သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကော့မှူးဒေသခံတွေ ဒေါ်စုခရီးစဉ် ကြိုဆိုဖို့ ပြင်ဆင်


ကော့မှူးဒေသခံတွေ ဒေါ်စုခရီးစဉ် ကြိုဆိုဖို့ ပြင်ဆင်
ကော့မှူးဒေသခံတွေ ဒေါ်စုခရီးစဉ် ကြိုဆိုဖို့ ပြင်ဆင်

ဧပြီလ ၁ ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲမှာ ကော့မှူးမြို့နယ်ကနေ ဝင်ပြိုင်မယ့် ဒေါ်အောင်ဆန်းစုကြည်ဟာ သူရဲ့ ပထမဆုံး ကိုယ်စားလှယ်လောင်း စည်းရုံးရေးခရီးစဉ် အဖြစ် မနက်ဖြန် ကော့မှူးမြို့ကိုသွားမှာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ကော့မှူးမှာ လူထုနဲ့ စကားပြောဖို့ စီစဉ်ထားသလို လမ်းတလျှောက်မှာ ရှိတဲ့ မြို့ရွာတွေမှာလည်း လူထုနဲ့ တွေ့ဆုံတာတွေ ရှိမယ်လို့ စည်းရုံးရေး ခရီးစဉ်အတွက် ပြင်ဆင်နေကြတဲ့ NLD ရွေးကောက်ပွဲ အောင်နိုင်ရေး အဖွဲ့တွေက ပြောပါတယ်။ မြို့ခံလူထုတွေကရော ဒေါ်အောင်ဆန်းစုကြည်ရဲ့ စည်းရုံးရေးခရီးကို ဘယ်လောက် စိတ်ဝင်စားနေကြပါသလဲ။ အခြေအနေ အပြည့်အစုံကို မသင်းသီရိက တင်ပြထားပါတယ်။

ဧပြီလ ၁ရက်နေ့မှာ လုပ်မယ့် ကြားဖြတ် ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်းတွေ အနေနဲ့ ဒီကနေ့ ဖေဖော်ဝါရီ ၁၀ ရက်နေ့ကစလို့ ကိုယ်စားလှယ်လောင်း စည်းရုံးရေးခရီးတွေ စနိုင်ပြီ ဖြစ်တာမို့ မနက်ဖြန် ဖေဖော်ဝါရီလ ၁၁ ရက်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ ကိုယ်စားလှယ်လောင်း စည်းရုံးရေးခရီး စထွက်မှာ ဖြစ်ပါတယ်။ ဆင်းရဲနွမ်းပါးကာ ဖွံ့ဖြိုးမှု နောက်ကျနေပြီး ချို့တဲ့ တဲ့ လူထုကို ကိုယ်စားပြုပြီး ဝင်ချင်တဲ့အတွက် ရန်ကုန်တိုင်းတွင်း လစ်လပ်နေရာတွေထဲက ဒေါ်အောင်ဆန်းစုကြည်ဟာ ကော့မှူးမြို့ကို ရွေးချယ်ထားတာ ဖြစ်ပြီး သူ့ရဲ့ မဲဆန္ဒနယ်မြေကို ပထမဆုံး စည်းရုံးရေး စလိုက်တာလည်း ဖြစ်ပါတယ်။

ရန်ကုန်ကနေ မနက်ဖြန် မနက်ပိုင်း ကားနဲ့ ကော့မှူးမြို့အထိ သွားဖို့ စီစဉ်ထားတာ ဖြစ်သလို လမ်းမှာ ဒေါ်အောင်ဆန်းစုကြည် သန်းခေါင်စာရင်း ဝင်ထားတဲ့ ဝါးသိင်္ခ ရွာနဲ့အတူ လမ်းတလျှောက်က မြို့တချို့ကိုလည်း ဝင်ဖို့ စီစဉ်ထားတယ်လို့ NLD ပါတီရဲ့ ကော့မှူး မြို့နယ် အတွင်းရေးမှူး ဦးမြင့်သိန်းက ပြောပါတယ်။

“ကျနော်တို့က လှိုင်သာယာ နယ်မြေအဆုံးမှာ မုဂ်ဦးတစ်ခုလုပ်ပြီးတော့ တွံတေးမြို့နယ်ကနေ ကားတန်း ၁၀ စီးလောက်နဲ့ ကြိုပါမယ်။ ဒလ က ကား ၅ စီးနဲ့ ဆိုင်ကယ် အစီး ၂၀၀ နဲ့ ကြိုပါမယ်။ အဲဒီကနေပြီးတော့ ပါလာပါမယ်။ ကွမ်းခြံကုန်း NLD ရုံးရှေ့မှာ သူတို့အားလုံးပေါင်း စုပေါင်းပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကို နှုတ်ဆက်စကားလောက်ကိုတော့ ပြောကြားခိုင်းမယ်လို့ စီစဉ်ထားပါတယ်။ အဲဒီကနေပြီးတော့ ကျနော်တို့ ဝါးသိင်္ခ ကျေးရွာကို ရောက်ပါမယ်။ ဝါးသိင်္ခကျေးရွာမှာ တအောင့်နားပြီးတော့ ဟောပြောပွဲလေး သူတို့ လုပ်ပါမယ်။ အဲဒီကနေပြီးတော့ ငှက်အော်ဆန်း ကျေးရွာမှာ အဲဒီက ဘောလုံးကွင်းထဲမှာ ကျနော်တို့ လူထုကို ဟောပြောပွဲလုပ်ဖို့ စီစဉ်ထားပါတယ်။ ၃ နာရီလောက် ဟောပြောပွဲလုပ်မယ်လို့ တိုင်ပင်ကိုက်ထားပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မနက်ဖြန် ကော့မှူးခရီးးစဉ်အတွင်းမှာ လုံခြုံရေးအတွက် ဘယ်လို စီစဉ်ထားပါသလဲ၊ ဦးမြင့်သိန်း ရှင်းပြတာကတော့ -

“ကျနော်တို့ တစ်ရွာကို ၅ ယောက်နဲ့ လုံခြုံရေးက လူ ၁၇၀ ရှိပါတယ်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လူငယ်အဖွဲ့ဝင်တွေထဲကနေ လုံခြုံရေး ၁၅၇ ယောက် ရှိပါတယ်။ ကျနော်တို့ ကော့မှူးမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လူငယ် ဦးဆောင်တဲ့ လုံခြုံရေးက ၁၅၃ ယောက် ရှိပါတယ်။ တခြားသော မြို့နယ်တွေထက် အရေးကြီးဆုံး မြို့နယ် ဖြစ်တဲ့အတွက် ကျနော်တို့အားလုံး ကော့မှူးမြို့နယ်ကို အပိုင်းသုံးပိုင်းခွဲပြီးတော့ စည်းရုံးရေး ဆင်းထားပါတယ်။ ကျေးရွာလူထုတွေကိုလည်း အကုန်လုံး အဲဒီအတွက်ကို ကြိုတင်ပြင်ဆင်ထားလို့ ရပါတယ်။”

ကော့မှူးမြို့နယ် NLD ပါတီ အတွင်းရေးမှူး ဦးမြင့်သိန်း ဖြစ်ပါတယ်။ ရန်ကုန်ကနေ လှိုင်သာယာကို ဖြတ်ကာ ကော့မှူးအထိ သွားမယ့် လမ်းတလျှောက်မှာတော့ လူထုက ဒေါ်အောင်ဆန်းစုကြည်ကို ထွက်ပြီး ကြိုဆိုဖို့ စီစဉ်ထားသလို နိုင်ငံရေး စိတ်ဝင်စားကြ သူတွေရော နိုင်ငံရေးနဲ့ အလှမ်းဝေးသူတွေပါ ဒီခရီးကို အတော်လေး စိတ်ဝင်စားပြီး သွားကြဖို့ စီစဉ်နေတယ်လို့ မြို့ခံတွေက အခုလို ပြောပြကြပါတယ်။

“ဒီဟာကတော့ တော်တော်လေးကို ရှိပါတယ်။ အာရုံစိုက်ပြီးတော့ မနက်ဖြန် လာလို့ရှိရင်လို့ ကြိုဖို့ဆိုပြီးတော့ အပြင်ကပေါ့နော် နိုင်ငံရေး လုံးဝမဟုတ်ဘဲနဲ့ စိတ်ဝင်စားတဲ့ ပရိသတ်တွေလည်း ရှိပါတယ်ခင်ဗျ။ ဒီမှာဆိုလည်း ကျနော်တို့ ကွမ်းခြံကုန်းမှာဆို စနေအသင်းပေါ့၊ လူမှုရေးအသင်းပေါ့။ သူတို့လိုက်ပြီးတော့ နိုးဆော်ထားတာ တော်တော်လေးကို အားပေးပါတယ်ခင်ဗျ။”

“အများကတော့ စိတ်ဝင်စားတာပဲ။ ဒေါ်စုက ပြောစရာမလိုဘူး။ လူတွေက အားကြီးသဘောကျတာ၊ ဒေါ်စုမှ ဒေါ်စုပဲ။ ပြောနေကြတယ် ကလေးတွေကို ပန်းစည်း ဆက်ခိုင်းမလို့တဲ့။ တော်တော်လေးတော့ ရှိတယ်။ ဒါကတော့ သွားရမယ် သွားရမယ် ဆိုပြီး ပြောနေကြတာပဲ။ လူထု ထွက်မှာပါ။ ကော့မှူးတောင် သွားကြမယ်ပြောတာ။ မဲထည့်ရရင် ကောင်းမှာပဲနော် ပြောနေကြသေးတယ်။ ဒီက ထည့်လို့မရလို့။ အကုန် ထည့်ချင်ကြတာ။”

မြို့ခံတွေ ပြောသွားတာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၇ ရက်နေ့က ပါတီစည်းရုံးရေးအဖြစ် ပုသိမ်နဲ့ မြောင်းမြကို သွားတုန်းကလည်း ဒေသခံလူထုတွေ အများအပြား ကြိုဆိုခဲ့ကြပါတယ်။ အဲဒီတုန်းက ဒေါ်အောင်ဆန်းစုကြည် လာတဲ့ရက်မှာ ပုသိမ်တက္ကသိုလ်က ကျောင်းသူကျောင်းသားတွေကို အကြို စာမေးပွဲ မဖြေမနေရ ဖြေခိုင်းထားတဲ့ ကိစ္စကိုလည်း NLD ပါတီက သက်ဆိုင်ရာ ခရိုင်ကော်မရှင်ရုံးကို တိုင်ကြားထားပါတယ်။ ဒီမိုကရေစီ နိုင်ငံတစ်ခုရဲ့ လွတ်လပ်တဲ့ ရွေးကောက်ပွဲတွေမှာ ဒါမျိုးတွေ မရှိသင့်သလို နောက်နောင် တခြား နယ်မြေတွေမှာလည်း ဒါမျိုးတွေ မဖြစ်ရအောင် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တိုင်ကြားခဲ့တာ ဖြစ်တယ်လို့ NLD ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဉာဏ်ဝင်းက ပြောပါတယ်။

“တရားမျှတတဲ့ ရွေးကောက်ပွဲတစ်ခု ဖြစ်ဖို့မှာ ဒီဥစ္စာတွေက အနှောက်အယှက်တွေ ဖြစ်နေတယ်လို့ အဲဒီလိုပဲ ပြောလိုက်တယ်။ ကျနော်တို့ဆီက လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်ကို ခေါ်ပြောပါတယ်။ သူတို့ တရားမျှတအောင် လုပ်ပေးပါ့မယ်လို့ အဲဒီလို ခေါ်ပြောတယ်လို့ သိရတယ်။ ဒါက ကျနော်တို့ကို ခေါ်ပြောတာက ခရိုင်ပဲလေ။ ခရိုင်အဆင့်ကတော့ ဒီလောက်ပဲ သူပြောနိုင်မယ် ထင်ပါတယ်။”

NLD ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဉာဏ်ဝင်း ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ မနက်ဖြန် ကော့မှူးခရီးစဉ် ပြီးရင် ရန်ကုန်တိုင်းတွင်းက တခြား လစ်လပ် မဲဆန္ဒနယ်မြေတွေကိုလည်း သွားမှာဖြစ်သလို ခရီးပျက်သွားတဲ့ မန္တလေးကိုလည်း ဒီလပိုင်းကုန် သွားဖို့ စီစဉ်ထားတဲ့အပြင် ကချင်နဲ့ ရှမ်းပြည်နယ် ဘက်တွေကိုလည်း ပါတီစည်းရုံးရေး ခရီးတွေ ထွက်မယ်လို့ NLD ပါတီက ပြောပါတယ်။

XS
SM
MD
LG