သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဥပဒေစိုးမိုးရေး၊ ဒီမိုကရေစီ တည်ဆောက်ရေး မန္တလေးမှာ ဒေါ်စုပြော


နိုင်ငံအတွက် လုပ်ချင်တဲ့ကိစ္စတွေကို လုပ်နိုင်မယ့်အလားအလာတွေ အများကြီးရှိနေတယ် ဆိုတာ မြင်နေရတယ်လို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။ စနေနေ့က မန္တလေးမြို့ မဲဆွယ်စည်းရုံးပွဲအတွင်း ထောင်ပေါင်းများစွာသော လူအုပ်ကြီးကို ကိစ္စရပ်တော်တော်များများနဲ့ ပတ်သက်ပြီး ပြောဆိုခဲ့တဲ့ထဲမှာ ဒေါ်အောင်ဆန်း စုကြည်က အဲဒီလို ထည့်သွင်း ပြောဆိုသွားတာပါ။ မန္တလေးမြို့ မဲဆွယ်စည်းရုံးပွဲ အခြေအနေနဲ့ ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တာတွေထဲက ကောက်နှုတ်စုစည်းပြီး ကိုကျော်ကျော်သိန်းက တင်ပြထားပါတယ်။

ပြည်သူတွေနဲ့ တစည်းတလုံးတည်း ရှိပါတယ်ဆိုတာကို ပြဖို့အတွက် အခုလို လာရတာဖြစ်ပါတယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က မန္တလေးလူထုကို ပြောဆိုခဲ့ပါတယ်။ သူ့ရဲ့မိန့်ခွန်းထဲမှာ တရားဥပဒေစိုးမိုးရေး အရေးကြီးတဲ့အကြောင်းကို မီးမောင်းထိုး ပြောဆိုခဲ့ပြီး လူတိုင်းလိုချင်နေတဲ့ စိတ်လုံခြုံမှုရှိဖို့၊ အကြောက်တရားကနေ ကင်းဝေးဖို့၊ ဖိနှိပ်မှုတွေကနေ ကင်းဝေးဖို့ စတာတွေမှာ ဥပဒေစိုးမိုးရေးက အရေးကြီးပြီးတော့ အဲဒါဟာ NLD ရွေးကောက်ပွဲဝင်ရတဲ့ အဓိက ရည်ရွယ်ချက်သုံးချက်ထဲမှာ ထိပ်ဆုံးကတစ်ချက် ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

“ဥပဒေစိုးမိုးရေး ရှိတယ်ဆိုရင် ပြည်သူတွေကို ဘယ်သူကမှ မတရားလုပ်လို့ မရဘူး။ တခါတလေ ဥပဒေစိုးမိုးရေးဆိုတာ နိုင်ငံရေးသမားတွေနဲ့ပဲဆိုင်တယ်လို့ တချို့က ထင်နေကြတယ်။ မဟုတ်ပါဘူး၊ လူတိုင်းနဲ့ဆိုင်ပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD တာဝန်ရှိသူတွေဟာ မျှော်လင့်မထားလောက်အောင် များပြားတဲ့လူအုပ်ကြီးကို တွေ့လိုက်ရတဲ့ အတွက် အံ့သြခဲ့ကြပြီး ၂၀၁၀ ခုနှစ်နောက်ပိုင်းမှာ ဒီလောက်များတဲ့လူထုကို တခါမှ မတွေ့ဖူးသေးဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဒီမိုကရေစီနိုင်ငံ ထူထောင်တဲ့အခါမှာ တစ်ဦးပေါ်တစ်ဦး နားလည်မှုက အင်မတန်မှ အရေးကြီးတယ်လို့ ဆိုသလို ဒီမိုကရေစီရဖို့၊ ရပြီးတဲ့နောက်မှာလည်း ထိန်းသိမ်းဖို့တွေ အတွက် ကြိုးစားလုပ်ဆောင်ကြရမယ်လို့ ထောက်ပြခဲ့ပါတယ်။

“ကျမ အခုကတည်းက ပြောထားပါမယ်။ ဒီမိုကရေစီဆိုတာ ရဖို့လည်း မလွယ်ဘူး၊ ရပြီးတဲ့အခါ တည်တံ့ခိုင်မြဲအောင် လုပ်ဖို့လည်း မလွယ်ဘူး၊ အင်မတန်မှ အလုပ်ကို များများလုပ်ပြီးတော့ ထိန်းသိမ်းသွားရမှာ ဖြစ်ပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ဟာ မန္တလေးခရီးစဉ်ကို ဖေဖော်ဝါရီလထဲမှာသွားဖို့ စီစဉ်ခဲ့တာဖြစ်ပေမဲ့ လူထုစုဝေးဖို့နေရာ အခက်အခဲ ဖြစ်ခဲ့ပြီး ရွှေ့ဆိုင်းခဲ့ရတာပါ။ စနေနေ့ မနက်ပိုင်းက မန္တလေးမြို့နယ်၊ တံတားဦးလေဆိပ်ကို ရောက်ပြီး လေဆိပ်ကနေ လူထု စုဝေးတဲ့နေရာဆီ ရောက်ဖို့ ပုံမှန် ၁ နာရီလောက်ခရီးကို လမ်းတလျှောက် စောင့်ဆိုင်းကြိုဆိုနေကြတဲ့ လူထု ထူထပ်လွန်းတဲ့ အတွက် ၅ နာရီလောက်ကြာအောင် သွားခဲ့ရပါတယ်။ လမ်းခရီးမှာ အတော်ပင်ပန်းပုံရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ မိန့်ခွန်း ပြောနေရင်း လူထုကြီးကို ခွင့်တောင်းပြီး ခေတ္တ နားနေခဲ့ရပါသေးတယ်။

“ကျမလည်း ပြည်သူလူထုနဲ့ဆိုရင်တော့ ပွင့်ပွင့်လင်းလင်းပဲ ဆက်ဆံလိုပါတယ်။ အဲဒီတော့ အမှန်ကို အမှန်အတိုင်း ပြောပါရစေ။ ဒီနေ့ ကျမ သိပ်နေလို့မကောင်းဘူး၊ နေလို့မကောင်းတဲ့ အခါကျတော့ ကျမတို့ပြည်သူတွေကို ကျမပြောချင်တဲ့ စကားတွေ အားလုံးကို ကျမပြောခွင့်မရ၊ ပြောနိုင်မယ့်အင်အား နည်းနေတယ်။”

ဒေါ်အောင်ဆန်းစုကြည် ခေတ္တနားတဲ့အချိန်မှာ NLD နာယကအဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ ဦးဝင်းတင်က လူထုကို ဆက် စကားပြောပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခေါင်းဆောင်မှုအောက်မှာ ခိုင်ခိုင်မာမာ စည်းစည်းလုံးလုံး ရှိနေတဲ့ အကြောင်း၊ အဲဒီအင်အားကို အသုံးချနိုင်အောင်၊ ထက်မြက်ထိရောက်တဲ့ အဖွဲ့ချုပ်ဖြစ်လာအောင် အန်အယ်လ်ဒီကို ထောက်ခံ ဝန်းရံပြီး အန်အယ်လ်ဒီ ကိုယ်စားလှယ်လောင်းတွေကို မဲပေးကြဖို့ မန္တလေးလူထုကို စည်းရုံး တိုက်တွန်းခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့မိန့်ခွန်း နိဂုံးချုပ်ပိုင်းမှာတော့ လက်ရှိ အပြောင်းအလဲတွေအပေါ် သုံးသပ် ပြောဆိုတယ်လို့ ယူဆမယ် ဆိုရင်ရနိုင်တဲ့ ပြောဆိုချက်တစ်ခုကို ကြားရပါတယ်။

“ကျမတို့နိုင်ငံအတွက် ကျမတို့လုပ်ချင်တဲ့ ကိစ္စတွေကို လုပ်နိုင်ဖို့ အလားအလာတွေ အင်မတန်မှ များတယ်ဆိုတာ ကျမ မြင်ရပါတယ်။ အဲဒီတော့ အားလုံးကနေပြီးတော့ ဒီလိုယုံကြည်မှုရှိအောင်၊ ကိုယ်ဖြစ်စေချင်တဲ့နိုင်ငံတစ်ခု ကိုယ်ရအောင် ထူထောင်မယ်၊ ကိုယ့်ကံကြမ္မာကို ကိုယ်ဖန်တီးမယ်၊ ပြည်သူ့ရဲ့အာဏာ လွှမ်းမိုးဖို့ အထက်ရောက်ဖို့ ကျမတို့ အမြစ်တွယ်အောင် လုပ်မယ်လို့ ယုံယုံကြည်ကြည်နဲ့ ချီတက်ကြပါလို့ ကျမ မေတ္တာရပ်ခံချင်ပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ တနင်္ဂနွေနေ့မှာ စစ်ကိုင်းမြို့၊ ၅ ရက် တနင်္လာနေ့မှာ တံတားဦး၊ နွားထိုးကြီးနဲ့ မိတ္ထီလာမြို့ တွေဆီ သွားရောက်မှာဖြစ်ပြီး အဲဒီကနေမှ နေပြည်တော် မဲဆွယ် စည်းရုံးပွဲကို ဆက်မှာပါ။ ဒါပေမဲ့လည်း မိတ္ထီလာမြို့နဲ့ နေပြည်တော်တို့မှာ လူထုစုဝေးဖို့နေရာ စီစဉ်နေတာ အခုချိန်ထိ အဆင်မပြေသေးဘူးလို့ NLD တာဝန်ရှိသူတွေက ပြောပါတယ်။

XS
SM
MD
LG