သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပဋိပက္ခဖန်တီးသူတွေ အဆုံးသတ်ရဲတဲ့ သတ္တိ ရှိဖို့လို


ဒေါ်အောင်ဆန်းစုကြည် ဟာဝိုင်ယီကျောင်းသားများနဲ့ တွေ့ဆုံပွဲ။ (ဇန်နဝါရီလ ၂၆ ရက်၊ ၂၀၁၃)
ဒေါ်အောင်ဆန်းစုကြည် ဟာဝိုင်ယီကျောင်းသားများနဲ့ တွေ့ဆုံပွဲ။ (ဇန်နဝါရီလ ၂၆ ရက်၊ ၂၀၁၃)
ကချင်ဒေသ လက်နက်ကိုင်ပဋိပက္ခတွေကြားမှာ အပြစ်မဲ့ ပြည်သူတွေ မြေဇာပင်ဖြစ်ပြီး အတိဒုက္ခရောက်နေရတဲ့အကြောင်း NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က ဟာဝိုင်ယီ ငြိမ်းချမ်းရေး အဖွဲ့အစည်းတခုဖြစ်တဲ့ Pillars of Peace အဖွဲ့ကြီးက ကျင်းပတဲ့ ကျောင်းသူကျောင်းသားတွေနဲ့ တွေ့ဆုံ ဆွေးနွေးပွဲမှာ ပြောဆိုသွားပါတယ်။ ပဋိပက္ခကို ဖန်တီးသူတွေအနေနဲ့ အဆုံးသတ်ရဲတဲ့ သတ္တိရှိဖို့လိုတယ်လို့ သူက ဆိုပါတယ်။ ဆွေးနွေးပွဲကို တက်ရောက် သတင်းယူခဲ့တဲ့ ကိုသိန်းထိုက်ဦးက ဟိုနိုလူလူကနေ သတင်းပေးပို့ပါတယ်။

ငြိမ်းချမ်းရေးအတွက် အပေးအယူလုပ် ညှိနှိုင်းရဲတဲ့သတ္တိရှိဖို့ လိုတယ်ဆိုတာ ပြောဆိုရင်း အပေးအယူ ညှိနှိုင်းတာကို အရှုံးပေးလိုက်ရတာ ဆိုပြီး မှားယွင်း ရှုမြင်တတ်တဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည် က မိန့်ခွန်းထဲမှာ ထောက်ပြ ပြောဆိုသွားပါတယ်။ စေ့စပ်ညှိနှိုင်းအဖြေရှာဖို့ ပျက်ကွက်ခဲ့ တာကြောင့် မြန်မာနိုင်ငံမှ လူမျိုးစု ပဋိပက္ခတွေ ဆက်ရှိနေသေးတာ ဖြစ်တဲ့အကြောင်း ပြောဆို သွားရင်းနဲ့ ကချင်ပြည်နယ် တိုက်ပွဲတွေကြား အမျိုးသမီးနဲ့ ကလေးငယ်တွေ အတိဒုက္ခရောက်နေရတဲ့ အနေအထားတွေကို ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသွားပါတယ်။

“ဘေးဒုက္ခအများဆုံး ရင်ဆိုင်နေရသူတွေဟာ အပြစ်မဲ့တဲ့ အမျိုးသမီးနဲ့ ကလေးတွေ ဖြစ်ပြီး သူတို့ဟာ ပဋိပက္ခကို ဖန်တီးသူ၊ ပဋိပက္ခ ဖြစ်နေအောင် လုပ်နေသူတွေ မဟုတ်တဲ့အကြောင်း၊” - ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

အာဏာနဲ့ လုပ်ပိုင်ခွင့် ရှိသူတွေက မေတ္တာထားဖို့နဲ့ သတ္တိရှိဖို့၊ တခြား အရာတွေကို ပိုပြီး ဦးစားပေးနေတာကြောင့် အပြစ်မဲ့ပြည်သူတွေအတွက် ငြိမ်းချမ်းရေးကို မရနိုင်တာလို့ သူက ဆိုပါတယ်။

“ဒီနေရာမှာ သတ္တိဆိုတာ ရုပ်ပိုင်းဆိုင်ရာ အရ ပြသတဲ့ သတ္တိမျိုးကို ဆိုလိုတာ မဟုတ်သလို စစ်မြေပြင်မှာပြတဲ့ သတ္တိမျိုးကို သတ္တိလို့ ဆိုလိုတာ မဟုတ်ဘူး။ တခါတရံမှာ စစ်မြေပြင်မှာ မသွားတော့ဘူးလို့ ငြင်းဆန်တာကလည်း သတ္တိဖြစ်ပြီး ဒီလောက်ဆိုရင် တော်ပြီ၊ လုံလောက်ပြီလို့ ပြောရတာကလည်း သတ္တိဖြစ်တဲ့အကြောင်း၊ တယောက်ယောက်က ဒါကို အဆုံးသတ်သင့်ပြီလို့ ပြောရဲဖို့လိုတဲ့အကြောင်းနဲ့ ပဋိပက္ခကို အစပြု ဖန်တီးတဲ့သူတွေ ရှည်ကြာအောင် ဆက်လုပ်နေသူတွေ ဘက်က အဆုံးသတ်ရဲတဲ့သတ္တိရှိဖို့ လိုတဲ့အကြောင်း၊” - ဒေါ်အောင်ဆန်းစုကြည် ပြောဆိုသွားတာပါ။

ငြိမ်းချမ်းရေးအတွက် အပြောင်းအလဲတွေ လိုတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ အပြောင်းအလဲတွေ အတွက် ပြင်းပြင်းထန်ထန် အလုပ် လုပ်ရမှာ ဖြစ်ပြီး မဖြစ်မနေ ဆက်လုပ်မယ်ဆိုတဲ့ သံန္နိဌာန် ခိုင်မာဖို့လည်း လိုတယ်လို့ သူက ပြောပါတယ်။ ငြိမ်းချမ်းရေးရဖို့အတွက် လက်တွေ့ လုပ်ဆောင်ဖို့ လိုတယ်ဆိုတာကိုလည်း မီးကို ငြိမ်းချင်ရင် မဖြစ်မနေ လက်တွေ့ ငြိမ်းသက်ရတဲ့ဥပမာနဲ့ နှိုင်းယှဉ်ပြောပြသွားပါတယ်။
အရင် စစ်အစိုးရဘက်က တွေ့ဆုံဆွေးနွေးတယ် ဆိုတာကို တဘက်ဘက်က လုံး၀ ရှုံးနိမ့်သွားမှ ဆွေးနွေးတာလို့ ရှုမြင်ခဲ့တဲ့အတွက် တွေ့ဆုံဆွေးနွေးရေးကို ငြင်းပယ်ခဲ့တဲ့ အကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ရှင်းပြပါတယ်။

“တွေ့ဆုံ စကားပြောတယ်ဆိုတာ တဘက်နဲ့တဘက် အပေးအယူလုပ် ညှိနှိုင်းတာမျိုး ဆိုတာကို သူ့ဘက်က အကြိမ်ကြိမ် ရှင်းပြခဲ့တဲ့အကြောင်း၊” - ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ အပေးအယူဆိုတာ ကိုယ့်ဘက်က အားလုံးကို ယူတာဆိုတဲ့ မှားယွင်းတဲ့ ရှုမြင်ချက်မျိုးနဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မှာ မဟုတ်တဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်က ရှင်းပြခဲ့ပါတယ်။

မြန်မာပြည် ဒီမိုကရေစီခရီး နှစ် ၂၀ ကျော်အတွင်းမှာ ဒီမိုကရေစီ မရသေးဘူး ဆိုရင်တောင် ပဋိပက္ခတွေကို စေ့စပ်ညှိနှိုင်းရမယ်ဆိုတဲ့ အမြင်သဘောထားတွေ ကိုတော့ အစပျိုး လက်ခံလာတာတွေ ရှိနေပြီလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ကချင်ဒေသ ငြိမ်းချမ်းရေးဟာလည်း စေ့စပ်ဆွေးနွေးရေး လုံး၀ ပျက်ပြယ်သွားပြီဆိုတာမျိုး မဟုတ်တဲ့အကြောင်း၊ အားလုံး လိုလားတဲ့ ငြိမ်းချမ်းရေးမျိုး မျှော်လင့်ချက်တွေ ရှိနေသေးတယ် ဆိုတာကို ဒေါ်အောာင်ဆန်းစုကြည်က မိန့်ခွန်းထဲမှာ ထည့်သွင်း ပြောကြားသွားပါတယ်။
XS
SM
MD
LG