သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၅ ရွေးကောက်ပွဲ တရားမျှတမှာမဟုတ်လို့ ဒေါ်စုပြော


ဂျပန်ရောက် မြန်မာနိုင်ငံသားများနဲ့ တိုကျိုမြို့မှာ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံစဉ်။ (ဧပြီလ ၁၃ ရက်၊ ၂၀၁၃)။
ဂျပန်ရောက် မြန်မာနိုင်ငံသားများနဲ့ တိုကျိုမြို့မှာ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံစဉ်။ (ဧပြီလ ၁၃ ရက်၊ ၂၀၁၃)။
၂၀၁၅ ခုနှစ် ရွေးကောက်ပွဲဟာ မျှတတဲ့ရွေးကောက်ပွဲဖြစ်မယ် မထင်ဘူးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။ ဂျပန်နိုင်ငံ တိုကျိုမြို့တော်မှာ ဂျပန်ရောက် မြန်မာမိသားစုတွေနဲ့ စနေနေ့က တွေ့ဆုံမှုအတွင်း အမေးအဖြေလုပ်စဉ်မှာ ဒေါ်အောင်ဆန်းစုကြည်က ခုလို ပြောခဲ့တာဖြစ်ပါတယ်။

“စောစောကလည်း ပထမဦးဆုံးကတည်းက ဖွဲ့စည်းပုံ အခြေခံဥပဒေအကြောင်း ကျမတို့ ပြောပြီးပါပြီး။ အဲဒီအထဲမှာ တိုင်းရင်းသားများအားလုံး လက်ခံနိုင်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်ဖို့လိုပါတယ်။ ဒါက ကျမပြောတာ ရေးဆွဲတဲ့ပုဂ္ဂိုလ်များ၊ ဒီဖွဲ့စည်းပုံကို ရေးဆွဲတဲ့ပုဂ္ဂိုလ် အဖွဲ့အစည်းများထဲမှာ ဘယ်သူတွေပါလဲ။ ပါတဲ့သူတွေကို အများပြည်သူကနေ လက်ခံနိုင်ရမယ်ဆိုတာဟာ တိုင်းရင်းသားများအားလုံးကလည်း ယုံကြည်စိတ်ချပြီးတော့ လေးစားတဲ့ပုဂ္ဂိုလ်တွေ ပါဝင်ရမယ်။ အဲဒါမှ ကျမတို့က တကယ့်ကိုပြည်ထောင်စု စစ်စစ်ကို ထူထောင်နိုင်မှာပါ။ ဒီ ၂၀၁၅ ရွေးကောက်ပွဲအလွန်မှာရော အပြီး ပြန်လုပ်နိုင်မလားဆိုတော့ ကျမအမြင်မှာတော့ ၂၀၁၅ မတိုင်ခင်လုပ်မှ ပိုပြီးတော့ကောင်းလိမ့်မယ်လို့ ကျမထင်ပါတယ်။

“နိုင်ငံခြားကရောက်လာတဲ့ဧည့်သည်တွေက မကြာခဏမေးကြပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီးတရားမျှတမယ်လို့ ထင်ပါသလားလို့ မေးပါတယ်။ အဲဒီတော့ ကျမက ပြောတယ်။ ၂၀၁၅ ရွေးကောက်ပွဲဟာ လွတ်လပ်ဖို့က သိပ်ပြီးတော့ အခက်အခဲရှိမယ်လို့ မထင်ပါဘူးလို့။ ဒါပေမဲ့ ဒီ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တရားမျှတတယ်လို့ ဘယ်လိုမှပြောနိုင်မှာမဟုတ်ပါဘူးလို့။”

ဂျပန်အစိုးရရဲ့ ဖိတ်ကြားချက်နဲ့ ဂျပန်နိုင်ငံကို နှစ်ပေါင်း ၂၈ နှစ်တာကာလအတွင်းမှာ ပထမဦးဆုံးအကြိမ်အဖြစ်နဲ့ ရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ တနင်္ဂနွေနေ့မှာတော့ ကျိုတို ကိုသွားရောက်မှာဖြစ်ပါတယ်။ တနင်္လာနေ့ကျရင် ၁၉၈၀ ပြည့်လွန်မှာ သူ ဧည့်ပညာရှင်အဖြစ်နဲ့ ၁ နှစ်ကြာ သူ တာဝန်ထမ်းဆောင်ခဲ့တဲ့ ကျိုတို တက္ကသိုလ်နဲ့ ရူးကိုးကု (Ryukoku) တက္ကသိုလ်တွေမှာ သွားရောက် မိန့်ခွန်းပြောဖို့ရှိပါတယ်။ ကျိုတို တက္ကသိုလ်က ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင်ဘွဲ့ပေးမှာဖြစ်သလို၊ ရူးကိုးကု တက္ကသိုလ်ကလည်း သူ့ကို ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ပေးအပ်မှာဖြစ်ပါတယ်။

ဧပြီလ ၁၉ ရက်နေ့အထိ ဂျပန်နိုင်ငံမှာ ရှိနေစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်ဟာ ဒိုင်ယပ်လွှတ်တော်ကို သွားရောက်လေ့လာပြီး လွှတ်တော် ဥက္ကဋ္ဌတွေနဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။ ဂျပန်နိုင်ငံခြားရေးဝန်ကြီးနဲ့ ညစာစားဖို့ အစီအစဉ်ရှိသလို ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနဲ့လည်း တွေ့ဆုံမှာဖြစ်ပါတယ်။
XS
SM
MD
LG