သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စု အင်တာဗျူးနှင့် ဆောင်းပါး ပုံနှိပ် ဖော်ပြခွင့်ရ


ဒေါ်စု အင်တာဗျူးနှင့် ဆောင်းပါး ပုံနှိပ် ဖော်ပြခွင့်ရ
ဒေါ်စု အင်တာဗျူးနှင့် ဆောင်းပါး ပုံနှိပ် ဖော်ပြခွင့်ရ

ပြည်တွင်းထုတ် ဂျာနယ်ဖြစ်တဲ့ မက်ဆင်ဂျာမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီကနေ့ မြန်မာလူငယ်တွေအပေါ် အမြင်သဘောထားကို အင်တာဗျူး ဖော်ပြထားပါတယ်။ ဒါ့အပြင် အရင် သီတင်း ၂ ပတ်ကျော်က ဆိုင်းငံ့ခံထားခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည် ရေးသားတဲ့ ပုဂံ ခရီးသွား ဆောင်းပါးကိုလည်း ပြည်သူ့ခေတ် ဂျာနယ်မှာ ဖော်ပြခွင့် ပေးလိုက်ပြီ ဖြစ်ပါတယ်။ ဒါဟာ ပြည်တွင်းထုတ် ဂျာနယ်တွေမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အင်တာဗျူးနဲ့ ဆောင်းပါးကို ပထမဆုံး အကြိမ်အဖြစ် ဖော်ပြခွင့် ရတာလည်း ဖြစ်ပါတယ်။ အပြည့်အစုံကို မသိင်္ဂီထိုက်က စုံစမ်းမေးမြန်းပြီး တင်ပြပေးထားပါတယ်။

အပတ်စဉ် တနင်္လာနေ့တိုင်း ထုတ်တဲ့ မက်ဆင်ဂျာ ဂျာနယ်မှာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လူငယ်တွေအပေါ် အမြင် သဘောထားကို တွေ့ဆုံမေးမြန်းခန်းအဖြစ် စာပေစိစစ်ရေးက ဖော်ပြခွင့် ပေးလိုက်ပါတယ်။ မက်ဆင်ဂျာ ဂျာနယ်ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံ မေးမြန်းခန်းကို ပထမဆုံး ဖော်ပြခွင့်ရတဲ့ ပြည်တွင်းထုတ် ဂျာနယ်လည်း ဖြစ်ပါတယ်။ ဒီအင်တာဗျူးကို ဖော်ပြခွင့်ရဖို့ စာပေစိစစ်ရေးက ဆင်ဆာဖြတ်တောက်မှု ရှိမရှိ၊ ထုတ်ဝေခွင့်ပြုဖို့ အချိန်ဘယ်လောက် ယူခဲ့တယ် ဆိုတာကိုတော့ ဂျာနယ် တာဝန်ခံတွေက ထုတ်ဖော် မပြောပါဘူး။ ဂျာနယ် တာဝန်ခံ အယ်ဒီတာ တဦးကတော့ အခု ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမေးမြန်းခန်းနဲ့ ပတ်သက်ပြီး အခုလို ပြောပါတယ်။

“ဟုတ်ပါတယ်၊ ကျနော်တို့ ဒီနေ့ ဖော်ပြထားပါတယ်။ ၅ ရက်နေ့ထုတ် မက်ဆင်ဂျာ ဂျာနယ်မှာပေါ့။ အဓိကတော့ ဒီနေ့ခေတ် လူငယ်တွေပေ့ါ၊ အဲဒီလူငယ်တွေအပေါ် အန်တီ့အနေနဲ့ အကျယ်ချုပ်က လွတ်လာပြီးနောက်ပိုင်း ဘယ်လိုမြင်သလဲပေါ့၊ အဓိကတော့ လူငယ်အကြောင်းပေါ့။ ဆင်ဆာတင်တာတော့ အင်တာဗျူးခဲ့ကတည်းက တင်ခဲ့တာပေါ့၊ ဒီအပိုင်းတွေတော့ ကျနော်ဖြေတာထက် စာပေစိစစ်ကို မေးရင် ပိုကောင်းလိမ့်မယ် ထင်ပါတယ်။ အင်တာဗျူး ခေါင်းစဉ်က ယနေ့ခေတ် လူငယ်တွေအပေါ် ဒေါ်အောင်ဆန်းစုကြည် ဘယ်လိုမြင်သလဲပေါ့၊ အဲဒီလို ပေးထားပါတယ်။”

မက်ဆင်ဂျာ ဂျာနယ်ဟာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေးရဲ့ သားဖြစ်သူ ဦးဇော်မင်းအေး ထုတ်ဝေနေတဲ့ သတင်းဂျာနယ်တစောင် ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ ပြည်သူ့ခေတ် ဂျာနယ်မှာ ဖော်ပြခွင့် တင်ပြထားတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆောင်းပါးကို စာပေစိစစ်ရေးက ဒီတပတ်ထုတ် ဂျာနယ်မှာ ထုတ်ဝေခွင့် ပေးလိုက်ပါတယ်။ ဆောင်းပါးကို ဆင်ဆာတည်းဖြတ်တာ မရှိဘူးလို့လည်း ပြည်သူ့ခေတ်ဂျာနယ် အယ်ဒီတာချုပ် ဦးဖေမြင့်က အခုလို ပြောပါတယ်။

“ဟုတ်ပါတယ်ခင်ဗျ၊ မဖြတ်ပါဘူးခင်ဗျ။ ခပ်စောစောကတော့ အဆင်မပြေလို့ ကျနော်တို့ စောင့်ဆိုင်းနေရတာပေါ့နော်။ အခုတော့ ကျနော်တို့ တင်လိုက်တဲ့အတိုင်း ရပါတယ်။ ကျနော်တို့ အရင် ၂ ပတ်၊ ၂ ပတ်ကျော်ကျော်လောက် ဖြစ်မှာပေါ့၊ အဲဒီလောက်က တင်တယ်ဗျ။ အဲဒီမှာ နည်းနည်းလေး ခွင့်ပြုလို့ မရတာလေး အဲဒီအချိန်ကတော့ ရှိတယ်ဗျ။ အဲဒါကြောင့် ကျနော်တို့ ဖော်ပြလို့ မရဘူးပေါ့။ အခုတော့ ကြည့်ရတာ အနေအထားလေးတွေ နည်းနည်းပါးပါး ပြောင်းလဲတယ်လို့ ထင်ပါတယ်။ ကျနော်တို့ကို အဲဒါ ပေးတယ်ပေါ့နော်။ ပေးတော့ ကျနော်တို့ လာမယ့်အပတ် ဒီတရက် နှစ်ရက် ထွက်မယ့် ဂျာနယ်မှာ ပါပါလိမ့်မယ်။”

ပြည်သူ့ခေတ် ဂျာနယ်ရဲ့ အယ်ဒီတာချုပ် ဦးဖေမြင့်ကတော့ အခု စာပေစိစစ်ရေးက ထုတ်ေ၀ ဖော်ပြခွင့် ပေးလိုက်တာနဲ့ ပတ်သက်လို့ အခုလို ပြောပါတယ်။

“စာပေစိစစ်ရေးကတော့ အရင်တုန်းကလည်း ကျနော်တို့ တခါတရံမှာ တင်လိုက်တယ်၊ အခုလို ဆိုင်းငံ့တို့ ဘာတို့ စသဖြင့်ပေါ့ဗျာ လောလောဆယ် မပေးနိုင်သေးတဲ့ ဟာမျိုးတွေ ရှိတယ်ဗျ။ အဲဒါတွေက နည်းနည်းပါးပါး အခြေအနေ အပြောင်းအလဲ ရှိရင်တော့လည်း သူတို့ ပေးတတ်တယ်ဗျ။ သူတို့က တချို့ကိစ္စတွေပေါ့ဗျာ၊ အဲဒီအချိန် အခိုက်အတန့်မှာ သိပ် Sensitive ဖြစ်တဲ့ဟာမျိုးကို မပေးပေမဲ့ အဲဒီအနေအထားက ပြောင်းလဲသွားရင်တော့လည်း ပြန်တင်လို့ရှိရင် ရတဲ့ဟာမျိုးတော့ ရှိပါတယ်။ အခုလည်း ဒီသဘောမျိုးထဲမှာ ကြုံရတာပေါ့။”

ပြည်တွင်း စာပေထုတ်ဝေခွင့်ကို ဆင်ဆာတည်းဖြတ်နေတဲ့ စာပေစိစစ်ရေးနဲ့ မှတ်ပုံတင် ဌာနဟာ နှစ်ပေါင်းများစွာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သတင်း၊ သတင်းဓာတ်ပုံတွေကို ပြည်တွင်းထုတ် ဂျာနယ်တွေမှာ ဖော်ပြခွင့် ထိန်းချုပ် ကန့်သတ်ထားခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က လွတ်မြောက်လာပြီး နောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ သတင်းနဲ့ သတင်းဓာတ်ပုံတွေကို ပြည်တွင်းထုတ် ဂျာနယ်တွေက ရေးသား ဖော်ပြခဲ့ကြတာကြောင့် ဂျာနယ်ထုတ်ဝေခွင့်ကို ယာယီပိတ်သိမ်းပြီး အရေးယူတာတွေလည်း ရှိခဲ့ဖူးပါတယ်။

အခု ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမေးမြန်းခန်းနဲ့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ရေးသားထားတဲ့ ခရီးသွား ဆောင်းပါးတွေကို ပြည်တွင်းထုတ် ဂျာနယ်တွေမှာ ပထမဆုံး အကြိမ်အဖြစ် ဖော်ပြခွင့်ပြုတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီတပတ်ထုတ် ပြည်သူ့ခေတ်ဂျာနယ်မှာ ဗိုလ်ချုပ်အောင်ဆန်း ရေးသားခဲ့တဲ့ နိုင်ငံရေး ဆောင်းပါးနဲ့ သတင်းစာ ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်ရဲ့ ဆောင်းပါးတွေကိုလည်း ဖော်ပြခွင့် ပြုထားတာကို တွေ့ရပါတယ်။

XS
SM
MD
LG