သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စုနှင့် သားငယ် ရွှေတိဂုံဘုရား ဖူးမြော်


ဒေါ်အောင်ဆန်းစုကြည်နှင့် သားငယ် ကိုထိန်လင်း ရွှေတိဂုံစေတီတော်သို့ ရောက်ရှိလာစဉ်။ နိုဝင်ဘာ ၂၄၊ ၂၀၁၀။
ဒေါ်အောင်ဆန်းစုကြည်နှင့် သားငယ် ကိုထိန်လင်း ရွှေတိဂုံစေတီတော်သို့ ရောက်ရှိလာစဉ်။ နိုဝင်ဘာ ၂၄၊ ၂၀၁၀။

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ မနက်ပိုင်းက သားငယ် ကိုထိန်လင်းနဲ့အတူ ရွှေတိဂုံဘုရားကို သွားဖူးခဲ့ပါတယ်။ အဲဒီကနေတဆင့် ဖခင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ အကိုဖြစ်သူ ဦးအောင်သန်း ကွယ်လွန်တဲ့ ၁၉ နှစ်မြောက် နှစ်ပတ်လည် ဆွမ်းကျွေးကို သားငယ်နဲ့အတူ သွားရောက်ခဲ့ပါတယ်။ အပြည့်အစုံကို ဘန်ကောက်မြို့ကနေ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်၊ သားငယ် ကိုထိန်လင်းနဲ့အဖွဲ့ ဘုရားပေါ်ကို တက်လာတဲ့ မြောက်ဘက်မုခ်မှာ ရှိနေကြတဲ့ ပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည်လှူဖို့ ပုဝါနဲ့ ပန်းစည်းတွေ လှူခဲ့ကြတယ်လို့ လုံခြုံရေး တာဝန်ယူခဲ့သူတွေက ပြောပါတယ်။

ဒီကနေ့မနက် ရွှေတိဂုံဘုရားပေါ်ကို တက်လာတဲ့ အခြေအနေတွေကိုတော့ ဒေါ်အောင်ဆန်းစုကြည်အတွက် လုံခြုံရေးတာဝန် ယူပေးခဲ့တဲ့ လူငယ်တဦးက အခုလို ပြောပြပါတယ်။

“မနက်က ကျနော်တို့ အိမ်ကနေ စထွက်ပြီး မြောက်ဘက်မုခ်ကို အရင်သွားပါတယ်။ မြောက်ဘက်မုခ်ကနေ တက်ပြီးတော့ အင်္ဂါထောင့်ကို သွားပါတယ်။ အင်္ဂါထောင့်မှာ အန်တီစု ဆုတောင်းပါတယ်။ အဲဒါပြီးတော့ သောကြာထောင့် သွားသေးတယ်။ ကျနော်လည်း လုံခြုံရေး ယူထားတော့ အာရုံက များနေတော့ သေချာတော့ မမှတ်မိလိုက်ဘူး။ ဘုရားတက်တဲ့ အချိန်မှာတော့ လမ်းမှာရှိတဲ့ ပြည်သူတွေက အန်တီ့ကို ဘုရားမှာ ကပ်လှူဖို့ ပန်းတွေ၊ ပုဝါတွေ လာပြီး လှူဖို့ ပေးကြပါတယ်။ လာပေးတော့ ပန်းတွေကို အန်တီစုက သူတို့အတွက်လည်း အကုန်လုံးပေါင်းပြီးတော့ ဘုရားမှာ လှူပေးပါတယ်။ ဘုရား လမ်းတောက်လျှောက်မှာ ပြည်သူတွေ လှူလိုက်တဲ့ဟာကို အန်တီစုကတဆင့် ပြန်လှူပေးတာပေါ့၊ ဘုရားမှာ။ ဘုရားပေါ်မှာ ကျနော်တို့ စုစုပေါင်း တနာရီ နီးပါးလောက် ကြာတယ်။”

ဘုရားပတ်ဝန်းကျင်မှာရော လုံခြုံရေး အခြေအနေတွေ ဘယ်လိုရှိလဲခင်ဗျ။

“ဘုရားပတ်ဝန်းကျင်မှာတော့ ကျနော်တို့ အဓိကတွေ့တာ ကင်မရာသမား အယောက် ၁၀၀ ကျော်ကျော်လောက် ရှိတယ်။ ကျနော်တို့ စထွက်ထွက်ချင်း ကြိုစောင့်နေကြတာ။ လူတွေတော့ ဟိုဘက် ဒီဘက် ကျနော်လည်း သေသေချာချာတော့ မခွဲတတ်ဘူး၊ မီဒီယာသမားတွေရော ဘာတွေရော အကုန်လုံး ကြိုစောင့်နေတာ၊ အယောက် ၁၀၀ ကျော်လောက် ရှိပါတယ်။ ယူနီဖောင်းဝတ်ထားတာ ဘုရားဝန်ထမ်းတွေပဲ ရှိပါတယ်။ ဘုရားမှာ တာဝန်ကျတဲ့ ဝန်ထမ်းတွေ။”

ဒေါ်အောင်ဆန်းစုကြည်အတွက် လုံခြုံရေးတာဝန် ယူပေးခဲ့တဲ့ လူငယ်တဦး ပြောပြခဲ့တာ ဖြစ်ပါတယ်။

လည်ကတုံး ရှပ်အင်္ကျီအဖြူနဲ့ ပုဆိုးဝတ်ထားတဲ့ သားငယ် ကိုထိန်လင်းကလည်း မိခင်ဖြစ်သူနဲ့အတူ ဘုရားပေါ်မှာ ရေသပ္ပာယ်တာ၊ ပန်းစည်း ကပ်လှူတာတွေ လုပ်ဆောင်ခဲ့တဲ့အပြင် မိခင်နဲ့အတူ ဝတ်ပြု ဆုတောင်းခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီကမှတဆင့် ဗိုလ်ချုပ်အောင်ဆန်းရဲ့ အကိုတော်သူ ဦးလေး ဦးအောင်သန်း ကွယ်လွန်တဲ့ ၁၉ နှစ်မြောက် နှစ်လည် ဆွမ်းကျွေးပွဲကို သူတို့သားအမိနဲ့အတူ NLD အဖွဲ့ဝင်တွေ သွားရောက်ခဲ့ကြပါတယ်။ ဒီကနေ့ ပြုလုပ်တဲ့ ဆွမ်းကျွေးပွဲနဲ့ ပတ်သက်လို့တော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မောင်ဝမ်းကွဲတော်သူ ဦးအောင်သန်းရဲ့သား ဦးချိုက အခုလို ပြောပြပါတယ်။

“ဒီနေ့ ဖေဖေဆုံးသွားတာ ၁၉ နှစ်မြောက်ပေါ့။ အဲဒီမှာ ဘုန်းကြီး ၅ ပါး ဆွမ်းကျွေးတယ်။ ပြီးတော့ လူကြီးတွေပေါ့၊ NLD တို့ ဘာတို့ အကုန်လုံးပေါ့၊ နိုင်ငံရေးနဲ့ ပတ်သက်တဲ့၊ နွယ်တဲ့လူတွေ အားလုံးကို ဖိတ်ပါတယ်။ ဒေါ်စု အပါအဝင်ပေါ့။ လူကြီးတွေထဲကတော့ ဦးတင်ဦး၊ ဦးနိုင်းနိုင်း၊ ဦးဝင်းထိန်၊ ဦးအုန်းကြိုင်၊ ဦးကြည်ဝင်း၊ စာရေးဆရာ တောင်တွင်းကြီး အောင်သင်း၊ ပြီးတော့ တော်ဖုရားလေးရဲ့ဇနီး ပါတယ်၊ တော်တော်များများတော့ လာကြပါတယ်။ လူတွေ အများကြီးပဲ။ Public ကလည်း အောက်မှာ စောင့်ကြည့်တဲ့လူတွေ အများကြီးပဲ။”

ဒေါ်အောင်ဆန်းစုကြည် ရောက်လာပြီး နောက်ပိုင်း ရောက်နေကြတဲ့ အမျိုးတွေ အချင်းချင်းကြား စကားပြောဖြစ်ကြတာတွေကိုလည်း ဦးချိုက အခုလို ဆက်ပြောပြပါတယ်။

“အမျိုးတွေ တွေ့တာဆိုတော့ အမျိုးတွေ အကြောင်းပါပဲ၊ အဓိကထားတာပေါ့။ နှုတ်ဆက်တယ် အမျိုးတွေကို၊ နေကောင်းလား၊ ဘာညာပေါ့လေ၊ ဒါပါပဲ၊ သိပ်တော့ ထူးထူးထွေထွေ မဟုတ်ပါဘူး။ အလာပ သလာပ ကတော့ လာတွေ့ဖို့ရော၊ သူ့ဆီ အားတဲ့အချိန် လာခဲ့ဖို့၊ ဒီလောက်ပါပဲ။ ပြီးတော့ ကျနော်တို့ မောင်နှမတွေ အကုန်လုံးနဲ့ သူနဲ့က ရင်းတယ်လေ။ သူနဲ့က အကုန်လုံး ရင်းနှီးတော့ တယောက်ပြီးတယောက် လိုက်နှုတ်ဆက်တာပေါ့။ အဲဒါနဲ့ကို တနာရီလောက် ကြာသွားတယ်။”

ဦးချိုဟာ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်နဲ့ ထိန်းသိမ်းမခံရခင် ၁၉၉၅ ခုနှစ်ကနေ ၁၉၉၇ ခုနှစ်အထိ NLD ပါတီရဲ့ အထွေထွေ အတွင်းရေးမှူးရုံးမှာ ၂ နှစ် တာဝန်ထမ်းဆောင်ခဲ့ဖူးတယ်လို့ ဆိုပါတယ်။ အခုနောက်ပိုင်းမှာလည်း ဒေါ်အောင်ဆန်းစုကြည် ပေးအပ်လာတဲ့ တာဝန်တွေကို ထမ်းဆောင်သွားဖို့ သူ့ဘက်က အဆင်သင့်ရှိတယ်လို့ ဆိုပါတယ်။

“ပွင့်ပွင့်လင်းလင်း ပြောရရင် ကျနော်က Supporter ပေါ့၊ ဘယ်သူလုပ်လုပ်လေ၊ သူလုပ်ရင်တော့ အထူးသဖြင့်ပေါ့၊ ပိုလုပ်ပေးရမှာပေါ့။ ဘယ်သူပဲလုပ်လုပ် ကျနော် လုပ်ပေးပါတယ်။ အခုလည်း ဒေါ်စုက ဘယ်လိုတာဝန် ပေးမလဲတော့ မသိဘူးပေါ့။ သူပေးတဲ့တာဝန်ကို ကျနော်ကတော့ လက်ခံဖို့ အဆင်သင့်ပါပဲ။”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မောင်တဝမ်းကွဲတော်သူ ဦးချို ပြောပြခဲ့တာ ဖြစ်ပါတယ်။

နေ့လယ်ပိုင်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်နယ်၊ တိုင်း အသီးသီးက ရောက်နေကြတဲ့ NLD ဗဟိုအမျိုးသမီး အဖွဲ့ဝင်တွေနဲ့ အစည်းအဝေး ပြုလုပ်ခဲ့ပါတယ်။

XS
SM
MD
LG