သုံးရလွယ်ကူစေသည့် Link များ

လူထု ငြိမ်းချမ်းလုံခြုံဖို့ ဒေါ်စု ကြိုးစားမည်

  • မသင်းသီရိ

လူထု ငြိမ်းချမ်းလုံခြုံဖို့ ဒေါ်စု ကြိုးစားမည်

မြန်မာနိုင်ငံမှာ သာယာငြိမ်းချမ်းမှုနဲ့အတူ အေးချမ်းလုံခြုံမှုရှိတဲ့ ဘ၀တွေကို ပိုင်ဆိုင်နိုင်ဖို့ သူ့အနေနဲ့ အတတ်နိုင်ဆုံး တာဝန်တွေကို ကြိုးစား ဆောင်ရွက်သွားမယ်လို့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ကချင်ပြည်နယ်ကို စည်းရုံးရေး ခရီးစဉ်အဖြစ် ရောက်နေစဉ် ဒီကနေ့ မြစ်ကြီးနားမြို့မှာ အခုလို လူထုကို ပြောလိုက်တာဖြစ်ပြီး ကချင်ပြည်နယ်တွင်းမှာ စစ်မှန်တဲ့ ငြိမ်းချမ်းရေးတွေ ရဖို့အတွက်လည်း သဘောထားကြီးကြီးနဲ့ တွေ့ဆုံဆွေးနွေးကြဖို့ တိုက်တွန်းခဲ့ပါတယ်။ ဒီသတင်းကို မသင်းသီရိက အပြည့်အစုံ တင်ပြထားပါတယ်။

ကချင်ပြည်နယ်ကို NLD ပါတီ စည်းရုံးရေးအတွက်ရော၊ ရွေးကောက်ပွဲ စည်းရုံးရေးအတွက်ပါ ရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ဖေဖော်ဝါရီ ၂၄ ရက် သောကြာနေ့ မနက်က မြစ်ကြီးနားမှာရှိတဲ့ ကချင် မနောကွင်းမှာ လူထုနဲ့ တွေ့ဆုံစကား ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ်အကျယ်ချုပ်ကနေ လွတ်လာပြီး နောက်ပိုင်း လူထုကို ပြောခဲ့တဲ့ မိန်ခွန်းတွေထဲမှာ ဒီကနေ့ မြစ်ကြီးနားမှာ ပြောခဲ့တဲ့မိန့်ခွန်းဟာ အချိန်အကြာဆုံး ဖြစ်သလို နိုင်ငံရေးကိစ္စ အတော်များများ ထည့်သွင်းပြောကြားခဲ့တဲ့ မိန်ခွန်းတစ်ခုလို့ သုံးသပ်ကြပါတယ်။ သာယာငြိမ်းချမ်းတဲ့ ဘ၀တွေကို လိုချင်လို့ သူ့ကို အားပေးကြတဲ့ လူထုအတွက် တာဝန်တွေကို အတတ်နိုင်ဆုံး ကြိုးစား လုပ်ဆောင်သွားမယ်လို့ ကချင်လူထုကို ဒေါ်အောင်ဆန်းစုကြည်က ကတိပေးခဲ့ပါတယ်။

“ဒီမှာလာပြီးတော့ ပြည်သူတွေ အများကြီး ကျမတို့ကို လာရောက် အားပေးကြတယ်။ ပြည်သူတွေက ဒီလိုအားပေးရင် အားပေးမှုနဲ့ ထိုက်တန်အောင် လုပ်ရမယ်ဆိုတဲ့ တာဝန်သိစိတ် ရှိရမယ်။ အားလုံး လိုချင်တာက ဘာလဲဆိုတော့ အေးချမ်းတဲ့ တည်ငြိမ်တဲ့ ဘ၀ကိုလိုချင်လို့ ကျမတို့ကို လာပြီးတော့ ထောက်ခံတယ်လို့ ကျမ ဒီလိုပဲ မြင်ပါတယ်။ သာယာအေးချမ်းတဲ့ ဘ၀တစ်ခုရဖို့အတွက် ကြိုးစားရမှာ ကျမတို့ရဲ့ တာဝန်ဖြစ်တယ်။ ဒါကို ကျမတို့ နားလည်ပါတယ်။ ကျမတို့ တာဝန်ကို အတတ်နိုင်ဆုံး ထမ်းဆောင်သွားပါ့မယ်။”

မြစ်ကြီးနား မနောကွင်းမှာ ဒေါ်အောင်ဆန်းစုကြည် လူထုကိုပြောခဲ့တဲ့ မိန့်ခွန်းထဲက အချက်တချို့ ဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံမှာ ပင်လုံစိတ်ဓါတ် အရေးကြီးပုံ၊ ကချင်ပြည်နယ်တွင်း စစ်မှန်တဲ့ ငြိမ်းချမ်းရေးတွေ ရဖို့ အလျော့ပေးကာ ပူးပေါင်း အဖြေရှာဖို့ကိုလည်း တိုက်တွန်းခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ရေးအရာရှိ ဦးခွန်သာမြင့်ကလည်း ပြောပါတယ်။

“အရေးတကြီးကတော့ အဲဒီကိစ္စက အခုချက်ချင်း လက်ငင်း ပြဿနာတင် မကဘူး၊ တချိန်လုံး ရှင်းရမယ့် ပြဿနာဆိုတော့ အဲဒီ ရေရှည်အတွက်လည်း ပြောပါတယ်။ ရေတိုအတွက်ကတော့ တွေ့ဆုံ ဆွေးနွေးကြဖို့ တဘက်နဲ့တဘက် သဘောထား ကြီးကြဖို့၊ တဘက်နဲ့တဘက် လိုအပ်ချက်တွေ နားလည်ဖို့၊ အင်အားကြီးတဲ့သူက အင်အားကြီးလေလေ၊ စာနာတတ်လေလေပေါ့။ အဲဒီလို ကိစ္စမျိုးတွေကစပြီးတော့ ပူးပေါင်းပြီးတော့ အားလုံး လုပ်ဆောင်သွားကြဖို့ တပ်လှန့်နိုးဆော်တဲ့ကိစ္စပါ။”

ကချင်ပြည်နယ်ကို ဖေဖော်ဝါရီလ ၂၃ နဲ့ ဒီကနေ့ ၂၄ ရက် နှစ်ရက်ကြာ သွားခဲ့တဲ့ ဒီခရီးစဉ်အတွင်းမှာ မနေ့က မိုးကောင်းမှာ လူထုကိုစကားပြောဖို့ နေရာအခက်အခဲ ရှိခဲ့တာကလွဲရင် ကျန်တာအားလုံး အဆင်ပြေတယ်လို့လည်း ဦးခွန်သာမြင့်က ရှင်းပြပါတယ်။

“အရမ်း လှိုက်လှဲပျူငှာမှု ရှိပါတယ်။ ကချင်က ကျနော်တို့ သွားဖူးသမျှ စာရင်းမှာ ပရိသတ်က မြစ်ကြီးနား အများဆုံး ဖြစ်သွားတာပေါ့။ ပြီးတော့ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ ဓါတ်ပုံရိုက်ပါတယ်။ အဲဒါပြီးတော့ ကျနော်တို့ လေဆိပ်သွားပြီးတော့ ဗန်းမော်ကို သွားပါတယ်။ ဗန်းမော်မှာလည်း တော်တော် လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်။ အင်တိုက်အားတိုက်ပါပဲ။ ပြီးတော့ ဗန်းမော်မှာလည်း ဗန်းမော် မနောကွင်းမှာပဲ ပရိသတ် ပြည်သူများကို မိန့်ခွန်းပြောပါတယ်။ မိန့်ခွန်းပြောပြီးတော့ ကျနော်တို့ ကချင် ယဉ်ကျေးမှုအဖွဲ့နဲ့ သူတို့အဖွဲ့နဲ့ အစ်မနဲ့ စကားပြောပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ရေးအရာရှိ ဦးခွန်သာမြင့် ဖြစ်ပါတယ်။ မနောကွင်းက လူထုဟောပြောပွဲကို သွားခဲ့တဲ့ ဒေသခံတစ်ဦးကတော့ ကြီးမား ကျယ်ဝန်းလှတဲ့ ကွင်းအပြည့် လူထုက လာပြီးတော့ အားပေးခဲ့တာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တဲ့ မိန်ခွန်းကိုလည်း အတော်သဘောကျ ကြတယ်လို့ ပြောပါတယ်။

“တစ်ခု ကျနော် အရမ်း အံ့သြတာက ဒေါ်အောင်ဆန်းစုကြည် ပြောသွားတဲ့ မိန့်ခွန်းက သူက စာရွက်ဖတ်ပြီးတော့ ပြောတဲ့ပုံစံမျိုး မဟုတ်ဘူးဗျာ။ သူက ဘယ်လိုမျိုးလဲ ဆိုတော့ သူက လက်တန်းပဲ။ ပြည်သူတွေ အောက်ကနေ ပြောတဲ့ ကျနော်တို့ ဘာဖြစ်ပါတယ်၊ ညာလိုပါတယ် ပြောတာကိုလည်း လက်တန်း ပြန်ပြီးတော့ ဖြေနိုင်တာပေါ့နော်။ ကျနော်တို့ နားထောင်ရတာ ပျင်းစရာ မကောင်းဘူးပေါ့နော်။”

မြစ်ကြီးနားမြို့ခံတစ်ဦး ပြောသွားတာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို NLD ပါတီ ခေါင်းဆောင်တစ်ဦး ဆိုတာထက် မြန်မာလူထုတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို ကိုယ်စားပြု ဖြေရှင်းပေးမယ့် လူထုခေါင်းဆောင်တစ်ဦး ဆိုတဲ့ အမြင်မျိုးကို ဒေသခံတွေရဲ့ မျက်နှာမှာ တွေ့ရတယ်လို့ သတင်းထောက် တစ်ဦးကလည်း သုံးသပ်ပါတယ်။

“ကျနော်တို့ မြစ်ကြီးနားကို ကြိုရောက်နေတော့ မြစ်ကြီးနား အခြေအနေက အေးတိအေးစက်ပဲလေ။ ကျနော်တို့က ဒီလိုတောင်မှ စည်စည်ကားကား ရှိပါ့မလားလို့တောင် ပထမက ကျနော်တို့ အဲဒီလို ထင်မိသေးတယ်။ ဒါပေမဲ့ မနောကွင်းထဲမှာ လူတွေက တော်တော်လေးများတယ်။ ကျနော်တို့ ကြုံဖူးတဲ့ အနေအထားတွေ အရဆိုရင် ဒေါ်အောင်ဆန်းစုကြည် အကြာဆုံးပြောတဲ့ ဟောပြောပွဲလည်း ဖြစ်သွားတာပေါ့နော်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ နိုင်ငံရေးပါတီနဲ့ ရွေးကောက်ပွဲလောက်နဲ့ ပြောရမယ့် အနေအထားမျိုး မဟုတ်ဘူး။ သူ့အနေအထားက ရိုးရိုးသားသားပေါ့နော်၊ ပြည်သူလူထုက တိုင်းရင်းသားတွေ ဆိုတော့ ပိုဆိုးတာပေါ့၊ သူတို့က ရိုးရိုးသားသား ပြဿနာတွေ အားလုံး ပြေလည်အောင် လုပ်ပေးမယ့်သူပေါ့။ ဒီနေ့ဆိုရင် လူတစ်ယောက်က အော်တယ်။ လွှတ်တော်ထဲကို အန်တီရောက်သွားရင် အားလုံး အဆင်ပြေသွားမှာပါလို့ သူက အော်တော့ ချက်ချင်း ရှင်းရတယ်။ ဒါက အဲဒီလို ပြောလို့မရဘူး၊ အားလုံး ၀ိုင်းလုပ်မှ ရမယ်လို့ အဲဒီလို ပြောသွားတယ်။”

ပြည်တွင်း သတင်းထောက် တစ်ဦးဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ညနေမှာ ရန်ကုန်ကို ပြန်ရောက်ပြီ ဖြစ်ပါတယ်။ လာမယ့် ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာတော့ ရန်ကုန်တိုင်းက သုံးခွမြို့နယ်ကို စည်းရုံးရေး သွားမှာဖြစ်သလို မတ်လ ၁ ရက်နေ့မှာ ရှမ်းပြည်နယ်၊ မတ်လ ၃ ရက်နေ့မှာ မန္တလေး၊ စစ်ကိုင်းတိုင်းနဲ့ နေပြည်တော်တွေကို ဒေါ်အောင်ဆန်းစုကြည် စည်းရုံးရေးသွားမှာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG