သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မန္တလေးခရီး ဖျက်သိမ်းမှု လူထုကို ဒေါ်စုအသိပေး


မန္တလေးခရီး ဖျက်သိမ်းမှု လူထုကို ဒေါ်စုအသိပေး
မန္တလေးခရီး ဖျက်သိမ်းမှု လူထုကို ဒေါ်စုအသိပေး

မန္တလေးကိုလာဖို့ ခရီးစဉ်ကို အခုရွေ့ဆိုင်းထားရပေမဲ့ နောက်ပိုင်းလာဖို့ အတွက် စီစဉ်ရာမှာ ဒီမိုကရေစီ နိုင်ငံတစ်ခုအဖြစ် တည်ဆောက်လိုတဲ့ အဖွဲ့အစည်းတွေကြား ပိုမိုခိုင်မာတဲ့ နားလည်မှုတွေ ရရှိလာမယ်လို့ မျှော်လင့်တဲ့အကြောင်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။ မန္တလေးကို ပါတီစည်းရုံးရေးအဖြစ် သွားဖို့ခရီးစဉ် ပျက်သွားခဲ့တာနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်က မန္တလေးလူထုကို အခုလို အသိပေးချက် ထုတ်ပြန်ခဲ့တာ ဖြစ်သလို NLD ရုံးချုပ်က တာဝန်ရှိသူတွေ ဟာလည်း မန္တလေးက သတင်းထောက်တွေနဲ့ သတင်းစာ ရှင်းလင်းပွဲတစ်ခု ပြုလုပ်ခဲ့ပါတယ်။ ဒီအခြေအနေ တွေကိုတော့ မသင်းသီရိက တင်ပြထားပါတယ်။

မူလက ဖေဖော်ဝါရီ ၄ ရက် နဲ့ ၅ ရက်နေ့တွေမှာ မန္တလေးမြို့ကို ပါတီစည်းရုံးရေး အဖြစ်သွားဖို့ ဒေါ်အောင်ဆန်းစုကြည် စီစဉ်ထားပေမဲ့ လူထုနဲ့ စကားပြောဖို့ နေရာအခက်အခဲတွေကြောင့် အစီအစဉ် ဖျက်ထားရတာနဲ့ ပတ်သက်လို့ မန္တလေးလူထုကို အသိပေးချက်တစ်စောင် ဒေါ်အောင်ဆန်းစုကြည်က ထုတ်ပြန်ခဲ့တာပါ။ မန္တလေးပြည်သူလူထုရဲ့ NLD ပါတီအပေါ် ထောက်ခံမှုကို လေးစား တန်ဖိုးထားသလို နိုင်ငံရေး ရင့်ကျက်မှုနဲ့ တည်ငြိမ်တဲ့ စိတ်ဓါတ်ကို သိထားပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။

ဒီခရီးစဉ်ဟာ လတ်တလောမှာ ဖျက်ထားရပေမဲ့ နောက်ပိုင်း မန္တလေးလူထုနဲ့ တွေ့ဖို့ စီစဉ်မှာဖြစ်သလို ဒီခရီးစဉ်အတွက် ပြန်စီစဉ်ရာမှာ ဆက်သွယ် ဆောင်ရွက်ရတဲ့ အဖွဲ့အစည်းတွေကြား ပိုမိုနားလည်မှုတွေ ရဖို့ မျှော်လင့်တယ်လို့လည်း ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ မနက်က မန္တလေးကို ရောက်နေတဲ့ NLD သဘာပတိ အဖွဲ့ဝင် ဦးဝင်းတင် ဆီကို ဖုန်းနဲ့ ဆက်သွယ်ပြီး မန္တလေးလူထုကို အသိပေးချက် ပြောဆိုခဲ့တာဖြစ်ပြီး ဦးဝင်းတင် အပါအဝင် NLD ရုံးချုပ်က တာဝန်ရှိသူတချို့ဟာ မန္တလေးမြို့က သတင်းထောက်တွေနဲ့လည်း သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့တယ်လို့ NLD သဘာပတိအဖွဲ့ဝင် ဦးဝင်းတင်က ပြောပါတယ်။

“မန္တလေး ပြည်သူလူထုတွေ ကြားထဲမှာ အခုလို ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ် ပျက်သွားတဲ့အခါကျတော့ စိတ်ပျက်စရာ၊ ဝမ်းနည်းစရာ၊ မကျေမချမ်း ဖြစ်စရာတွေ အများကြီး ရှိနိုင်ပါတယ်။ ဒါကိုလည်း သိပါတယ်။ အဲဒီလို သိတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့မနက် ကျနော်ဆီကို ဖုန်းဆက်ပြီးတော့ သူ့ရဲ့ လူထုထံသို့အသိပေး ပြောကြားချက် ဆိုတာကို ပြောပြပါတယ်။ ပြည်ထောင်စု မြန်မာနိုင်ငံ ခိုင်ခိုင်မာမာ တည်ဆောက်လိုတဲ့ ပုဂ္ဂိုလ် အဖွဲ့အစည်းတွေအကြား ပိုမို နားလည်မှုတွေ ရရှိမယ်လို့ ယုံကြည်ပါတယ်လို့ ပြောတယ်။ အဲဒီ အဖွဲ့အစည်း ဆိုတဲ့နေရာမှာ အစိုးရအဖွဲ့များ အပါအဝင်ပေါ့ အဖွဲ့အစည်းတွေကြားမှာ နားလည်မှုတွေ ပိုရလိမ့်မယ်လို့ ယုံကြည်ပါတယ်လို့ သူ့ရဲ့ ယုံကြည်ချက်ကို ပြောပါတယ်။”

အထူးသဖြင့် နောက်ပိုင်း မန္တလေးကို လာဖို့ ထပ်စီစဉ်ရာမှာ ဒီတခေါက်လိုမျိုး အစီအစဉ်တွေ လုပ်ရတာမှာ အားနည်းတာမျိုး မဖြစ်ရအောင် ပိုပြီးတော့ နားလည်မှုတွေ ရဖို့ မျှော်လင့်ထားပါတယ်။

“ဒီအဖွဲ့အစည်းတွေကြားမှာ နားလည်မှုတွေ ပိုပြီးရရှိလိမ့်မယ်လို့ သူ ယုံကြည်တဲ့အချက်က ပိုပြီးတော့ အရေးကြီးမယ်လို့ ထင်ပါတယ်။ ပြီးခဲ့တာတွေ ပြီးပြီ။ ဖြစ်သင့်တာတွေနဲ့ ပတ်သက်ပြီးတော့ ပျက်ကွက်မှုတွေ ဟိုဘက်ဒီဘက် ရှိကြမယ်။ အားနည်းမှုတွေ ရှိမယ်၊ ဒါပေမဲ့ ဒီ အဖွဲ့အစည်းတွေကြားမှာ အစိုးရ အပါအဝင်ပေါ့လေ ပိုပြီးတော့ နားလည်မှုတွေ ရရှိမယ်လို့ သူ ယုံကြည်ပါတယ်လို့ ပြောတာဟာ အရေးကြီးတဲ့စကားလို့ ကျနော် ထင်ပါတယ်။”

ဒါကတော့ ဒေါ်အောင်ဆန်းစုကြည် မန္တလေး အစီအစဉ် ဖျက်လိုက်ရတာနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်က မန္တလေးလူထုကို အသိပေးတာနဲ့ ပတ်သက်ပြီး NLD သဘာပတိအဖွဲ့ဝင် ဦးဝင်းတင် ပြောပြခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည် မန္တလေးကို ဘယ်ရက်မှာ သွားမယ်ဆိုတာ လတ်တလော မဆုံးဖြတ်ရသေးဘူးလို့ NLD ပါတီက ပြောသလို လာမယ့် အင်္ဂါနေ့ ဖေဖော်ဝါရီလ ၇ ရက်နေ့မှာတော့ ပုသိမ်နဲ့ မြောင်းမြ မြို့တွေကို ပါတီစည်းရုံးရေးသွားမှာ ဖြစ်ပါတယ်။

တဆက်တည်းပဲ ဦးဝင်းတင်ဟာ ညနေပိုင်းမှာ မန္တလေးမှာရှိတဲ့ အိန္ဒိယ ကောင်စစ်ဝန်ရုံးက တာဝန်ခံ အိန္ဒိယ သံမှူးနဲ့ တွေဆုံတဲ့အခါမှာလည်း အိန္ဒိယအစိုးရရဲ့ မြန်မာနိုင်ငံပေါ် ရပ်တည်ချက်တွေနဲ့ ပတ်သက်လိ့ု ပြောပြခဲပါတယ်။

“အိန္ဒိယဟာ ကျနော်တို့ရဲ့ နိုင်ငံရေးစံပြုတဲ့ နိုင်ငံဖြစ်တယ်။ လွတ်လပ်ရေး မတိုင်ခင်ကတည်းက ကိုလိုနီခေတ်ကတည်းက ကျနော်တို့ရဲ့ စံထားစံပြုတဲ့ နိုင်ငံဖြစ်တယ်။ အဲဒီနိုင်ငံဟာ နောက်ပိုင်းမှာလည်း ဒီမိုကရေစီဖြစ်စဉ်မှာလည်း အိန္ဒိယဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေးတွေမှာ အများကြီး ကူညီ အားပေးခဲ့တယ် ဆိုတာကို သူတို့သိတယ်။ ဒါပေမဲ့လို့ အစိုးရဟာ အရှေ့မျှော်ဝါဒ ဆိုတဲ့ဟာကို ကျင့်သုံးတဲ့အချိန်ကစပြီး နောက်ပိုင်းမှာ မြန်မာပြည်နဲ့ ပတ်သက်လို့၊ ဒီမိုကရေစီရေးနဲ့ ပတ်သက်လို့ ဘာမှ မပြောတော့ဘဲနဲ့ ခပ်ခွာခွာ နေခဲ့တာဟာ ဒီနှစ်ကာလအချိန် အထိပေါ့။ ကျနော်တို့ကတော့ ဒါကို အားငယ်စိတ်ပျက်ခြင်း ဖြစ်ရပါတယ်။ ဒါပေမဲ့ နောက်ကျရင်တော့ တိုးတက်ပြီးတော့ မြန်မာနိုင်ငံ ဒီမိုကရေစီရေး နဲ့ပတ်သက်ပြီးတော့ အိန္ဒိယရဲ့ ထောက်ခံအားပေးမှုတွေ ကူညီရိုင်းပင်းမှုတွေ ရလိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်။ အဲဒါတော့ ကျနော်တို့ ပြောလိုက်ပါတယ်။ သူတို့ဘက်ကတော့ နားထောင်ရုံပါပဲ။”

NLD ပါတီ သဘာပတိအဖွဲ့ဝင် ဦးဝင်းတင် ဖြစ်ပါတယ်။ ဒါ့အပြင် မန္တလေး NLD ရွေးကောက်ပွဲ အောင်နိုင်ရေး အဖွဲ့က စီစဉ်ထားတဲ့ ပွင့်သစ်လွင်ပြင် ပန်းချီပြပွဲ ကို ဒီကနေ့ ဖွင့်လှစ်ခဲ့သလို အဲဒီပြပွဲမှာ ပန်းချီဆရာပေါင်း ၁၃၀ ကျော်က ရေးဆွဲထားတဲ့ ပန်းချီကားပေါင်း ၂၀၀ ကျော်ကို ပြသထားပါတယ်။

XS
SM
MD
LG