အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တရားဝင်တည်ရှိမှုဆိုတာ ပြည်သူကပဲ ဆုံးဖြတ်ရမှာဖြစ်တယ်လို့ မြန်မာ့ဒီမို ကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဗွီအိုအေ မြန်မာပိုင်းအစီအစဉ်၊ ရုပ်မြင်သံကြားဌာနနဲ့ သီးခြား တွေ့ဆုံမေးမြန်းခန်းမှာ ပြောဆိုပါတယ်။
NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တရားဝင် နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်ခွင့် ရှိတဲ့အကြောင်း လျှောက်ထားချက်ကို နေပြည်တော်တရားရုံးမှာ နိုဝင်ဘာလ ၁၈ ရက်နေ့က စတင်ပြီးတော့ ကြားနာပါတယ်။ ရွေးကောက်ပွဲမှာ NLD ဝင်ရောက်ယှဉ်ပြိုင်တာမရှိတာနဲ့ တရားဝင်နိုင်ငံရေးပါတီအဖြစ်က ရုပ်သိမ်းကြောင်း ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ ကြေညာပိုင်ခွင့် မရှိဘူးဆိုပြီး NLD ဘက်က ချေပ လျှောက်ထား ထားတာဖြစ်ပါတယ်။
“တရားဥပဒေအရ ရပ်တည်ပိုင်ခွင့် ရှိတယ်၊ မရှိတယ်ဆိုတာကို သူတို့ တရားရုံးက ဆုံးဖြတ်မှာပေါ့။ ဒါပေမဲ့ တကယ်ကို အဲန်အယ်လ်ဒီက ရပ်တည်နိုင်လား၊ မရပ်တည်နိုင်လားဆိုတာကိုတော့ ပြည်သူ လူထုကပဲ ဆုံးဖြတ်မှာပါ”
မြန်မာပြည် ဒီမိုကရေစီ ရရှိရေးအတွက် NLD ပါတီ တခုတည်း ဆောင်ရွက်လို့ ရမှာ မဟုတ်သလိုဘဲ သူ တယောက်နဲ့လည်း ဆောင်ရွက်လို့မရဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုပါတယ်။
ရွေးကောက်ပွဲ မကျင်းပခင်ကာလမှာ နိုင်ငံရေးပါတီတွေ အများအပြားပေါ်လာခဲ့ပြီး NLD အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ် ပါတီက အဖွဲ့ဝင်တချို့လည်း အတိုက်အခံပါတီအဖြစ် သီးခြားရပ်တည်လာခဲ့ပါတယ်။
ဒီအဖွဲ့အစည်းတွေ အားလုံးနီးပါးက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတဲ့သတင်းကို ကြိုဆိုလိုက်ပြီး လက်တွဲ လုပ် ဆောင်ချင်တဲ့အကြောင်း ကမ်းလှမ်းထားပါတယ်။ ဒီအချိန်မှာပဲ ဒေါ်အောင်ဆန်းစုကြည် ဘက်က သူ့သဘောထားကို ထုတ်ဖော် ပြောဆိုခဲ့တာဖြစ်ပါတယ်။
“ဒီမိုကရေစီအတွက် လုပ်ပေးချင်တဲ့သူတွေကနေပြီးတော့ လက်တွဲချင်တယ်ဆိုရင် အန်တီတို့ဘက် ကနေ လက်တွဲဖို့ အဆင်သင့်ပါပဲ။ တချို့တွေနဲ့တောင်မှ တွေ့ဆုံဖို့ စီစဉ်ပြီးပြီလို့ ပြောပါတယ်။ ဒါကတော့ ရုံးကနေပဲ စီစဉ်နေတာပါ”
လတ်တလော နယ်စပ်တလျှောက်မှာဖြစ်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ ပြဿနာအပေါ်မှာလည်း သူ့အနေနဲ့ စိတ်မကောင်းဖြစ်ရတယ်လို့ ပြောသွားပါတယ်။
“အခုလို ပုံစံက ပြန်ပြီးတော့ လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်မလိုမြင်ရတာ အင်မတန်မှ ဝမ်းနည်းတယ်။ အန်တီတို့အနေနဲ့ ပြည်ထောင်စုစိတ်ဓာတ် ထူထောင်တဲ့နေရာမှာ မအောင်မြင်သေးဘူးလို့… အဲဒီလိုပဲ ပြောရ မှာပဲ။ ပြည်ထောင်စုစိတ်ဓာတ် အပြည့်အဝနဲ့ ဒီနိုင်ငံဟာ ငါတို့နိုင်ငံ…ပေါ့နော်၊ ဒီမြေဟာ ငါတို့အတွက် သက် သာရာ၊ လုံခြုံရာ၊ ချမ်းသာရာမြေဆိုပြီးတော့ ပြည်ထောင်စု တိုင်းရင်း သားအားလုံးက အဲဒီလို စိတ်မျိုး မရှိနိုင်သရွေ့အန်တီတို့က မအောင်မြင်နိုင်သေးဘူးလို့ ပြောရမှာပဲ။ အခု နယ်စပ်မှာ နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းနဲ့ မဖြေရှင်းဘဲနဲ့ စစ်နည်းနဲ့ဖြေရှင်းမလိုလို ဖြစ် နေတာဟာ အန်တီတို့ နိုင်ငံအတွက် အင်မတန်မှ ဝမ်းနည်းစရာကောင်းတယ်။ ဒါက မဖြစ်သင့်တဲ့ ကိစ္စပဲ”
မြန်မာစစ်အစိုးရဘက်ကတော့ သူတို့ ချမှတ်ထားတဲ့ နိုင်ငံရေး လမ်းပြမြေပုံအတိုင်း ဆက်ပြီး ဆောင်ရွက်မယ် လို့ ပြောဆိုထားပါတယ်။ အခုဆိုရင် အဆင့်ခြောက်ဆင့်ကို ရောက်နေပြီလို့ ဆိုပါတယ်။ ရွေးကောက်ပွဲမှာ ပါဝင်ခဲ့တဲ့ နိုင်ငံရေးပါတီတွေအနေနဲ့ စစ်အစိုးရရဲ လမ်းပြမြေပုံအတိုင်း သဘောတူလိုက်နာဆောင်ရွက်တဲ့ သဘောသက် ရောက်ပေမဲ့ NLD ကတော့ ရွေးကောက်ပွဲကိုသပိတ်မှောက်ပြီး ဒီ လမ်းပြမြေပုံ အစီအစဉ်တွေ ကို ဆန့်ကျင် ကျောခိုင်းထားပါတယ်။ ဒါကြောင့်လည်း ရှေ့ဆက်လက်တွဲဆောင်ရွက်ရေးဟာ ဖြစ်နိုင်ပါ့မလား ဆိုတဲ့ မေးခွန်း ထုတ်မှုတွေ ရှိနေပါတယ်။
“အမျိုးသားပြန်လည် ရင်ကြားစေ့ရေးက အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးပဲလေ။ တခုရှိလို့ တခု မရှိရဘူး လည်းမဟုတ်ဘူး၊ တခုရှိလို့ တခုက အလိုလိုပါလာမှာလည်း မဟုတ်ဘူး။ ဒါဟာ အမျိုးသား ရင်ကြားစေ့ရေး ကတော့ တကယ်ကို လိုအပ်တဲ့ကိစ္စပဲ။ လမ်းပြမြေပုံဆိုတာကတော့ မြေပုံအမျိုးမျိုး ရှိနိုင်တာပေါ့။ အမျိုးသား ရင်ကြားစေ့ရေးဆိုတော့ မရှိမဖြစ် တိုင်းပြည်ရဲ့ ကောင်းကျိုးအတွက် လိုအပ် တဲ့ကိစ္စပဲ။ အဲဒီဟာတော့ ဆက်လုပ်သွားရမှာပဲ”
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတဲ့အတွက် မြန်မာနိုင်ငံ အခြေအနေတိုးတက်မှုတွေ ရှိလာနိုင်တယ် ဆိုပြီး မျှော်လင့်သူတွေက မျှော်လင့်ထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ သူလွတ်မြောက်ရုံနဲ့ ဒါဟာ မြန်မာပြည်မှာ ပြုပြင်ပြောင်းလဲမှုတွေ ရှိနေပြီလို့ မသတ်မှတ်သင့်တဲ့အကြောင်း ပြောဆိုထားပါတယ်။ တခြား နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့ အရေးကြီးတဲ့အကြောင်းနဲ့ ဒီလို လွတ်မြောက်ရေးအတွက် ဆက်ပြီး တောင်းဆိုပေးကြဖို့လည်း နိုင်ငံတကာ အသိုင်းအဝိုင်းကို မေတ္တာရပ်ခံပါတယ်။
“တခုတော့ အန်တီ ရှင်းရှင်းလင်းလင်း ပြောနိုင်တာက ကျန်နေတဲ့ ၂ ထောင်ကျော်သော နိုင်ငံရေး အကျဉ်း သားတွေ အမြန်ဆုံးလွတ်မြောက်ဖို့အတွက် ကူညီဆောင်ရွက်ပေးပါ။ အဲဒါတွေအတွက်ကိုတော့ တောင်းဆို ပေးပါ ဆိုတာကိုတော့ အဲဒါတွေကိုတော့ အန်တီ ဒီအချိန်၊ ဒီနေရာမှာ ပြောချင်တယ်။ ကျန်တဲ့ကိစ္စတွေက တော့ ပြောစရာတွေက အများကြီးရှိပါသေးတယ်”
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပြီးတဲ့နောက် သူ့ရဲ့ လုံခြုံရေးကို စိုးရိမ်တဲ့အကြောင်း ဒီမိုကရေစီ လိုလားတဲ့ အတိုက်အခံ အဖွဲ့အစည်းတွေက ပြောဆိုနေပါတယ်။ သြစတေးလျ ဝန်ကြီးချုပ် Julia Gillard ကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့လုံခြုံရေးနဲ့ ပတ်သက်ပြီးတော့ စစ်အစိုးရဘက်က တာဝန်ယူသင့်တယ်လို့ ပြောဆိုထားပါတယ်။ ၂၀၀၃ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ကို ထောက်ခံသူတွေ တိုက်ခိုက်ခံခဲ့ရတဲ့ ဒီပဲယင်း အကြမ်းဖက်တိုက်ခိုက်မှုကြီးမျိုး နောက်တကြိမ် ပေါ်ပေါက်လာမှာကို စိုးရိမ်ပူပန်တဲ့အကြောင်း ထုတ် ဖော်ပြောဆိုမှုတွေလည်း ရှိနေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ သူ့လုံခြုံရေးအတွက် အန်အယ်လ်ဒီ လူငယ်တွေက အပြည့်အ၀ ကာကွယ်ပေးမယ်လို့ ယုံကြည်တဲ့အကြောင်းနဲ့ သူ့အနေနဲ့ ဘာမှ မစိုးရိမ်တဲ့ အကြောင်း VOA ကို အခုလို ပြောပါတယ်။
“လုံခြုံရေးနဲ့ ပတ်သက်လို့ကတော့ ဒီလိုပဲ အဖွဲ့ချုပ်က လူငယ်တွေက အစကတည်းကလည်း လုပ်ခဲ့ပါတယ်။ အခုလည်းလုပ်နေပါတယ်။ လုပ်နေတာပဲပေါ့နော်။ အဲန်အယ်လ်ဒီလို ပါတီတခုဆိုတာက လုံခြုံရေးနဲ့ ပတ် သက်တဲ့ကိစ္စတွေက အကန့်အသတ်နဲ့ ရှိပါ တယ်။ လက်နက်ကိုင်တပ်ဖွဲ့လည်း မဟုတ်ဘူး။ လုံခြုံရေးတပ်ဖွဲ့ လည်း မဟုတ်ဘူးဆိုတော့ ကလေးတွေကတော့ လုပ်နိုင်သမျှ လုပ်ပါတယ်။ သူတို့ အရင်တုံးကလည်း အကာအကွယ်ပေးခဲ့တာပဲ။ အခုလည်း သူတို့ အကာအကွယ်ပေးမယ်ဆိုတာကို ယုံကြည်ပါတယ်။ စိတ်ချပါ”
နိုဝင်ဘာလ ရ ရက်နေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ မတရားမှုတွေ မဲမသမာမှုတွေ ရှိခဲ့တယ်ဆိုပြီး အတိုက်အခံပါတီတွေက ပြောဆိုနေပါတယ်။ ဒီလု မတရားမှုတွေကို စုံစမ်းစစ်ဆေးဖို့ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ကော်မရှင်တရပ် ဖွဲ့စည်းထားပါတယ်။ NLD အနေနဲ့ ရွေးကောက်ပွဲမှာ မပါပေမဲ့လည်း ရွေးကောက်ပွဲမှာ ပေါ်ပေါက်ခဲ့တဲ့ မတရားမှုတွေကိုတော့ လစ်လျူရှုမှာ မဟုတ်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
“ရွေးကောက်ပွဲရလဒ်နဲ့ပတ်သက်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကနေပြီးတော့ ကော်မတီဖွဲ့ပြီးတော့ အစီရင်ခံစာရေးမယ်ဆိုပြီးတော့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ အဲဒီ အစီရင်ခံစာထဲမှာ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ဘယ်လိုဖြစ်ခဲ့တယ် ဆိုတာကို ထည့်သွင်းပြီး ဖော်ပြပါလိမ့်မယ်”
မြန်မာပြည်ဒီမိုကရေစီရေး လှုပ်ရှားမှုအတွင်း နေအိမ်အကျယ်ချုပ်အဖြစ် အထိမ်းသိမ်းခံခဲ့ရတဲ့သက်တမ်း နှစ် ပေါင်း ၁၅ နှစ်နီးပါး ရှိမယ်လို့ မြန်မာ့ဒီမိုကရေစီအင်အားစုတွေက ခန့်မှန်းပါတယ်။ ဒီလို နှစ်တွေအကြာကြီး ကြံ့ကြံ့ခံရပ်တည်နိုင်ဖို့နဲ့ ဆက်ပြီး ရုန်းကန်တိုက်ပွဲဝင်နိုင်ဖို့ အင်အားတွေ ဘယ်လိုရခဲ့ပါသလဲဆိုတဲ့ မေးခွန်းကို လည်း ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြန်ဖြေပါတယ်။
“အဲဒါကတော့ အန်တီ့ကို ဝိုင်းပြီး အကူအညီပေးတဲ့သူတွေကြောင့်လို့ပဲ ပြောရမှာပဲ။ ကိုယ် တယောက်တည်း လုပ်နိုင်တဲ့ကိစ္စမှ မဟုတ်ဘဲ။ အန်တီ့ကို ဝိုင်းပြီးတော့ ကူညီပေးတဲ့သူတွေ၊ အားပေးတဲ့မိတ်ဆွေတွေ၊ သူငယ် ချင်းတွေ… နောက်ပြီးတော့ အန်တီလုပ်သမျှကို နားလည်မှုပေးတဲ့ အန်တီ့သားတွေ၊ ဒီဟာတွေ အားလုံးကို ပေါင်းလိုက်လို့ရှိရင် အင်အားဖြစ်သွားတယ်လို့ပဲ ပြောရမှာပဲ”
နိုင်ဝင်ဘာလ ၁၇ ရက်နေ့မှာပဲ ဒေါ်အောင်ဆန်းစုကြည်ဟာ တောင်ဒဂုံမြို့နယ်အတွင်းမှာရှိတဲ့ NLD လူမှု အထောက်အကူပြုအဖွဲ့က စောင့်ရှောက်ထားတဲ့ HIV/ AIDS ဝေဒနာသည်တွေကို တွေ့ဆုံပြီး ဝေဒနာသည် တွေကို အားပေးစကားပြောကြားခဲ့ပါတယ်။ တောင်ဒဂုံမြို့နယ်အတွင်း အန်လ်ဒီ လူမှုအထောက်အကူပြု အဖွဲ့က ဖွင့်လှစ်ထားတဲ့ ဂေဟာသုံးခုမှာ HIV/AIDS ဝေဒနာသည် တရာကျော်ရှိနေပါတယ်။ ဒီလူနာတွေဟာ အကူအညီအလိုအပ်ဆုံး သူတွေလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
“အခုလက်ငင်းကတော့ အန်တီတို့ ဆေးတွေ လုံလုံလောက်လောက် ဝယ်နိုင်ဖို့အတွက် ရန်ပုံငွေတွေ လိုပါ တယ်။ အလှူငွေတွေ လိုပါတယ်။ အဲဒါကြောင့် ဒီအခွင့်အရေးကိုသုံးပြီးတော့ အားလုံးကူညီနိုင်တဲ့သူတွေ ကူညီကြပါလို့ ပြောချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အန်တီတို့ အနေနဲ့ Antiretroviral Drug တွေ ဝယ်ပေးဖို့ဆိုတာ တော်တော့်ကို လိုတယ်။ ဒီဆေးကလည်း သိတဲ့ အတိုင်းပဲ အပြတ်မခံဘူး။ ဆေးအတွက်ပဲ တော်တော်လိုတယ်။ နောက်ပီးတော့လည်း ဝေဒနာရှင်တွေရဲ့ စားရေး၊ သောက်ရေး လုံလုံလောက်လောက် ပေါ့နော်၊ ဖူလုံအောင် လုပ်ပေးနိုင်ဖို့လည်း ငွေလိုပါတယ်။ အဲဒါကြောင့်မို့လို့ ဒီ- ဗွီအိုအေကနေတဆင့် အန်တီ့ အနေနဲ့ မေတ္တာရပ်ခံပါရ စေ၊ အားလုံးပေါ့နော်၊ ကျမတို့ရဲ့ ကျမတို့ အချင်းချင်း၊ ကျမတို့ရဲ့ ညီအကိုမောင်နှမ တွေ၊ ကျမတို့ရဲ့ သားသမီး တွေဖြစ်တဲ့ အိပ်ချ်အိုင်ဗွီ ဝေဒနာရှင်တွေကို ကူညီဖို့အတွက် ဝိုင်းပြီးတော့ လှူကြပါ။ ဝိုင်းပြီးတော့ ပံ့ပိုးပေးကြပါ …လို့ မေတ္တာရပ်ခံချင်ပါတယ်”
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဗွီအိုအေ မြန်မာပိုင်းအစီအစဉ် ရုပ်မြင်သံကြားကို သီးသန့်တွေ့ဆုံ ပြောပြခဲ့တာဖြစ်ပါတယ်။