ဒေါ်အောင်ဆန်းစုကြည်ကို ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း သတင်းဂျာနယ်တချို့က အယ်ဒီတာတွေ ကိုယ်တိုင် တွေ့ဆုံမေးမြန်းထားတဲ့ အင်တာဗျူးနဲ့ ဆောင်းပါးတွေ အားလုံးကို စာပေစိစစ်ရေးက ပယ်ချခဲ့ပါတယ်။ အပြည့်အစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။
ပြည်တွင်းက အပတ်စဉ်ထုတ် ဂျာနယ်တွေဖြစ်တဲ့ ပြည်သူ့ခေတ်၊ ဗီးနပ်စ်ဂျာနယ်၊ 7 days ဂျာနယ်တွေအပြင် ရန်ကုန်တိုင်းမ်နဲ့ The Voice weekly ဂျာနယ်တွေဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကိုယ်တိုင် တွေ့ဆုံ မေးမြန်းထားတဲ့ အင်တာဗျူးတွေကို ဖော်ပြခွင့်မရဘဲ အားလုံး ပယ်ချခံရပါတယ်။ ခွင့်ပြုချက် မပေးဘူးဆိုတဲ့ နေရာမှာ ဆိုင်းငံ့ဆိုတဲ့ မှတ်ချက်နဲ့ ပြန်ကျလာတာဖြစ်ပြီး ဆိုင်းငံ့ဆိုပေမဲ့ များသောအားဖြင့်ကတော့ နောက်တပတ်တွေမှာလည်း ပြန်လည်ခွင့်ပြုချက် မရဘဲ ပယ်ချခံရတာ များတယ်လို့ ပြောကြပါတယ်။ ဒါပေမဲ့ နောက်တပတ် ထုတ်ဝေမယ့် ဂျာနယ်တွေထဲမှာ ဖော်ပြနိုင်ဖို့ စာပေစိစစ်ရေးကို ပြန်တင်ဦးမယ်လို့ ဗီးနပ်စ်ဂျာနယ် တာဝန်ခံတဦးက ပြောပါတယ်။
“ကျနော်တို့ဂျာနယ်တော့ ဒီလိုပဲလေ၊ ဆိုင်းငံ့ဆိုတော့ ဆိုင်းငံ့ထားတာ။ ထုံးစံအတိုင်း ကျနော်တို့ တင်မယ့်အပတ်ဆို သက်ဆိုင်ရာ နေ့ရက်မှာ ပြန်လုပ်ကြတာပါပဲ။ ပြန်တင်မှာပါ၊ ကျနော်တို့ ဒီတပတ်ကတော့။ သူတို့က ဆိုင်းငံ့ဆိုတော့ ကျနော်တို့ နောက် ပြန်တင်မှာပါ။ Understood တွေပဲလေ၊ ဒါတွေက။ ဆိုင်းငံ့လို့ပြောရင် ကျနော်တို့က ဆိုင်းငံ့လို့ပဲ မှတ်ထားတာပေါ့။”
အခု ဒေါ်အောင်ဆန်းစုကြည် သတင်းကို ဆိုင်းငံ့လို့သာ မှတ်ချက်ပေးပြီး စာပေစိစစ်ရေးက တခြား တိကျတဲ့ အကြောင်းပြချက် တစုံတရာ မပေးပါဘူး။ ဂျာနယ်တွေရဲ့ မူကြမ်းတင်တဲ့ စာမူတွေထဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီရဲ့ ရှေ့လုပ်ငန်းစဉ်တွေ၊ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှု အခြေအနေတွေအပြင် ၂၁ ရာစု ပင်လုံညီလာခံဆိုင်ရာ အကြောင်းတွေနဲ့ လူမှုရေး အခြေအနေတွေအကြောင်း ရှုထောင့်အမျိုးမျိုးကနေ တင်ပြနိုင်ဖို့ ရေးသားထားတဲ့ ဆောင်းပါးတွေလည်း ဖြစ်ပါတယ်။
တကယ်တော့ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် လွတ်လာကတည်းက သူနဲ့ပတ်သက်တဲ့ သတင်းတွေကို ဖော်ပြခွင့်မရဘူး ဆိုတဲ့ အခြေအနေမျိုး မဖြစ်ရလေအောင် ခွင့်ပြုတဲ့ အဆင့်မျိုးမှာသာ ရှိနေပြီး အာဏာပိုင်တွေဘက်ကလည်း သတိကြီးကြီးနဲ့ စောင့်ကြည့် ကန့်သတ်နေတာ ဖြစ်တယ်လို့ မဂ္ဂဇင်း အယ်ဒီတာ တဦးက သုံးသပ်ပါတယ်။
“ဘာကြောင့် ဆိုင်းငံ့သလဲ၊ ဘယ်လောက်ကာလမှာ ပြန်ပြီးတော့ ခွင့်ပြုမလဲ ဆိုတာမျိုးကိုတော့ တိတိကျကျ မသိဘူးဗျ။ လွတ်လာပြီးကာစကတော့ ဂျာနယ်တွေမှာ မျက်နှာဖုံး ဖော်ပြခွင့် မပေးခဲ့ဘူးဗျ။ အတွင်းဖော်ပြခွင့် ပေးတယ်၊ အဲဒီလို အတွင်းဖော်ပြခွင့် ပေးတာကို တချို့က အထူးအချပ်ပို ဘာညာ ဆိုပြီးတော့ မျက်နှာဖုံးမှာ စွပ်လို့ ဟိုတလောကပဲ ဂျာနယ် ၉ စောင် တပတ် နှစ်ပတ် အပိတ်ခံရတာတွေလည်း ရှိခဲ့တယ်လေ။
“ထူးထူးခြားခြားတော့ အန်တီ့သား ရောက်လာတဲ့ အချိန်မှာ အန်တီ သွားရောက်ကြိုဆိုတယ် ဆိုတဲ့ သတင်းမျိုးကို ဖော်ပြခွင့်ပေးတယ်။ အရွယ်အစား ကန့်သတ်ချက်နဲ့ ဖော်ပြခွင့် ပေးတယ်။ စာဆိုရင်လည်း ဒီလောက်ပမာဏသာ အသုံးပြုရန် ဆိုတဲ့ ကန့်သတ်ပြီးတော့ ဖော်ပြခွင့် ပေးတယ်ဗျ။ အခု အင်တာဗျူးကိစ္စကြတော့ စာပေစိစစ်ရေးကလည်း ကိုင်တွယ်ဖို့ တော်တော်လေး မရဲဖြစ်ဟန် တူပါတယ်။ လွှတ်ပေးလိုက်ရင် နောက်ဆက်တွဲ ဖြစ်လာမယ့်၊ သူတို့ လုပ်ရကိုင်ရ ခက်မယ့် ပြဿနာတွေကို သူတို့ ချိန်ဟန်တူပါတယ်။”
တကယ်တော့ မြန်မာနိုင်ငံထဲမှာ သတင်းစာနယ်ဇင်းဆိုင်ရာ လုပ်ငန်းတွေ လုပ်ရကိုင်ရတာ အတော်လေး ခက်ခဲပါတယ်။ တိကျတဲ့မူဝါဒ မရှိတဲ့ စာပေစိစစ်ရေးရဲ့ ကန့်သတ်ချက်တွေကိုလည်း အမျိုးမျိုး ဖြတ်သန်းနေကြရတာပါ။ အခု မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ ပြီးသွားပြီမို့ ဒီမိုကရေစီစနစ်ကို သွားမယ်ဆိုတဲ့ အစိုးရ လက်ထက်ထဲမှာ အခုလို စာပေစိစစ်ရေး အဖွဲ့ဆိုတာ မရှိသင့်သလို မအပ်စပ်တော့ဘူးလို့လည်း သုံးသပ်ကြပါတယ်။
“မူဝါဒနဲ့ ကန့်သတ်ချက် ဆိုတာတော့ ပြောရခက်တယ်။ ပြောရခက်တယ်ဆိုတာ စာပေစိစစ်ရေး ကိုယ်၌က သူတို့ ဒီလိုမူနဲ့ ကျင့်သုံးနေတယ် ဆိုတာမျိုး တိတိကျကျ ရှိဟန်မတူဘူး။ စိစစ်ရေးက အကြမ်းဖျင်း ပြောလေ့ရှိတာကတော့ တပ်မတော် အစိုးရကို ထိခိုက်စေမယ့်၊ ပုတ်ခတ်ရေးတဲ့ အရေးအသားမျိုး ဖော်ပြခွင့် မပြုဘူး ဆိုတာမျိုးလောက်တော့ ပြောပါတယ်။
“ဒါပေမဲ့ အခုဟာက ရက် ၉၀ အတွင်းမှာ ပါလီမန်ခေါ်မယ်၊ နောက်ထပ် အစိုးရသစ် ဖွဲ့မယ် ဆိုတဲ့ နောက်ပိုင်းမှာတော့ စာပေစိစစ်ရေး ရှိသင့်သလား၊ မရှိသင့်သလားဆိုတာ အခု ဒီဘက် စာပေလောကမှာတော့ မေးခွန်းထုတ်စရာလေးတွေ ပေါ်နေပြီဗျ။ ကျနော်တို့ဘက်ကတော့ စာပေစိစစ်ရေးဟာ ဒီမိုကရေစီ အစိုးရဆိုတဲ့ ဂုဏ်ပုဒ်နဲ့ စာပေစိစစ်ရေးနဲ့ကတော့ ဘယ်လိုမှ အပ်စပ်လိမ့်မယ်လို့ မယူဆဘူး။”
မဂ္ဂဇင်း အယ်ဒီတာတဦး ပြောပြခဲ့တာ ဖြစ်ပါတယ်။
စာပေစိစစ်ရေးက သတင်းတွေကို မကြိုက်လို့ ဖြုတ်ပစ်ရတယ်၊ မကြိုက်လို့ ပြန်လဲခိုင်းရတယ်ဆိုတဲ့ အခြေအနေမျိုးတွေ ကြုံနေရတာ သတင်းသမားတွေအတွက် သိပ်အထူးအဆန်း မဟုတ်ပေမဲ့ စာဖတ်သူတွေ စိတ်ဝင်စားမယ့် သတင်းမျိုးတွေကို အားတက်သရော အပင်ပန်းခံပြီး ရေးသားတင်ပြဖို့ ကြိုးစားပေမဲ့ ခွင့်ပြုချက်မရတာ များလာရင်တော့ လုပ်အားဆုံးရှုံးမှုတွေနဲ့အတူ ငွေကြေးဆိုင်ရာ နစ်နာမှုတွေအပြင် ကြိုးစားချင်ကြတဲ့ လူငယ်သတင်းသမားတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုမျိုးတွေ ကြုံရတာတွေ ရှိတယ်လို့လည်း ပြောကြပါတယ်။