သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် မယ်လ ဒုက္ခသည်စခန်း သွားမည်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ထိုင်းနိုင်ငံ မှာ ရောက်ရှိနေစဉ်၊ ဇွန်လ(၂)ရက်နေ့မှာ မဲဆောက်မြို့အနီးက မယ်လဒုက္ခသည်စခန်းကို သွားရောက် မှာ ဖြစ်ပါတယ်။ ထိုင်း-မြန်မာနယ်စပ်က အကြီးဆုံးသောမယ်လဒုက္ခသည်စခန်းကို ဒေါ်အောင်ဆန်းစု ကြည် ရောက်ရှိလာတဲ့အခါ ဒီစခန်းထဲက ပညာသင်ကြားမှု အခြေအနေနဲ့ ကျန်းမာရေးအခြေအနေတွေ ကို လေ့လာမှာဖြစ်တယ်လို့၊ ဒီစခန်းရဲ့တာဝန်ရှိသူက ဗီအိုအေကို ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ မဲဆောက်မြို့က မယ်တော်ဆေးခန်းကို သွားရောက်မှာ ဖြစ်သလို၊ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ လည်း တွေ့ဆုံမှာ ဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ ဦးရော်နီညိမ်းက တင်ပြပေးပါလိမ့်မယ်။

ဇွန်လ ၂ ရက်နေ့မှာ ထိုင်းနိုင်ငံကို ရောက်ရှိနေမယ့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရဲ့ ထိုင်း - မြန်မာ နယ်စပ်ခရီးစဉ်နဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံကို ကြိုတင်ရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်းစု ကြည်ရဲ့ ကိုယ်ရေးလုံခြုံရေးအရာရှိ ဦးခွန်သာမြင့်က ကရင်ဒုက္ခသည်များ အရေးကော်မီတီ (Karen Refugees Committee - KRC) ရဲ့ ဥက္ကဌလည်းဖြစ်ပြီးတော့ ဒုက္ခသည်စခန်းများ ကော်မီဥက္ကဌလည်း ဖြစ် တဲ့ ဦးစောရောဘတ်ထွေးကို ရှင်းပြသွားတာကို ဗီအိုအေကို အခုလို ပြန်ပြောပြပါတယ်။

ဦးစောရောဘတ်ထွေး ။ ဦးခွန်သာမြင့်ကတော့ ကျနော့်ဆီမှာရောက်တော့ သူဘယ်လို ပြောသလဲဆို ရင် ဒေါ်အောင်ဆန်းစုကြည်က ၂ ရက်နေ့မှာ သူက အဲဒီ မယ်လ စခန်းကို သွားမယ်တဲ့။ စခန်းကော်မီတီနဲ့ သူနဲ့ တွေ့ဖို့ရှိတယ်။ လူထုတွေနဲ့ သွားတွေ့မယ်။ ပြီးတော့ နောက်တခါလည်း အဲဒီ ဆေးရုံနဲ့ ပတ်သက်တာ၊ ပညာရေးနဲ့ ပတ်သက်တာ သူတို့ကတော့ တာဝန်ရှိတဲ့သူနဲ့ သူတို့ သွားတွေ့ချင်တယ်တဲ့။ အဲဒီလိုပြောတော့ ကျနော်တို့ အနေနဲ့ကတော့ စီစဉ်ပေးမယ်လေ။

ဗီအိုအေ ။ ။ ဒီ မယ်လဒုက္ခသည်စခန်းမှာ လောလောဆယ် အကြမ်းဖျဉ်း လူဦးရေ ဘယ်လောက်ရှိပါ သလဲ ဆရာ။

ဦးစောရောဘတ်ထွေး ။ လောလောဆယ် လူဦးရေက ငါးသောင်းလောက် ရှိမယ်။

ဗီအိုအေ ။ ။ ကျောင်းတက်နေတဲ့ ကျောင်းသူကျောင်းသားဦးရေက ဘယ်လောက်ရှိပါသလဲ ဆရာ။ စခန်းထဲက ကျောင်းတွေ အများကြီးမှာ ပေါ့။

ဦးစောရောဘတ်ထွေး ။ ကျောင်းတက်နေကြတာက တစ်သောင်းကျော် လောက်ရှိမယ်။

ဗီအိုအေ ။ ။ ဒေါ်အောင်ဆန်းစုကြည်ကတော့ ဘယ်နေ့ရောက်ပြီး ဘယ်နေ့ ပြန်ထွက်မှာလည်း ဆရာ။

ဦးစောရောဘတ်ထွေး ။ ။ သူက ကျနော်တို့ စခန်းမှာဆိုရင် မနက် ၉ နာရီ ရောက်မယ်။ ပြီးတော့ ကျနော် တို့ရဲ့ ဆေးရုံက တာဝန်ရှိသူတွေနဲ့ သူတို့ တွေ့ချင်တယ်။ ပြီးတော့ ပညာရေးနဲ့ ပတ်သက်တဲ့ တာဝန်ရှိတဲ့ သူတွေနဲ့ သူတို့ တွေ့ချင်တယ်။ ပြီးတော့ လူထုတွေနဲ့ သူတို့ တွေ့ပြီးတော့ ဆွေးနွေးချင်တယ်၊ ပြောပြချင် တယ် အခြေအနေ။ နောက်ပြီးတော့ နေ့လည် ၁၂ နာရီမှာ မဲဆောက်ပြန်ကြမယ်။

ဗီအိုအေ ။ ။ မဲဆောက်ရောက်ရင်ရော ဘယ်သူတွေနဲ့ တွေ့ဖို့ရှိတယ်လို့ ဆရာ သိပါသလဲ။

ဦးစောရောဘတ်ထွေး။ ။ လူမျိုးစုခေါင်းဆောင်တွေနဲ့ သူနဲ့ တွေ့မယ်။ သူက ဖိတ်ထားတယ်၊ အစီအစဉ် ရှိတယ်။ ဒါကြောင့် အဲဒီ လူမျိုးစု ခေါင်းဆောင်တွေနဲ့ တွေ့ပြီးမှသာ သူက ဘန်ကောက်ကို ပြန်တက်မယ် ညနေ ၄ နာရီမှာ။"

မဲဆောက်မြို့ကို ဇွန်လ ၂ ရက်နေ့မှာ ရောက်ရှိလာတဲ့အခါ မယ်တော် ဆေးခန်းက ဒေါက်တာ စင်သီ ယာမောင် ကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရရင် သူ့အနေနဲ့ တင်ပြချင်တဲ့ အချက်ကို အခုလို ပြောပြပါတယ်။

ဒေါက်တာ စင်သီယာမောင် ။ ။ ထိုင်းဖက်ကလည်း ပါလာမယ်လို့ ထင်တယ်လေ။ ကျမတို့က သူတို့နဲ့ ညှိနှိုင်းပြီးတော့မှ အချိန်ပေါ်မှာ အခြေခံပြီးတော့ပေါ့နော်၊ ကျမတို့ ဆေးခန်းရဲ့ အခင်းအကျင်းတွေကို ပြနိုင်ဖို့ ကျမတို့ဆီမှာ ရှိတဲ့ လူနာတွေရော၊ အနီးစပ်ဆုံး ထိတွေ့မှုရှိအောင်တော့ စီစဉ်သွားပေးမှာပေါ့။ ကျမတို့ ဒီမှာရှိတဲ့ အစုအဖွဲ့တွေပေါ့နော်၊ ကျမတို့ ကျန်းမာရေး အစုအဖွဲ့တွေ အနေနဲ့ကတော့ ဒီနယ်စပ် ဒေသရဲ့ လူမှုရေး ကျန်းမာရေး အခြေအနေတွေပေါ့နော်။ နောက်တော့ ဒီ ရွှေ့ပြောင်းနေတဲ့ လူထုတွေပေါ့၊ လူထုရဲ့ လက်ရှိ အခြေအနေတွေ ကိစ္စကို အဓိကထားပြီး တင်ပြမှာပေါ့။

တိုင်းရင်းသားလူမျိုးစု ခေါင်းဆောင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်က မဲဆောက်မြို့မှာ တွေ့ဆုံတဲ့အခါမှာ ရခိုင်ပြည် လွှတ်မြောက်ရေးပါတီ (Arakan Liberation Party - ALP) ရဲ့ ဒု ဥက္ကဌလည်း ဖြစ်ပြီးတော့ တိုင်း ရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ တပ်ပေါင်းစုဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီ တပ်ပေါင်းစု (National Democratic Front - ND) ရဲ့ ဒုဥက္ကဌလည်း ဖြစ်တဲ့ ဦးခိုင်စိုးနိုင်အောင်က သူ့အနေနဲ့ ဒေါ်အောင်ဆန်းစု ကြည်ကို တင်ပြမယ့်အချက်ကို ဗီအိုအေကို အခုလို ရှင်းပြပါတယ်။

ဦးခိုင်စိုးနိုင်အောင် ။ ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့လို့ရှိရင်တော့ ကျနော်က ပထမ တစ်ချက်အနေ နဲ့ ပြောချင်တာကတော့ အထူးသဖြင့် လက်နက်ကိုင် ပဋိပက္ခ ဖြစ်နေတဲ့ ကိစ္စတွေကို ဒေါ်စု ပါဝင်ပြီးတော့ လုပ်ရင် ပိုပြီးတော့ အကျိုးရှိနိုင်တယ်လို့ အဲဒီလို ပြောချင်တယ်။ ဘာဖြစ်လို့လဲ ဆိုလို့ရှိရင် ဒေါ်စုက သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရနဲ့ တစုံတရာ ပူးပေါင်းဆောင်ရွက်တဲ့ ပုံစံမျိုး ဖြစ်လာတော့ အပြုသဘောဆောင်တဲ့ ပုံစံမျိုး ဖြစ်နေတယ် ဆိုတဲ့အပေါ်မှာ နိုင်ငံတကာက ပိုပြီးတော့ အာရုံစိုက်လာတာ ရှိ တယ်။ အဲဒါကြောင့် လက်နက်ကိုင်ပဋိပက္ခမှာလည်းပဲ ဒေါ်စု ပါဝင်ခြင်းအားဖြင့် ပိုပြီးတော့ အကျိုးရှိမယ် လို့ မြင်တယ်။

၁၉၉၇ ခုနှစ်က အမျိုးသား ဒီမိုကရေစီ တပ်ပေါင်းစုက ကမကထ လုပ်ပြီးတော့ မယ်သဝေါထ Seminar ဆိုတာ တခု ရှိတယ်။ အဲဒီ မယ်သဝေါထ Seminar မှာ တိုင်းရင်းသားတွေက သာတူ ညီမျှမှုရှိတဲ့ system တခု တည်ဆောက်ကြမယ် ဆိုပြီးတော့ agreement လုပ်တယ်။ အဲဒီအပေါ်မှာ ဒေါ်စုက ထောက်ခံတယ်။ ဆိုတော့ အဲဒါကြောင့် ထာဝရ ငြိမ်းချမ်းသာယာတဲ့ တိုင်းပြည်တစ်ခု တည်ဆောက်မယ် ဆိုလို့ရှိရင် တိုင်းရင်း သားတွရဲ့ ဆန္ဒကို အကောင်အထည် ဖော်လို့ရှိရင်တော့ ပိုပြီးတော့ ထာဝရ ငြိမ်းချမ်းရေးနဲ့ ပိုနီးစပ်နိုင်တယ် လို့ ပြောချင်တယ်။"


ဦးခိုင်စိုးနိုင်အောင်ဟာ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ (National Council of Union of Burma - NCUB) ရဲ့ သဘာပတိ အဖွဲ့ဝင်လည်း ဖြစ်ပြီးတော့ ဒီနှစ်ထဲမှာ မကြာသေးခင်က ALP ပါတီရဲ့ ကိုယ်စားလှယ်အဖွဲ့ကို ခေါင်းဆောင်ပြီး စစ်တွေမြို့ကို သွားရောက်ပြီးတော့ ပြည်နယ်အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို တက်ရောက်ခဲ့သူလည်း ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပမယ့် ကမ္ဘာ့ စီးပွားရေး ညီလာခံ (World Economic Forum) ကို မေလ ၃၀ ရက်နေ့ကနေ ဇွန်လ ၁ ရက်နေ့အထိ တက်ရောက်မှာ ဖြစ်ပြီးတော့ ဇွန်လ ၂ ရက်နေ့မှာ မဲဆောက်မြို့အနီးက မယ်လ ဒုက္ခသည် စခန်းနဲ့ မဲဆောက်မြို့တို့ကို သွားရောက်မယ့် ခရီးစဉ်အကြောင်း ဆက်သွယ်မေးမြန်း တင်ပြခဲ့တာ ဖြစ်ပါတယ် ခင်ဗျာ။

XS
SM
MD
LG