သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်တပ်ပါဝင်တဲ့ ပြန်လည်သင့်မြတ်ရေး ဒေါ်အောင်ဆန်းစုကြည် လုပ်ဆောင်လို


စစ်တပ်ပါဝင်တဲ့ ပြန်လည်သင့်မြတ်ရေး ဒေါ်အောင်ဆန်းစုကြည် လုပ်ဆောင်လို

မြန်မာနိုင်ငံမှာ အမျိုးသား ပြန်လည်သင့်မြတ်ရေး ဖြစ်ပေါ်ဖို့အတွက် အားလုံးပါဝင်တဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေကို စစ်အစိုးရ အပါအဝင် သက်ဆိုင်သူ အားလုံးနဲ့ ပြုလုပ်လိုတဲ့အကြောင်း သူနဲ့ တွေ့ဆုံစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှား သံအမတ်ကြီးက ပြောပါတယ်။ အင်ဒိုနီးရှား သံအမတ်ကြီးဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့တုန်းကပဲ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့တာပါ။ အပြည့်အစုံကို ဆက်သွယ်စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှား သံအမတ်ကြီး ဆီဘက်စ်ရှန်နပ်စ် ဆူမာဆိုနို (Sebastianus Sumarsono) ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၁ ရက်နေ့ အင်္ဂါနေ့က မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့နေအိမ်မှာ တွေ့ဆုံ ဆွေးနွေးခဲ့တာပါ။

အင်ဒိုနီးရှား သံအမတ်ကြီး အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က ပြန်လည် လွတ်မြောက်လာပြီး နောက်တနေ့မှာ ပထမအကြိမ် တွေ့ဆုံပြီး ဖြစ်တာမို့ ဒါဟာ ဒုတိယအကြိမ်မြောက် တွေ့ဆုံခြင်း ဖြစ်ပါတယ်။ ဒါကြောင့် အခုတကြိမ် တွေ့ဆုံမှုဟာ မိတ်ဆွေ ၂ ယောက် တွေ့ကြသလို ဆွေးနွေးစရာ ရှိတာတွေကို ပွင့်ပွင့်လင်းလင်း ဆွေးနွေး ပြောဆိုနိုင်ခဲ့တယ်လို့ သံအမတ်ကြီးက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဘက်ကတော့ မြန်မာနိုင်ငံမှာ အမျိုးသား ပြန်လည်သင့်မြတ်ရေး ဖြစ်ပေါ်နိုင်ဖို့ စစ်အစိုးရ အပါအဝင် သက်ဆိုင်သူ အားလုံးနဲ့ တွေ့ဆုံ ဆွေးနွေးလိုတဲ့အကြောင်း သူ့ကိုပြောခဲ့တယ်လို့ သံအမတ်ကြီး ဆီဘက်စ်ရှန်နပ်စ် ဆူမာဆိုနိုက ပြောပါတယ်။

“အမျိုးသား ပြန်လည်သင့်မြတ်ရေး ဖြစ်ပေါ်ဖို့အတွက် အစိုးရ အပါအဝင် သက်ဆိုင်သူအားလုံး ပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှု ဖြစ်ပေါ်ဖို့ သူမအနေနဲ့ လိုလားတယ်ဆိုတာ ကျနော့်ကို ပြောခဲ့ပါတယ်။ အမျိုးသား ရင်ကြားစေ့ရေး ဖြစ်ပေါ်ဖို့အတွက် တဦးတယောက်တည်းက လုပ်လို့မရဘဲ အစိုးရ အပါအဝင် သက်ဆိုင်သူအားလုံး ပါဝင်မှ ဖြစ်နိုင်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်ဘက်က ယုံကြည်ပါတယ်။ အဲဒီလို လုပ်ဆောင်တဲ့ နေရာမှာလည်း တယောက်နဲ့တယောက် သည်းခံခွင့်လွှတ်မှု၊ အပြန်အလှန် နားလည်မှုနဲ့ တဘက်နဲ့ တဘက် အပေးအယူ လုပ်ပြီးမှ ဖြစ်နိုင်မှာပါ။” လို့ ပြောသွားပါတယ်။

မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ပြုပြင်ပြောင်းလဲမှု ဖြစ်ပေါ်ဖို့ ဒေါ်အောင်ဆန်းစုကြည် ပါဝင်မှ ရနိုင်မယ် ဆိုတာကို အင်ဒိုနီးရှား အစိုးရက မကြာခဏ ဆိုသလို ပြောဆိုခဲ့ပါတယ်။

လက်ရှိ မြန်မာစစ်အစိုးရက မူဝါဒချပြီး အကောင်အထည် ဖော်နေတဲ့ လမ်းပြမြေပုံကိစ္စနဲ့ ပတ်သက်လို့လည်း တိုင်းပြည်အတွင်း စစ်မှန်တဲ့ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှု ဖြစ်ပေါ်လာရေးအတွက် အင်ဒိုနီးရှား အစိုးရ အနေနဲ့ မကြာခဏ ဆိုသလို တိုက်တွန်း ပြောဆိုမှုတွေ လုပ်ခဲ့တယ်လို့ သံအမတ်ကြီးက ဆက်ပြောပါတယ်။

“ဒီကိစ္စနဲ့ ပတ်သက်လို့ မြန်မာစစ်အစိုးရကို ကျနော်တို့ဘက်က မကြာခဏ ဆိုသလို အားပေး ပြောဆိုလေ့ ရှိပါတယ်။ အခုဆိုရင် လမ်းပြမြေပုံ ၇ ချက်ထဲက အဆင့် ၆ ဖြစ်တဲ့ ရွေးကောက်ပွဲ ကျင်းပတဲ့ အဆင့်ကို ရောက်နေပါပြီ။ မြန်မာအစိုးရ အနေနဲ့ နောက်ကျန်နေတဲ့ အဆင့်ကို အကောင်အထည်ဖော်ပြီး မြန်မာနိုင်ငံအတွင်း စစ်မှန်တဲ့ ဒီမိုကရေစီစနစ် ပေါ်ထွန်းလာအောင် တဆင့်ချင်းစီ လုပ်သွားဖို့ ကျနော်တို့ဘက်က တိုက်တွန်းပါတယ်။” လို့ ပြောသွားပါတယ်။

နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအကြိမ် ကျင်းပခဲ့တဲ့ နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲဟာ ဒီမိုကရေစီ လမ်းကြောင်းပေါ်ကို ရောက်ဖို့ ပထမခြေလှမ်း ဖြစ်လိမ့်မယ်လို့ သူ့ထင်တဲ့အကြောင်း သံအမတ်ကြီးက ပြောပါတယ်။

အာဆီယံအဖွဲ့ဝင်ဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံဟာ မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီအရေး ဖြစ်ထွန်းမှုတွေအပေါ် ကာလအတော်ကြာ ကတည်းက အနီးကပ် စောင့်ကြည့် လေ့လာနေခဲ့တဲ့အပြင် မြန်မာနိုင်ငံအပေါ် အင်ဒိုနီးရှားရဲ့ အတွေ့အကြုံတွေ မျှဝေပေးပြီး အစဉ်တစိုက် အားပေး လုပ်ဆောင်ခဲ့ပါတယ်လို့ ဆိုပါတယ်။

“ရှေ့နှစ်မှာ အာဆီယံအဖွဲ့ရဲ့ အလှည့်ကျ သဘာပတိအဖြစ် တာဝန်ယူတော့မယ့် အင်ဒိုနီးရှားနိုင်ငံဟာ မြန်မာနိုင်ငံနဲ့ ရင်းနှီးတဲ့ မိတ်ဆွေနိုင်ငံတခု ဖြစ်တာနဲ့အညီ မြန်မာနိုင်ငံက လိုအပ်တဲ့ အကူအညီတွေကို လိုအပ်တဲ့အချိန်မှာ ပေးနိုင်ဖို့ အင်ဒိုနီးရှားမှာ တာဝန်ရှိပါတယ်။ နောက် မြန်မာအစိုးရ အနေနဲ့ ဒီမိုကရေစီအရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့ ဆက်လက် ဖိအားပေး ပြောဆိုသွားမှာ ဖြစ်ပါတယ်။” လို့ ပြောသွားပါတယ်။

လက်ရှိ မြန်မာနိုင်ငံအပေါ် အမေရိကန် အစိုးရက ချမှတ်ထားတဲ့ မူဝါဒတွေနဲ့ ပတ်သက်လို့တော့ မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီအရေး ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်ပေါ်ဖို့ဟာ အာဆီယံ အပါအဝင် နိုင်ငံတကာက အထူး အာရုံစိုက်နေတဲ့ အကြောင်းအရာ ဖြစ်တဲ့အတွက် ကောင်းမွန်တဲ့ ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာရင် အမေရိကန် အတွက်လည်း အကျိုးရှိမှာပါလို့ သံအမတ်ကြီးက တုံ့ပြန်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က ပြန်လွတ်လာပြီးနောက်ပိုင်း NLD ပါတီအပေါ် အာဆီယံအဖွဲ့ဝင် နိုင်ငံတွေက နွေးနွေးထွေးထွေး ပြောင်းလဲ ဆက်ဆံလာတာကို တွေ့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို နေ့စဉ်ဆိုသလို မြန်မာနိုင်ငံအတွင်းမှာ ရှိတဲ့ သံတမန်တွေက တွေ့ဆုံနေကြသလို ကမ္ဘာ့ခေါင်းဆောင်တွေကလည်း တယ်လီဖုန်းနဲ့တဆင့် ဆက်သွယ် စကားပြောကြတဲ့အထဲ အာဆီယံနိုင်ငံတွေက ခေါင်းဆောင်တွေလည်း အများအပြား ပါဝင်ပါတယ်။

မြန်မာနိုင်ငံအတွင်း စစ်မှန်တဲ့ နိုင်ငံရေး ပြောင်းလဲမှုတွေ ဖြစ်ပေါ်ဖို့ အာဆီယံအနေနဲ့ အနာဂတ်မှာ ဘယ်လို အခန်းကဏ္ဍက ပါဝင်မယ် ဆိုတာတော့ မသေချာသေးပါဘူး။ ဒါပေမဲ့ အမေရိကန်နဲ့ အနောက်နိုင်ငံတွေလို မဟုတ်ဘဲ အာဆီယံအဖွဲ့ဟာ မြန်မာစစ်အစိုးရနဲ့ ထိတွေ့ဆက်ဆံရေးမူကို အစဉ်တစိုက် ချမှတ် ကျင့်သုံးခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG