သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စုဂျပန်ခရီးစဉ် ပထမနေ့


ဂျပန်ရောက် မြန်မာမိသားစုများနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံစဉ်။ (ဧပြီလ ၁၃ ရက်၊ ၂၀၁၃)။
ဂျပန်ရောက် မြန်မာမိသားစုများနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံစဉ်။ (ဧပြီလ ၁၃ ရက်၊ ၂၀၁၃)။
မြန်မာနိုင်ငံက ပြည်သူတွေ အလုပ်အကိုင်ရရှိရေးဟာ အဓိက လိုအပ်ချက်ဖြစ်ပြီး အရေးတကြီး ဆောင်ရွက်ရမယ့်အချက် ဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။ ဂျပန်နိုင်ငံကို ဒီကနေ့ ရောက်ရှိလာတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဂျပန်နိုင်ငံရောက်မြန်မာမိသားစုတွေ ညနေပိုင်းတွေ့ဆုံချိန်မှာ အခုလိုပြောဆိုလိုက်တာ ဖြစ်ပါတယ်။ သီတင်းတပတ်တာကြာမြင့်မယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ခရီးစဉ်နဲ့ပတ်သက်ပြီး အပြည့်အစုံကို မဆုမွန်က တင်ပြပေးထားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဂျပန်အစိုးရရဲ့ ဖိတ်ကြားချက်နဲ့ ဂျပန်နိုင်ငံကို နှစ်ပေါင်း ၂၈ နှစ်တာကာလအတွင်း ပထမဆုံးအကြိမ် ပြန်ရောက်လာတာဖြစ်ပါတယ်။ ဧပြီလ ၁၃ ရက်နေ့ စနေ့မနက်ခင်း ဂျပန်စံတော်ချိန် ၈ နာရီ ၁၅ မိနစ်မှာတော့ ဂျပန်နိုင်ငံ နာရီတာလေဆိပ်ကို ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိလာတာဖြစ်ပါတယ်။

သီတင်းတပတ်တာကြာမြင့်မယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂျပန်ခရီးစဉ် ပထမဆုံးနေ့မှာပဲ တိုကျိုမြို့မှာရှိနေတဲ့ ဂျပန်ရောက် မြန်မာမိသားစုတွေနဲ့ တွေ့ဆုံခဲ့ပြီးတော့ တက်ရောက်လာတဲ့ ပရိသတ်တွေရဲ့ မေးခွန်းတွေကို ဒေါ်အောင်ဆန်းစုကြည်က ရှင်းလင်းဖြေကြားပေးခဲ့တယ်လို့ သိရပါတယ်။

ဂျပန်ရောက်မြန်မာမိသားစုတွေနဲ့ တွေ့ဆုံတဲ့အချိန်မှာတော့ ဒေါ်အောင်ဆန်းစုကြည်က မြန်မာပြည်သူတွေ အလုပ်အကိုင်ရရှိရေး သူ့အနေနဲ့ အဓိကထားပြီး လုပ်ဆောင်ပေးသွားမယ့်အကြောင်း ဆွေးနွေးပြောဆိုသွားခဲ့တယ်လို့ ဂျပန်ရောက်မြန်မာတဦးဖြစ်တဲ့ ကိုထွန်းဝေက ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။

“အဓိကအရေးကြီးတာ မြန်မာပြည်မှာဘာလဲတဲ့။ မိန်းကလေးတယောက်ရဲ့ မေးခွန်းကို သူ ဖြေပါတယ်။ ကျနော်ထင်တာ ပညာရေး။ ဒါပေမဲ့ သူပြောသွားတာကဘာလဲဆိုတော့ အလုပ်အကိုင်တဲ့။ သူက ဂျပန်ကိုမထွက်ခင် ညနေပိုင်းမှာတဲ့၊ သူ့ဆီကို သံချပ်အဖွဲ့တဖွဲ့ လာပြီးတော့ ဖျော်ဖြေပါတယ်တဲ့။ အဲဒါလေးကို သူ ဥပမာပေးပြီးတော့ပြောသွားတာ။ အဲဒီသံချပ်အဖွဲ့မှာတဲ့၊ ကျမတို့ဆီမှာ ရေမလာဘူး။ ကျမတို့ဆီမှာ မီးမလာဘူး။ ကျနော်တို့ဆီမှာ ဆီမရဘူး။ ကျနော်တို့ဆီမှာ ဆန်မရဘူး။ အန်တီရေကယ်ပါဦး။ ပညာရေးလည်းကယ်ပါဦး ဆိုပြီးတော့ အဲဒါလေးနဲ့ ဥပမာနှိုင်းပြီးတော့ ပြောသွားတဲ့အတွက် အလုပ်အကိုင်နဲ့ပတ်သက်ပြီးတော့ သူ အဲဒါလေးကို မြင်သာထင်သာအောင် ပရိသတ်ကြီးကို ပြောတယ်။ ပရိသတ်ကြီးလည်း တော်တော်အားရနှစ်သက်ပြီးတော့ နှစ်ထောင်းအားရဖြစ်မိပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ခရီးစဉ်အတွင်း ပထမဆုံး မြန်မာမိသားစုတွေနဲ့ တွေ့ဆုံခဲ့တာဖြစ်ပြီး နောက်ရက်တွေမှာတော့ ဂျပန်ဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး အပါအဝင် အစိုးရပိုင်း ထိပ်တန်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ရှိပါတယ်။ ဂျပန်တော်ဝင် ဘုရင့်မိသားစုနဲ့လည်း တွေ့ဆုံဖို့ရှိသလို ဂျပန်အထက်လွှတ်တော်ဥက္ကဋ္ဌ၊ အောက်လွှတ်တော်ဥက္ကဋ္ဌတွေ အပါအဝင် ဂျပန်လွှတ်တော်အမတ်တွေနဲ့ပါ တွေ့ဆုံဖို့ရှိနေပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဂျပန်ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံရာမှာတော့ ဂျပန်-မြန်မာနှစ်နိုင်ငံ ချစ်ကြည်ရေး အပါအဝင် မြန်မာနိုင်ငံသားတွေ အလုပ်အကိုင်ပွင့်လမ်းလာနိုင်တဲ့ ဂျပန်ရဲ့ မြန်မာနိုင်ငံတွင်း စီးပွားရေး ရင်းနှီးမြှုပ်နှံမှု အပါအဝင် ဂျပန်အစိုးရရဲ့ မြန်မာနိုင်ငံအပေါ်မှာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီအထောက်အပံ့တွေ ကူညီပံ့ပိုးပေးရေး ကိစ္စတွေကိုပါ ဆွေးနွေးဖို့ရှိပါတယ်။

“ဂျပန်-မြန်မာ ချစ်ကြည်ရေးနဲ့ပတ်သက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည် ရောက်လာတဲ့အတွက် ပိုပြီးတော့ နိုင်ငံရေးလည်း အမြင်ကျယ်သွားတယ်။ စီးပွားရေးလည်း အမြင်ကျယ်သွားတယ်။ အန်တီစုနဲ့ ဂျပန်ဝန်ကြီးချုပ်နဲ့ တွေ့မယ့်ဆွေးနွေးပွဲတွေမှာ အဲဒါတွေကို အဓိကထားပြီး ဆွေးနွေးမယ်လို့ ကျနော် မျှော်လင့်မိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ထွက်လာကတည်းက ဒီကိစ္စလည်း တခုအပါအဝင် ထင်ပါတယ်။ အကျိုးထိရောက်မှု ရှိမရှိဆိုတာတော့ အန်တီစုအပေါ်မှာ မူတည်တာဖြစ်ပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ ဂျပန်ခရီးစဉ်အတွင်း သူမ ဧည့်ပညာရှင်အဖြစ် တစ်နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ကျိုတိုတက္ကသိုလ်ကို သွားရောက်ပြီး သူ့ကို ဂုဏ်ပြုချီးမြှင့်တဲ့ ဂုဏ်ပြုဆုကိုလည်း လက်ခံယူမှာဖြစ်ပါတယ်။ နောက်ပိုင်းမှာလည်း တိုကျိုတက္ကသိုလ် အပါအဝင် ဂျပန်တက္ကသိုလ်သုံးခုမှာ မိန့်ခွန်းပြောသွားဖို့ရှိတယ်လို့ သိရပါတယ်။ နောက် သူမ နေထိုင်ခဲ့ဖူးတဲ့ ဂျပန်နိုင်ငံက မွေးစားမိသားစုရှိတဲ့နေရာကိုလည်း သွားရောက် တွေ့ဆုံပြီး ဂါရဝပြုဖို့ ရှိတယ်လို့ ကိုထွန်းဝေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂျပန်ခရီးစဉ်နဲ့ပတ်သက်ပြီး အသေးစိတ်ကို ရှင်းပြပါတယ်။

“မနက်ဖြန်မှာကတော့ ဒီ ဂျပန်ကဝန်ကြီးချုပ်နဲ့ စီးပွားရေးအကြောင်း ပြောမယ်ဆိုတာတော့၊ တွေ့မယ်ဆိုတာတော့ သိထားပါတယ်။ အဲဒါပြီးတာနဲ့ သူက ကျိုဒိုမှာ ဆုသွားယူမှာဖြစ်ပါတယ်။ ကျိုတိုတက္ကသိုလ်မိသားစုက ဖိတ်ထားတဲ့ပွဲကို သွားတက်ရောက်မှာဖြစ်ပါတယ်။ အဲဒါပြီးတာနဲ့ ကျိုတိုမှာရှိတဲ့ သူ ကျောင်းတက်ခဲ့တဲ့ ကျိုတိုက သူ့ဂျပန်မိသားစုတွေနဲ့ သွားရောက်တွေ့ဆုံမှာဖြစ်ပါတယ်။ ပြီးတာနဲ့ တိုကျို ကို ၁၉ ရက်နေ့ကိုပြန်လာပြီးတော့ တိုကျိုကနေပဲ သူ ပြန်မှာဖြစ်ပါတယ်ခင်ဗျ။”

ဒေါ်အောင်ဆန်းစုကြည် နရီတာလေဆိပ်ကို စတင်ရောက်ရှိချိန်ကစလို့ မြန်မာမိသားစုဝင်တွေနဲ့တွေ့ဆုံတဲ့အချိန်အထိ ဂျပန်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးနဲ့ပတ်သက်ပြီး အထူးဧည့်သည်တော်အဖြစ်နဲ့ တင်းတင်းကျပ်ကျပ် လုံခြုံရေး စောင့်ကျပ်ထားတာကို တွေ့ရတယ်လို့ ဂျပန်ရောက်မြန်မာတွေကပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အပေါ် ဆန္ဒပြမှုတွေ ရှိနိုင်တယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပေမဲ့ မြန်မာမိသားစုတွေနဲ့တွေ့ဆုံချိန်မှာတော့ ဆန္ဒပြမှု တစုံတရာ မရှိဘူးလို့လည်း သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ကျိုတိုမြို့ရှိ အသေးစား ရေအားလျှပ်စစ် စီမံကိန်းတစ်ခုကိုလည်း သွားရောက် လေ့လာဖို့ရှိတယ်လို့ သိရပါတယ်။

နောက်ဧပြီလ ၁၅ ရက်မှာလည်း ဂျပန်ရောက် မြန်မာမိသားစုတွေနဲ့ တခါထပ်ပြီး တွေ့ဆုံသွားဖို့ရှိတယ်လို့ သိရပါတယ်။ နှစ်ပေါင်း ၃၀ နီးပါးအတွင်း ပထမဆုံးအကြိမ် လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ဂျပန်နိုင်ငံကို ပြန်ရောက်ရှိလာတဲ့အပေါ် ဂျပန်ပြည်သူလူထုကပါ စိတ်ဝင်စားမှုရှိပြီး နွေးနွေးထွေးထွေးကြိုဆိုကြတယ်လို့လည်း သိရပါတယ်။ ဧပြီလ ၁၃ ရက်နေ့က ဂျပန်နိုင်ငံကို စတင်ရောက်ရှိခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဧပြီလ ၁၉ ရက် ညနေပိုင်းမှာတော့ မြန်မာနိုင်ငံကို ပြန်လည်ထွက်ခွာမှာဖြစ်တယ်လို့လည်း သိရပါတယ်။
XS
SM
MD
LG