သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် မယ်လစခန်း သွားရောက်


မယ်လဒုက္ခသည်စခန်းကို ရောက်ရှိလာတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဒုက္ခသည်များကို နှုတ်ဆက်နေစဉ်။ (ဇွန်လ ၂ ရက်၊ ၂၀၁၂)
မယ်လဒုက္ခသည်စခန်းကို ရောက်ရှိလာတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဒုက္ခသည်များကို နှုတ်ဆက်နေစဉ်။ (ဇွန်လ ၂ ရက်၊ ၂၀၁၂)

ထိုင်း-မြန်မာနယ်စပ်၊ တက်ခ်ခရိုင် မဲဆောက်မြို့ကို ရောက်ရှိနေတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ မဲဆောက်မြို့မှာရှိတဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က တာဝန်ရှိသူတွေ၊ ထိုင်း အာဏာပိုင်တွေအပြင် မြန်မာ NGO အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ အဲဒီနောက် တက်ခ်ခရိုင်အတွင်းမှာရှိတဲ့ အကြီးဆုံး ဒုက္ခသည်စခန်းတခုဖြစ်တဲ့ မယ်လ ဒုက္ခသည်စခန်းကို သွားရောက်ခဲ့ပြီးတော့ ဒုက္ခသည်တွေရဲ့ အခြေအနေကို လေ့လာခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် လာရောက်မယ်ဆိုတဲ့အတွက် မဲဆောက်မှာရှိတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေအပြင် ဒုက္ခသည်စခန်းထဲမှာရှိတဲ့ ဒုက္ခသည်တွေက သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြပါတယ်။ ဒီအကြောင်းကို ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ စနေနေမနက်ပိုင်း မဲဆောက်ြမို့ကို ရောက်ရှိ လာချိန်မှာတော့ ထောင်နဲ့ချီရှိနေတဲ့ မြန်မာ ရွှေ့ပြောင်းအလုပ်သမားတွေက ဆိုင်းဘုတ်တွေ ကိုင်ဆောင်ပြီး ကြိုဆိုခဲ့ကြပါတယ်။

မဲဆောက်မြို့ကနေ လူဦးရေ ငါးသောင်းခန့်ရှိတဲ့ မယ်လ ဒုက္ခသည်စခန်းကို သွားရောက်ခဲ့ပြီး စခန်းကော်မတီဝင်တွေ၊ ထိုင်းအာဏာပိုင်တွေ၊ UNHCR က တာဝန်ရှိသူတွေ၊ အစိုးရမဟုတ်တဲ့ အဖွဲ့တွေနဲ့တွေ့ဆုံပြီး ဒုက္ခသည်တွေ မှတ်ပုံမတင်နိုင်သေးတဲ့ ကိစ္စတွေ၊ ပညာရေး၊ ကျန်းမာရေး အခြေအနေတွေကို မေးမြန်းသွားတဲ့အကြောင်း စခန်း ကော်မတီဥက္ကဋ္ဌ မန်းထွန်းထွန်းက အခုလို ပြောပြပါတယ်။

“သူ ပြောဆို ဆွေးနွေးသွားတဲ့အချက်တွေမှာ အဓိက အချက် သုံးချက် ပါတာပေါ့။ ဒီ မယ်လ ဒုက္ခသည်စခန်းမှာ နှစ်သောင်းတစ်ထောင်ကျော်လောက် လူဦးရေက မှတ်ပုံတင်ထားခြင်း မရှိတဲ့အပေါ်မှာ ထိုင်းအစိုးရအနေနဲ့ ဘယ်လို အကြောင်းတွေနဲ့ မှတ်ပုံမတင်နိုင်သေးတာလဲ၊ ဘာကြောင့် မှတ်ပုံမတင်သေးတာလဲ၊ မှတ်ပုံတင်ဖို့ အစီအစဉ်တွေက ဘာတွေ ရှိလဲလို့ ဒေါ်စုက အချက်ကျကျနဲ့ အသေးစိတ် မေးမြန်းသွားတာတွေ ရှိတယ်။ ကလေးငယ်တွေ လူဦးရေ ငါးသောင်းနဲ့အထက်မှာဆိုရင် ကလေးတွေက နှစ်သောင်းလောက်တော့ ရှိမှာပေါ့။ ဒါပေမဲ့ ကလေးတွေက တစ်သောင်း လေးထောင်လောက်ပဲ ကျောင်းတက်နိုင်တဲ့အတွက် ကလေးတွေ ကျောင်းမတက်နိုင်တာ ဘာကြောင့်လဲပေါ့။ အထူးသဖြင့် ပညာရေးပေါ့။ ပညာရေးနဲ့ ပတ်သက်ပြီးတော့ ကလေးတွေက ဘာကြောင့် ကျောင်းမတက်နိုင်လဲ။ သူတို့တွေ ကျောင်းအားတဲ့အချိန်မှာ ဘာတွေ လုပ်ဆောင်နိုင်သလဲ၊ ဘာတွေကို နိုင်ငံတကာ အဖွဲ့အစည်းတွေ အနေနဲ့က လုပ်ဆောင်ပေးသလဲလို့ မေးမြန်းသွားတာတွေလည်း ရှိတယ်။ နောက် မေးမြန်းသွားတာတွေက ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်တွေ၊ အကာအကွယ်ပေးရေး အစီအစဉ် ဘယ်လောက်ရှိလဲ၊ ရေပေးဝေရေးနဲ့ သန့်ရှင်းရေး အပိုင်းတွေမှာ ဘယ်လောက်ထိ ကြိုးစားလုပ်ဆောင် ဆောင်ရွက်နိုင်တာတွေ ရှိလဲ။ ဒါ့အပြင်ပေါ့လေ လိုအပ်နေတဲ့ လစ်ဟာနေတဲ့ အကူအညီပေးရေး အဓိက အချက်အလက်တွေက ဘာလဲ၊ အဲဒါတွေကို ဒေါ်စုက မေးသွားတာတွေ ရှိတယ်။”

ဒုက္ခသည်တွေ မှတ်ပုံတင်ရေး ကိစ္စနဲ့ပတ်သက်လို့ ထိုင်းအစိုးရ တာဝန်ရှိသူတွေက ဖြေကြားခဲ့တာကတော့ မှတ်ပုံတင်ဖို့အစီအစဉ်တွေ ရှိပေမဲ့ လက်တွေ့ အကောင်ထည် ဖော်တဲ့နေရာမှာ အခက်အခဲတွေ ရှိနေတယ်လို့ ဖြေကြားသွားတယ်လို့ ဆိုပါတယ်။

ထောင်နဲ့ချီရှိတဲ့ဒုက္ခတွေဟာ ဒေါ်အောင်ဆန်းစုကြည် လာမယ်ဆိုတဲ့သတင်းကြောင့် မယ်လှ ဒုက္ခသည်စခန်းရဲ့ ဘောလုံးကွင်းအပြည့် မနက် ၆ နာရီ ကတည်းက စောင့်မျှော်နေကြပေမဲ့ ထိုင်းအာဏာပိုင်တွေရဲ့ အစီအစဉ်ကြောင့် လူထုနဲ့ တွေ့ဆုံ စကားပြောခွင့်တွေ မရခဲ့တဲ့အကြောင်း ကိုမန်းထွန်းထွန်းက ပြောပါတယ်။

“အသံချဲ့စက်တွေ၊ မိုက်ကရိုဖုန်းတွေနဲ့ အများကြီး စီစဉ်ပြီးတော့ လူထုတွေအားလုံး တွေ့ဆုံနိုင်အောင် စီစဉ်ထားခဲ့တာပေါ့။ ဒါပေမဲ့ နောက်ဆုံး ထိုင်းအာဏာပိုင်တွေရဲ့ အစီအစဉ်တွေအရ လူထုကို အမှာစကားပြောဖို့တွေ မရှိအောင် သူတို့က အတတ်နိုင်ဆုံး တားနေတယ်ဆိုတော့ ကျနော်တို့အနေနဲ့ ပြင်ဆင်မှုတွေ မလုပ်နိုင်ခဲ့ဘူးလေ။ အဲဒီလို လူထုတွေက စောင့်တယ်။ ဒေါ်စု စကားပြောဖို့ တောင်းဆိုတယ်။ ဒါပေမဲ့ ဒေါ်စု စကားပြောဖို့ အခြေအနေကလည်း အထူးသဖြင့် အခြေအနေတွေ အားလုံးက ထိုင်းအာဏာပိုင်တွေရဲ့ အစီအစဉ်တွေအောက်မှာ ရှိတယ်ဆိုတော့ ကျနော်တို့အနေနဲ့က ဘာမှ မတတ်နိုင်တဲ့ အနေအထားမှာ ရှိတယ်။”

မယ်လ စခန်းကို သွားပြီးအပြန်မှာ ဒေါ်အောင်ဆန်းစုကြည်လာမယ် ဆိုတဲ့ သတင်းကြောင့် မယ်တော်ဆေးခန်းးမှာလည်း အလုပ်သမားတွေ ထောင်နဲ့ချီပြီး ဒေါ်အောင်ဆန်းစုကြည်ကို စောင်မျှော်နေခဲ့ကြတာပါ။ မယ်တော်ဆေးခန်းမှာ စောင့်နေကြတဲ့ စက်ရုံအသီးသီးက မြန်မာအလုပ်သမားတွေ ပြောပြတာကတော့ -

“အမေစု ကျန်းမာပါစေ။”

“အမေစုကို ချစ်လို့။”

“အမေစု ကျန်းမာမှ သမီးတို့တွေ အဆင်ပြေမှာ။ တွေ့ချင်တာပဲ၊ မနေ့ကဆို အလုပ်တောင် မလုပ်နိုင်ဘူး။”

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ အစီအစဉ်အရ မယ်လဒုက္ခသည်စခန်းကို သွားရောက်ပြီးတဲ့အခါမှာ တိုင်းရင်းသားခေါင်းဆောင်တွေကို တွေ့ဆုံဖို့၊ မယ်တော်ဆေးခန်းက ဒေါက်တာစင်သီယာမောင်ကို သွားရောက် တွေဆုံဖို့တွေ ရှိတယ်ဆိုပြီး သတင်းတွေထွက်ခဲ့ပေမဲ့ သူတို့ အစီအစဉ်အတိုင်း မဖြစ်ခဲ့တဲ့အကြောင်း၊ အခက်အခဲတွေ ရှိတယ်ဆိုပြီး မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်ကို စီစဉ်ခဲ့သူတစ်ဦးဖြစ်တဲ့ ဦးခွန်သာမြင့်က ပြောပါတယ်။

“အစီအစဉ်အတိုင်း မဖြစ်ပါဘူး။ ပထမ စီစဉ်ထားတဲ့အတိုင်း မဖြစ်ပါဘူး။ အခက်အခဲတွေ ရှိပါတယ်။ ရှိတိုင်းလည်း လျှောက်ပြောလို့ရတာ မဟုတ်တဲ့အတွက်ကြောင့်မိုလို့ ထုတ်ပြန်ဖို့မရှိဘူး။ ဖြစ်တာက သိမ်မွေ့ပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆောက်ခရီးစဉ်ကတော့ မဟာချိုင်ခရီးစဉ်လို မဟုတ်ဘဲ လူထုနဲ့ ထိတွေ့ စကားပြောခွင့် မရလိုက်ဘဲ ပြန်ခါနီး မဲဆောက်လေဆိပ်မှာပဲ သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့ရာမှာတော့ ရွှေ့ပြောင်းအလုပ်သမားတွေ၊ ဒုက္ခသည်တွေ အနေနဲ့ ဧည့်သည်တွေ ဖြစ်တဲ့အတွက် ဧည့်သည်လို နေထိုင်ဖို့နဲ့ ဥပဒေအရ ရသင့်ရထိုက်တာတွေကို ကာကွယ်ပြီး လုပ်ဆောင်သွားရမယ် ဆိုတဲ့အကြောင်း၊ ထိုင်းနိုင်ငံကိုလည်း ကျေးဇူးတင်တဲ့အကြောင်းနဲ့ နှစ်နိုင်ငံကြားမှာ ဆက်ဆံရေး အဆင်ပြေအောင် ပြောဆိုခဲ့တာတွေ ရှိခဲ့တဲ့ အကြောင်းကိုလည်း ပြောသွားပါတယ်။

“ကျမတို့ နိုင်ငံ နှစ်နိုင်ငံကြားမှာ ပိုပြီးတော့ ဆက်ဆံရေး အဆင်ပြေအောင်လို့ ဦးတည်ပြီးတော့ ပြောခဲ့တာတွေလည်း ရှိပါတယ်။ ဆိုတော့ ရွှေ့ပြောင်း အလုပ်သမားတွေပဲ ဖြစ်ဖြစ်၊ ဒုက္ခသည်တွေပဲ ဖြစ်ဖြစ်၊ ဒါဟာ နိုင်ငံ နှစ်နိုင်ငံစလုံးနဲ့ သက်ဆိုင်တဲ့ ကိစ္စတွေပါ။ အထူးသဖြင့် ကျမတို့ရဲ့ နိုင်ငံသူနိုင်ငံသားတွေက မမေ့ဖို့ကိစ္စဟာ ဒီမှာ ရောက်နေတဲ့သူတွေက ဧည့်သည်တွေပါ။ ဧည့်သည်ဆိုတာ ဧည့်သည်ပီပီ နေကြရမယ်။ ဧည့်သည်ရဲ့ တာဝန်ကိုသိရမယ်။ အိမ်ရှင်တွေကလည်း တတ်နိုင်သမျှ ကျမတို့ရဲ့ နိုင်ငံသားတွေ ဒုက္ခရောက်နေချိန်မှာ ကူညီစေချင်အောင်လို့လည်း ကျမတို့ကနေ ဆောင်ရွက်ဖို့ တာဝန်ရှိတယ်လို့ ပြောချင်ပါတယ်။ ဒါပေမဲ့လည်း တချိန်တည်းမှာလည်း ကျမတို့ရဲ့ ပြည်သူပြည်သားတွေ အနေနဲ့လည်း ဥပဒေအရ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို ကာကွယ်တတ်ဖို့လည်း ကြိုးစားပြီးတော့ လုပ်ဆောင်ဖို့ ပြောချင်ပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ဟာ မနက် ၉ နာရီကျော်မှာ မဲဆောက်ကို ရောက်ရှိလာခဲ့ပြီး ညနေပိုင်းမှာတော့ မဲဆောက်မြို့ကနေ ဘန်ကောက်မြို့ကို လေယာဉ်နဲ့ ပြန်လည် ထွက်ခွာသွားပါတယ်။

XS
SM
MD
LG