ရွေးကောက်ခံထားရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော် ကိုယ်စားလှယ်တွေ လွှတ်တော် တက်ရောက် နိုင်ရေးကိစ္စ နိုင်ငံရေး အကျပ်အတည်းတခုအဖြစ် မချဲ့ကားလိုဘဲ နည်းစနစ်ပိုင်း အခက် အခဲတခုသာ ဖြစ်တာကြောင့် မကြာခင် ပြေလည်သွားလိမ့်မယ်လို့ မျှော်လင့်ကြောင်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။ ဒါ့အပြင် သမ္မတ ဦးသိန်းစိန်အပေါ်မှာ သူ့ရဲ့ယုံကြည်မှုကိုလည်း ထပ်ပြီး အတည်ပြု ပြောဆိုခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ရောက်နေတဲ့ အီတလီ နိုင်ငံခြားရေးဝန်ကြီးနဲ့ ဒီကနေ့ မနက်ပိုင်းက နေအိမ်မှာ တွေ့ဆုံ ဆွေးနွေးအပြီး သတင်းစာ ရှင်းလင်းပွဲ အတွင်း ဒေါ်အောင်ဆန်းစုကြည်က အဲဒီလို ပြောလိုက်တာပါ။ အပြည့်အစုံကို ဘန်ကောက်ကနေ ကိုကျော်ကျော်သိန်းက သတင်းပေးပို့ ထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ရွေးကောက်ခံ NLD ကိုယ်စားလှယ်တွေ ဘယ်တော့ လွှတ်တော် တက်နိုင်မလည်း ဆိုတာဟာ ဒီကနေ့ မြန်မာ့နိုင်ငံရေးမှာ အရေးတကြီး မေးခွန်းဖြစ်နေတယ် ဆိုတာကို သတိထားမိပုံရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အဲဒါနဲ့ပတ်သက်ပြီး အသေအချာနဲ့ ရှင်းရှင်းလင်းလင်း ပြောဆိုသွားခဲ့ပါတယ်။
မြန်မာနိုင်ငံမှာရောက်နေတဲ့ အီတလီ နိုင်ငံခြားရေးဝန်ကြီး ဂျီယူလီယို တာဇီ ဒီ ဆွန့် အာဂါတာ (Giulio Terzi di Sant Agata) နဲ့ တနာရီကျော်ကြာ တွေ့ဆုံ ဆွေးနွေးအပြီး လုပ်တဲ့ ပူးတွဲ သတင်းစာ ရှင်းလင်းပွဲအတွင်း ပြောခဲ့တာဖြစ်ပါတယ်။
“လွှတ်တော် တက်ရောက်ရေးနဲ့ ပတ်သက်လို့ အချိန်အကြာကြီးနဲ့ အခက်အခဲတွေ အများကြီး ဖြစ်မနေဘဲ ပြေလည်သွားလိမ့်မယ်လို့ ကျမတို့မျှော်လင့်ပါတယ်။ လွန်ခဲ့တဲ့ အနှစ် ၂၀ လုံးလုံး လွှတ်တော်ပြင်ပကနေ တိုင်းပြည်တာဝန် ထမ်းဆောင်ခဲ့သလို အခုလည်း လွတ်တော်တွင်းကနေ ဆက်ပြီးတာဝန်ထမ်းနိုင်ဖို့ ကျမတို့ မျှော်လင့်ထားပါတယ်။” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
ဒါ့အပြင် ဒီကိစ္စကို ကြီးမားတဲ့ နိုင်ငံရေး အကျပ်အတည်း ပြဿနာကြီးတရပ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်က မမြင်စေချင်ပုံ ရပါတယ်။ အဲဒီလို မဟုတ်ဘူးဆိုတာကို သမ္မတဦးသိန်းစိန်အပေါ် သူ့ရဲ့ ယုံကြည်မှုကို ထပ်လောင်း ပြောဆိုခြင်းအားဖြင့် အခိုင်အမာ ရှင်းလင်းခဲ့ပါတယ်။
“ဒီကိစ္စဟာ နည်းစနစ်ပိုင်း အခက်အခဲ တခုသာပဲဖြစ်ပြီး နိုင်ငံရေးကိစ္စ တခုအနေနဲ့ ချဲ့ယူတာမျိုး မဖြစ်ချင်ပါဘူး။ အစိုးရနဲ့ ပူးပေါင်း ဆောင်ရွက်သွားဖို့အတွက် ကျမတို့ဆက်ပြီး နည်းလမ်းရှာသွားမှာပါ။ သမ္မတဦးသိန်းစိန်ဟာ ပြုပြင် ပြောင်းလဲရေးဆိုင်ရာ ကြိုးပမ်း ဆောင်ရွက်မှုတွေမှာ ရိုးသားမှုရှိတယ်လို့ ကျမတို့ ယုံကြည်ပါတယ်။ သူဟာ မြန်မာနိုင်ငံကို အပြုသဘောဆောင် တိုးတက်တာ အမှန်တကယ် မြင်ချင်သူလည်း ဖြစ်ပါတယ်။ ဒီအချက်တွေကြောင့် ကျမတို့ NLD အနေနဲ့ ဒီနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေမှာ သမ္မတနဲ့ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ကြိုးပမ်းမှုတွေကို အရှိန်မြှင့်သွားမှာ ဖြစ်ပါတယ်။” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
အီတလီ နိုင်ငံခြားရေးဝန်ကြီးရော ဒေါ်အောင်ဆန်းစုကြည်ရောက လက်ရှိ တိုင်းပြည်အုပ်ချုပ်ရေးပိုင်း တာဝန် ရှိသူတွေထဲမှာ အပြောင်းအလဲတွေကို မလိုလားသူတွေ ရှိနေသေးတယ် ဆိုတာကို တညီညွတ်ထဲ အသိ အမှတ် ပြုကြပါတယ်။ သမ္မတဦးသိန်းစိန်နဲ့ သက်ဆိုင်ရာ လွှတ်တော်ခေါင်းဆောင်တွေကို နေပြည်တော်မှာ တွေ့ဆုံ ဆွေးနွေးခဲ့တဲ့ မစ္စတာ ဂျီယူလီယို တာဇီက သူတို့အပေါ်မှာ သူ့အနေနဲ့ အသိအမှတ်ပြုမှု လေးစားမှု ဖြစ်ခဲ့တယ်လို့ ပြောပါတယ်။
မြန်မာနိုင်ငံ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးနဲ့ ဖွံ့ဖြိုး တိုးတက်ရေး ဆိုင်ရာတွေမှာ ဥရောသမဂ္ဂနဲ့အတူ အီတလီနိုင်ငံက အတတ်နိုင်ဆုံး အကူအညီ ပေးသွားမှာဖြစ်သလို ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်ဟာ ရပ်တန့်သွားလို့၊ အရှိန်နှေးသွားလို့ မရဘူးလို့လည်း သတိပေးခဲ့ပါတယ်။ ဒါ့အပြင် သူတို့အနေနဲ့ ၂၀၁၅ ခုနှစ်ဆီ ခုကတည်းက လှမ်းမျှော်ကြည့်နေပြီ ဆိုတာကိုလည်း ထင်ရှားစေခဲ့ပါတယ်။
“၂၀၁၅ ခုနှစ်ကျရင် မြန်မာနိုင်ငံမှာ ကျင်းပမယ့် အထွေထွေ ရွေးကောက်ပွဲတွေကို ကျနော်တို့ မျှော်လင့် စောင့်ဆိုင်းနေပါတယ်။ အဲဒီ ရွေးကောက်ပွဲ တွေကနေ ပြည့်ဝတဲ့ ဒီမိုကရေစီကို ကျင့်သုံးတဲ့ နိုင်ငံတခုအဖြစ် ပြန်ရောက်သွားလိမ့်မယ်လို့ ကျနော် အခိုင်အမာ မျှော်လင့်ထားပါတယ်။” လို့ အီတလီ နိုင်ငံခြားရေးဝန်ကြီး
ဂျီယူလီယို တာဇီကပြောပါတယ်။
မြန်မာနိုင်ငံက အပြောင်းအလဲတွေကို နိုင်ငံတကာက အပြုသဘောဆောင် ဝိုင်းဝန်း တုန့််ပြန်နေကြတဲ့ အတွက် နိုင်ငံတကာ အကူအညီတွေ မကြာခင် အချိန်ကာလအတွင်း ဝင်ရောက်လာဖို့ ရှိနေတာက အသေအချာပါ။ မြန်မာနိုင်ငံလို ဘာမှ ခိုင်မာမှု မရှိသေးတဲ့ နိုင်ငံတခုမှာ နိုင်ငံတကာကပေးတဲ့ အကူ အညီတွေကနေ ဘေးထွက် ဆိုးကျိုးတွေ သက်ရောက်နိုင်တယ် ဆိုတာကို နားလည်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်က အကူအညီတွေ ပေးတာနဲ့ပတ်သက်လို့ သတိပေးစကား ပြောခဲ့ပါတယ်။
“ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတကာကနေပေးတဲ့ အကူအညီတွေ အားလုံးဟာ လူထုအနေနဲ့ အာဏာပိုင်တွေပေါ်မှာ မှီခိုရမှုကို လျော့ကျစေပြီး လူထုကို အားကောင်းလာအောင် အထောက်အကူ ဖြစ်စေဖို့ဆိုတာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရဲ့ အစဉ်တစိုက် ရှိထားတဲ့ စိုးရိမ်ချက် ဖြစ်ပါတယ်။ အဲဒီ နည်းလမ်းကသာလျှင် စီးပွားရေး၊ နိုင်ငံရေးနဲ့ လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုတွေ လိုက်လျောညီထွေဖြစ်မှာပါ။” လို့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။
အီတလီနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင်နိုင်ငံသားအဖြစ် အသိအမှတ်ပြု ချီးမြှင့်ထားတဲ့ မြို့တွေရှိနေပြီး ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အီတလီနိုင်ငံဆီ လာရောက်လည်ပတ်ပါလို့ သူတို့နှစ်ဦး တွေ့ဆုံချိန်မှာ အီတလီနိုင်ငံခြားရေး ဝန်ကြီးက ဖိတ်ကြားခဲ့ကြောင်း အီတလီအခြေစိုက် AGI သတင်းဌာနက ရေးသား ထားပါတယ်။