သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည်နဲ့ အမေရိကန် ဒုလက်ထောက် နိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံ


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ အမေရိကန် ဒုလက်ထောက် နိုင်ငံခြားရေးဝန်ကြီး Joseph Yun တို့ တွေ့ဆုံနေစဉ် (ဒီဇင်ဘာလ ၁၀၊ ၂၀၁၀)
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ အမေရိကန် ဒုလက်ထောက် နိုင်ငံခြားရေးဝန်ကြီး Joseph Yun တို့ တွေ့ဆုံနေစဉ် (ဒီဇင်ဘာလ ၁၀၊ ၂၀၁၀)

အမေရိကန်အစိုးရရဲ့ မြန်မာစစ်အစိုးရနဲ့ ထိတွေ့ဆက်ဆံခြင်းရဲ့ တစိတ်တပိုင်းအဖြစ်နဲ့ အင်္ဂါနေ့ကတည်းက မြန်မာနိုင်ငံကို ၄ ရက်ကြာ တရားဝင်ခရီး ရောက်ရှိနေတဲ့ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ အမေရိကန် ဒုတိယ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဂျိုးဆက်ဖ် ယွန်း (Joseph Yun) ဟာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD ခေါင်းဆောင်တွေ၊ CRPP ပြည်သူ့လွှတ်တော်ကိုယ်စားပြု ကော်မီတီဝင်တွေနဲ့ ဒီကနေ့ မနက်ပိုင်းက ဒေါ်အောင်ဆန်းစုကြည် နေအိမ်မှာ တွေ့ဆုံခဲ့ပါတယ်။ ဂျိုးဆက်ဖ် ယွန်း ဟာ သူ့ခရီးစဉ်ရဲ့ နောက်ဆုံးနေ့ဖြစ်တဲ့ ဒီကနေ့မှာ မြန်မာ့ဒီမိုကရေစီ အင်အားစုတွေနဲ့ တွေ့ဆုံခဲ့တာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ အမေရိကန် ဒုတိယလက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဂျိုးဆက်ဖ် ယွန်း ဟာ ဒီကနေ့ မနက် ၁၀ က မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့တကြိမ်၊ NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တွေနဲ့တကြိမ်၊ နောက် CRPP ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မီတီဝင်တွေနဲ့တကြိမ်၊ စုစုပေါင်း ၃ ကြိမ်ခွဲပြီး သီးခြားစီ တွေ့ဆုံ ဆွေးနွေးခဲ့တာပါ။

အဲဒီလို တွေ့ဆုံကြတဲ့အခါ ဆွေးနွေးဖြစ်တဲ့အကြောင်းအရာ အသေးစိတ်ကို နှစ်ဖက်စလုံးက ထုတ်ပြန်ကြေညာခြင်း မရှိပေမဲ့ ဆွေးနွေးပွဲမှာ အမျိုးသား ပြန်လည်သင့်မြတ်ရေး ရအောင် ဆက်လက်ကြိုးပမ်းသွားမယ့်အကြောင်း ဂျိုးဆက်ဖ် ယွန်း ကို ဒေါ်အောင်ဆန်းစုကြည်ဘက်ကနေ တင်ပြဆွေးနွေးခဲ့တယ်လို့ ဆွေးနွေးပွဲနဲ့ ပတ်သက်တဲ့အကြောင်းအရာ အကျဉ်းချုပ်ကို NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းကြိုင်က ပြောပါတယ်။

“မြန်မာနိုင်ငံမှာ အမျိုးသားပြန်လည် သင့်မြတ်ရေး ရရှိဖို့အတွက် ဆက်လက်ပြီးတော့ တိုးမြှင့်ကြိုးပမ်းသွားမယ်လို့ သူ စီစဉ်ထားတဲ့ အကြောင်းတွေကို ရှင်းပြပါတယ်။ အဲဒီမှာ ဒီဘက်က ဧည့်သည်ဘက်ကလည်း သူဟာ နိုင်ငံရေးပါတီတချို့နဲ့လည်း တွေ့ဆုံပြီး ဖြစ်တဲ့အကြောင်း၊ မနေ့ကလည်း နေပြည်တော်မှာ သက်ဆိုင်ရာ ပုဂ္ဂိုလ်များနဲ့ တွေ့ဆုံခဲ့ပြီး ဖြစ်တဲ့အကြောင်း၊ အဲဒီနောက် အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ပတ်သက်လို့ သူ့ဘက်က တင်ပြနိုင်တဲ့ အနေအထား အခြေအနေတွေကို ဆွေးနွေးပါတယ်တဲ့။ အဲဒီမှာ အပြန်အလှန်အနေနဲ့ ဖလှယ်ကြတယ်လို့ ဆိုပါတယ်။ အမျိုးသား ပြန်လည်သင့်မြတ်ရေးလို့ဆိုတဲ့ agenda အောက်မှာ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး ကိစ္စတွေ ပါပါတယ်။ ပြီးတော့ ပါတီတွေရဲ့ တရားဝင်ပေါ့ဗျာ ဆက်လက် ရပ်တည်နေပိုင်ခွင့် ကိစ္စတွေလည်း ပါတယ်။ နောက် sanction ကိစ္စတို့ဘာတို့လည်း ပါတယ်လို့ အကြမ်းမျဉ်း အဲဒီလို သိပါတယ်။”

CRPP အဖွဲ့နဲ့ သီးခြား တွေ့ဆုံတဲ့အခါမှာတော့ ဒုတိယပင်လုံညီလာခံ ကျင်းပရေးနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို CRPP အတွင်းရေးမှူး ဦးအေးသာအောင် ရှင်းလင်းပြခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီလို တွေ့ဆုံ ဆွေးနွေးမှုပြီးတဲ့အခါ ဒုတိယလက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဂျိုးဆက်ဖ် ယွန်း က သူ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ခရီးစဉ်နဲ့ပတ်သက်လို့ အပြင်မှာစောင့်နေကြတဲ့ သတင်းထောက်တွေကို စကား အနည်းငယ် ပြောကြားခဲ့ပါတယ်။

သူပြောသွားတာကတော့ - “သူ့အနေနဲ့ မြန်မာပြည်ကို လာခဲ့ရတဲ့ အကြောင်းရင်းကတော့ NLD အပါအဝင် သက်ဆိုင်သူအားလုံးနဲ့ တွေ့ရအောင် လာခဲ့တာဖြစ်တဲ့အကြောင်း၊ သူ့အနေနဲ့ မြန်မာနိုင်ငံနဲ့ဆိုင်တဲ့ အကြောင်းအရာတွေကို အများကြီး သိရှိခဲ့ရတဲ့အကြောင်းနဲ့ အမေရိကန်နိုင်ငံကို ပြန်သွားပြီး သူမြန်မာနိုင်ငံအတွင်းရှိနေစဉ် ၃ ရက်မှာ တွေ့ဆုံ ဆွေးနွေးခဲ့တာတွေကို ပြန်လည် သုံးသပ်ရပါမယ်တဲ့။ နောက် အနာဂတ်မှာ အတူ ပူးပေါင်း လုပ်ဆောင်နိုင်မယ်လို့ သူ့အနေနဲ့ မျှော်လင့်တဲ့အကြောင်း၊” - ပြောသွားတာပါ။

ဒါ့အပြင် မြန်မာနိုင်ငံအတွင်း ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာအောင် အမေရိကန်ဘက်က ကူညီနိုင်မယ့်ကိစ္စတွေကိုလည်း သူ့အနေနဲ့ ဆွေးနွေးဖြစ်ခဲ့တဲ့အကြောင်း မစ္စတာ ဂျိုးဆက်ဖ် ယွန်း က ဆက်ပြောပါတယ်။

“သူအနေနဲ့ မြန်မာ့အရေးကို ဘယ်လို အခန်းကဏ္ဍက ကူညီနိုင်မယ်ဆိုတာကို လေ့လာပါ့မယ်တဲ့၊ မြန်မာနိုင်ငံသားတွေကလည်း အရမ်းကို ကူညီကြပါတယ်တဲ့၊ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးအတွက် လိုအပ်တဲ့ ခြေလှမ်းတွေကို စလှမ်းနိုင်မယ်ဆိုရင် အောင်မြင်မှု ရနိုင်ပါမယ်။” - လို့ ပြောသွားတာပါ။

တခြား ဒေါ်အောင်ဆန်းစုကြည်၊ NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေ၊ CRPP အဖွဲ့ဝင်တွေ စတဲ့သူတွေနဲ့ တွေ့ဆုံဆွေးနွေးတဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ ဂျိုးဆက်ဖ် ယွန်း က ပြောဆိုသွားခြင်း မရှိပါဘူး။ ဒုတိယလက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဂျိုးဆက်ဖ် ယွန်း ရဲ့ ခရီးစဉ်နဲ့ပတ်သက်လို့ အမေရိကန်သံရုံးက ဒီကနေ့ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာတော့ - သူ့ခရီးစဉ်ရဲ့ အဓိက ရည်ရွယ်ချက်ဟာ အခရာကျတဲ့ပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေနဲ့ ဆက်လက် ဆွေနွေးဖို့၊ မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲလွန် လက်ရှိအနေအထားနဲ့ပတ်သက်ပြီး သာမန် ပြည်သူတွေရဲ့ အမြင်တွေကို သိရှိနိုင်ဖို့အတွက် သူ့အနေနဲ့ အခုလို မြန်မာပြည်ကို လာရောက်ခြင်းဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဒုတိယလက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဂျိုးဆက်ဖ် ယွန်း ဟာ မြန်မာအစိုးရ၊ လူနည်းစု လူမျိုးစုဝင်တွေ၊ လူမှုရေးအဖွဲ့အစည်းတွေ၊ ဒီမိုကရေစီ လိုလားသော ခေါင်းဆောင်တွေနဲ့ တိုက်ရိုက် တွေ့ဆုံခဲ့ပါတယ်လို့လည်း အဲဒီ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မစ္စတာ ဂျိုးဆက်ဖ် ယွန်း ဟာ နေပြည်တော်ကိုသွားပြီး စစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းနဲ့ ရဲချုပ် ဗိုလ်ချုပ်ခင်ရီ အပါအဝင် တခြား စစ်အစိုးရ အရာရှိတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ် မေလတုန်းကတော့ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Kurt Campbell မြန်မာနိုင်ငံကို သွားရောက်ပြီး မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် စစ်အစိုးရ အရာရှိတွေနဲ့ တွေဆုံခဲ့ပါတယ်။

အခုလာတဲ့ ဒုတိယ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဂျိုးဆက်ဖ် ယွန်း ကတော့ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က လွတ်မြောက်ပြီး ရောက်လာတဲ့ ပထမဆုံး အဆင့်မြင့် အမေရိကန်အရာရှိဖြစ်ပါတယ်။

မစ္စတာ ဂျိုးဆက်ဖ် ယွန်း ဟာ ဒီကနေ့ညနေမှာ ရန်ကုန်ကနေ ပြန်လည် ထွက်ခွာမယ်လို့ သိရပါတယ်။

XS
SM
MD
LG