီးရှားနိုင်ငံက ယူဆပါတယ်။”
အင်ဒိုနီးရှားနိုင်ငံရဲ့ မြန်မာ့အရေး ရပ်တည်ဆောင်ရွက်မှု အပေါ်မှာလည်း ဒေါ်အောင်ဆန်းစုကြည်ဘက်က ချီးကျူးစကား ပြောခဲ့တယ်လို့ သိရပါတယ်။
“မြန်မာ့နိုင်ငံရေး အခြေအနေ ဖြစ်ထွန်း တိုးတက်မှုတွေ ရှိလာဖို့ အင်ဒိုနီးရှားနိုင်ငံရဲ့ ပါဝင်ဆောင်ရွက်မှု အခန်းကဏ္ဍ ရှိမှုကို ဒေါ်အောင်ဆန်းစုကြည်က ဖော်ပြ ပြောဆိုပါတယ်။ အင်ဒိုနီးရှား နိုင်ငံခြားရေး ၀န်ကြီးကလည်း ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာဖို့ အင်ဒိုနီးရှား အနေနဲ့ အစဉ်တစိုက် တွန်းအားပေး ပြောဆိုခဲ့ပြီး အခုလို ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က လွတ်မြောက်လာတဲ့ အပေါ်မှာ ၀မ်းမြောက်မိတဲ့အကြောင်း တုံ့ပြန် ပြောဆိုပါတယ်။”
အင်ဒိုနီးရှားနိုင်ငံဟာ လာမယ့် ၂၀၁၁ ခုနှစ်မှာ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူရမှာဖြစ်လို့ အင်ဒိုနီးရှားနိုင်ငံရဲ့ မြန်မာ့အရေး သဘောထားဟာ အခရကျနေတယ်လို့ ယူဆရမှာပါ။ မြန်မာ့အရေး အင်ဒိုနီးရှား လွှတ်တော်အမတ်များအဖွဲ့ ဥက္ကဋ္ဌဖြစ်သူ မစ်စ် အီဗာ ဆန်ဒါရီ (Ms.Eva Sundari) ကလည်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီ နာတာလီဂ၀ါထံကို အင်ဒိုနီးရှား အနေနဲ့ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူတဲ့အခါမှာ မြန်မာ့အရေး ရပ်တည်မှုနဲ့ ပတ်သက်ပြီး အကြံပေးစာ ပို့ခဲ့ပါတယ်။ အာဆီယံအနေနဲ့ အရင်တုန်းက ရပ်တည်ခဲ့မှုနဲ့ မတူဘဲ အင်ဒိုနီးရှားဟာ မြန်မာ့အရေးမှာ တက်တက်ကြွကြွ ဦးဆောင် ဆောင်ရွက်ဖို့ တိုက်တွန်းခဲ့တာ ဖြစ်တယ်လို့ မစ်စ် အီဗာ ဆန်ဒါရီက ပြောပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်ဘက်က ကမ်းလှမ်းထားတဲ့ တွေ့ဆုံဆွေးနွေးရေးကို လက်ခံဖို့အတွက် အာဆီယံ တိုင်းပြည်တွေ အနေနဲ့ မြန်မာစစ်အစိုးရကို ဖိအားပေးသွားကြဖို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးကို တိုက်တွန်းထားပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ကို အတိုက်အခံ ခေါင်းဆောင်တဦးအဖြစ် အာဆီယံအနေနဲ့ တရားဝင် အသိအမှတ်ပြုဖို့ကိုလည်း တိုက်တွန်းထားပါတယ်။”
အင်ဒိုနီးရှားလွှတ်တော် နိုင်ငံခြားရေး ကော်မတီက လွှတ်တော်အမတ် ၆ ဦးဟာ မြန်မာနိုင်ငံသွားပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံနိုင်ဖို့ ကြိုးပမ်းခဲ့တယ်လို့ မစ်စ် အီဗာက ပြောပါတယ်။ ဒါပေမဲ့ သူတို့ ၆ ဦးစလုံးကို မြန်မာအာဏာပိုင်တွေဘက်က နိုင်ငံဝင်ခွင့်ဗီဇာ ထုတ်မပေးသေးတာကြောင့် မြန်မာနိုင်ငံကို သွားရောက်ခွင့် မရသေးဘူးလို့ သိရပါတယ်။ အင်ဒိုနီးရှားလွှတ်တော် အနေနဲ့ကတော့ တွေ့ဆုံဆွေးနွေးရေး လုပ်ဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရပ်တည်မှုကို အပြည့်အ၀ ထောက်ခံထားတယ်လို့ မစ်စ် အီဗာက ပြောပါတယ်။
“အင်ဒိုနီးရှားလွှတ်တော်ရဲ့ ရပ်တည်ချက်ကတော့ ရှင်းပါတယ်။ အထူးသဖြင့်တော့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ပြီးခဲ့တဲ့ ရွေးကောက်ပွဲ ကိစ္စကို ဘာမှမပြောဘဲ အာဏာပိုင်တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ကိုပဲ တောင်းဆိုနေတဲ့ ပျော့ပျောင်းတဲ့ ချဉ်းကပ်မှုကို ၀မ်းမြောက်ဝမ်းသာ ထောက်ခံပါတယ်။”
အင်ဒိုနီးရှားနိုင်ငံဟာ မြန်မာ့အရေးအတွက် ကြားဝင်ဆောင်ရွက်နိုင်ဖို့ အကြိမ်ကြိမ် ကြိုးပမ်းခဲ့ဖူးပါတယ်။ အင်ဒိုနီးရှား သမ္မတရဲ့ အထူးကိုယ်စားလှယ် ခန့်ပြီးတော့လည်း ဆောင်ရွက်တာမျိုး ရှိခဲ့ပါတယ်။ ဒါပေမဲ့ ရလဒ်ကောင်းတော့ မထွက်ခဲ့ပါဘူး။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲ ကာလမှာတော့ ရွေးကောက်ပွဲကနေ အခင်းအကျင်းသစ်တခု ထွက်လာနိုင်တယ်လို့ အင်ဒိုနီးရှား ခေါင်းဆောင်ပိုင်းက ထုတ်ပြောခဲ့ဖူးပါတယ်။
မြန်မာစစ်အစိုးရရဲ့ လက်ရှိ ဖွဲ့စည်းပုံနဲ့ အခင်းအကျင်းဟာ အရင် အင်ဒိုနီးရှား အာဏာရှင်ဟောင်း ဆူဟာတိုရဲ့ နိုင်ငံရေး အခင်းအကျင်း ပုံစံကို အတုယူ ဆောင်ရွက်တာ ဖြစ်တယ်လို့ လေ့လာသူတွေကတော့ ယူဆကြပါတယ်။ အင်ဒိုနီးရှား အစိုးရ ခေါင်းဆောင်ပိုင်း ကိုယ်တိုင်ကလည်း ပြီးခဲ့တဲ့ မြန်မာနိုင်ငံ ရွေးကောက်ပွဲကနေ အင်ဒိုနီးရှားမှာလို နောက်ပိုင်း အပြောင်းအလဲတွေ တဖြည်းဖြည်း ဖြစ်လာမလား သူတို့ရဲ့ မျှော်လင့်ချက်ကို ထုတ်ပြောခဲ့ကြဖူးပါတယ်။