သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဇာနည်တွေ အသက်ပေးရကျိုးနပ်တဲ့ တိုင်းပြည်ဖြစ်အောင် ကြိုးစားဖို့ ဒေါ်စု တိုက်တွန်း


မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အာဇာနည်ဗိမာန်တွင် လွမ်းသူ့ပန်းခွေချ ဂါရဝပြုနေစဉ်။ ဇူလိုင် ၁၉၊ ၂၀၁၁။
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အာဇာနည်ဗိမာန်တွင် လွမ်းသူ့ပန်းခွေချ ဂါရဝပြုနေစဉ်။ ဇူလိုင် ၁၉၊ ၂၀၁၁။

အသက်နဲ့ရင်းပြီး လွတ်လပ်ရေး အရယူပေးခဲ့တဲ့ အာဇာနည်ကြီးတွေကို အခမ်းအနားတွေနဲ့ ဂုဏ်ပြုနေရုံနဲ့ မပြီးဘဲ အာဇာနည်နိုင်ငံနဲ့ ထိုက်တန်တဲ့ လူမျိုးတွေဖြစ်အောင် ကျင့်ကြံ ကြိုးစား နေထိုင်ကြဖို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။ ဒီကနေ့ ဗဟန်း ရွှေဂုံတိုင်မှာရှိတဲ့ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှာ ကျင်းပတဲ့ ၆၄ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားတွင်း အခုလို တိုက်တွန်းလိုက်တာ ဖြစ်သလို ဖခင်ဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အတူ ကျဆုံးခဲ့ကြတဲ့ အာဇာနည် ခေါင်းဆောင်တွေကိုလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီဝင်တွေ၊ တခြား နိုင်ငံရေး ပါတီဝင်တွေ သွားရောက် ဂါရ၀ ပြုခဲ့ကြပါတယ်။ အပြည့်အစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။

ဒီကနေ့ ရန်ကုန်က အာဇာနည်ကုန်းမှာ ကျင်းပတဲ့ အာဇာနည်နေ့ အခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည်ဟာ မနက်ပိုင်းက အစိုးရ အခမ်းအနားအတွက် တကြိမ်၊ နေ့လယ်ပိုင်းမှာတော့ NLD ပါတီဝင်တွေနဲ့ တကြိမ်၊ ၂ ကြိမ် သွားရောက်ပြီး ဂါရ၀ ပြုခဲ့ပါတယ်။ အဲဒီမှာ မနက်ပိုင်းက တခြား အာဇာနည် မိသားစုဝင်တွေနဲ့ လွမ်းသူ့ပန်းခွေ ချတဲ့အခါမှာ ဦးအောင်ဆန်းဦးရဲ့ နာမည်နဲ့သာ ပန်းခွေချထားတာကို တွေ့ရပြီး NLD ပါတီရဲ့ လွမ်းသူ့ပန်းခွေနဲ့ ဒီမိုကရေစီကွန်ရက် အဖွဲ့တွေက ပေးပို့တဲ့ လွမ်းသူ့ပန်းခွေတွေကိုတော့ အာဏာပိုင်တွေက နာမည်တွေ ခွင့်မပြုဘဲ အဖြူရောင် တိပ်တွေနဲ့ ကာထားခဲ့တယ်လို့ ကွန်ရက်လှုပ်ရှားမှုထဲက တဦးဖြစ်တဲ့ ကိုတိုးကျော်လှိုင်က ပြောပါတယ်။

“သူတို့က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကိုရော၊ ဒီမိုကရေစီ ကွန်ရက်ဆိုပြီး ပန်းခွေ ၂ ခွေ ရှိပါတယ်။ အဲဒီ ၂ ခုစလုံးကို သူတို့က တိပ်တွေနဲ့ ပိတ်ထားပြီးတော့ ပန်းခွေကိုပဲ ခွင့်ပြုပြီး နာမည်တွေကို ခွင့်မပြုတဲ့ သဘောပါ။ မနက်ခင်းကတော့ မိသားစု အနေနဲ့ကတော့ အေးအေးဆေးဆေး ဖြစ်ပါတယ်။”

ကိုတိုးကျော်လှိုင် ပြောပြခဲ့တာ ဖြစ်ပါတယ်။

ဒီကနေ့ ကျရောက်တဲ့ ၆၄ နှစ်မြောက် အာဇာနည်နေ့မှာ တိုင်းပြည်အတွက် အသက်ပေးကာ လွတ်လပ်ရေးအတွက် ကြိုးပမ်းခဲ့ကြတဲ့ အာဇာနည် ခေါင်းဆောင်ကြီးတွေကို ထိုက်တန်တဲ့ ဂုဏ်ပြုရာရောက်အောင် အာဇာနည် စိတ်ဓာတ်လို ကျင့်ကြံတွေးခေါ် နေထိုင်ကြဖို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ NLD ရုံးချုပ်မှာ ပြုလုပ်တဲ့ အခမ်းအနားတွင်း အခုလို အဓိက တိုက်တွန်းခဲ့ပါတယ်။

“လွတ်လပ်ရေး ဘာဖြစ်လို့ ရစေချင်လဲ၊ လွတ်လပ်ရေး ရစေချင်တယ် ဆိုတာဟာ လွတ်လွတ်လပ်လပ်နဲ့ ကိုယ့်ကံကြမ္မာ ကိုယ် တည်ဆောက်ခွင့် ရဖို့အတွက်၊ ဒါအတွက် ကျမတို့ လွတ်လပ်ရေး ရချင်ကြတာ။ အဲတော့ ကိုယ့်ကံကြမ္မာကို ကိုယ် တည်ဆောက်ချင်တယ်ဆိုရင် တခြားလူကို အားကိုးနေလို့ မရဘူး။ ကိုယ့်ကိုယ်ကို အားကိုးမှ၊ ကိုယ့်ကိုယ်ကို အားကိုးပြီးတော့ နောက်ဆုံး အသက်အထိကို စတေးသွားတဲ့ အာဇာနည် ပုဂ္ဂိုလ်ကြီးတွေကို ကျမတို့ တကယ်လေးစားရာ ရောက်မှာပါ။

“ဒီမှာလာပြီး ခေါင်းငုံ့ အလေးပြုရုံနဲ့ လေးစားတယ်လို့ လုံလုံလောက်လောက် ပြောလို့ မရပါဘူး။ အဲဒီတော့ အားလုံး ဆက်ပြီး ကြိုးစားသွားကြပါ။ ကျမတို့ဟာ အာဇာနည်နိုင်ငံနဲ့ ထိုက်တန်တဲ့ လူမျိုးတွေ ဖြစ်အောင်လို့ အားလုံး ကြိုးစားကြပါ။”

အာဇာနည်ဆိုတဲ့ စကားရပ်ဟာ သက္ကတ ဘာသာစကားက ဆင်းသက်လာတာဖြစ်ပြီး မျိုးရိုးမြင့်မြတ်ခြင်းဆိုတဲ့ အနက်အဓိပ္ပာယ်မို့ အားလုံးဟာ ရိုးရိုးကျင့်၊ မြင့်မြင့်ကြံ နေထိုင်တတ်ဖို့ ကြိုးစားစေချင်တယ်လို့လည်း တိုက်တွန်းပါတယ်။ အထူးသဖြင့် အာဇာနည်တွေ အသက်စတေးရကျိုး နပ်အောင် ဝိုင်းဝန်းကြိုးစားဖို့ကိုလည်း ဆိုပါတယ်။

“အဲတော့ ဒီလို ဂါရ၀ ပြုလောက်တဲ့၊ ပြုထိုက်တဲ့ ပုဂ္ဂိုလ်တွေ ကျမတို့နိုင်ငံမှာ ပိုပြီးတော့ ပေါ်လာအောင်လို့ ကျမတို့အားလုံး ဝိုင်းပြီးတော့ ဘယ်လိုလုပ်သင့်သလဲ ဆိုတာကိုလည်း စဉ်းစားစေချင်တယ်။ ကျမတို့လိုချင်တဲ့ တိုင်းပြည်တခု ဖြစ်ဖို့ဆိုတာ အချိန်ကြာပါဦးမယ်။ ကျမတို့ အခု ၆၄ နှစ်မြောက် အာဇာနည်နေ့၊ ၆၄ နှစ်ဆိုတာ နည်းတဲ့အချိန် မဟုတ်ဘူး။ ဒီလို လူငယ်တွေပေါ့၊ ဒီအချိန်တွေမှာ ကျမတို့ဟာ အာဇာနည်ကြီးများ အသက်စတေးရကျိုး နပ်တဲ့ တိုင်းပြည်တပြည် ဖြစ်လာအောင်လို့ ဝိုင်းဝန်းပြီး ကြိုးစားကြပါလို့ ဆော်သြရင်း နိဂုံးချုပ်ပါတယ်။”

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ NLD ရုံးချုပ်မှာ ပြုလုပ်တဲ့ အာဇာနည်နေ့ အခမ်းအနားမှာ ပြောခဲ့တာ ဖြစ်ပါတယ်။

ဖခင်ဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ ကျဆုံးခဲ့ကြတဲ့ အာဇာနည် ခေါင်းဆောင်ကြီးတွေကို ဂုဏ်ပြုတဲ့ အခမ်းအနားကို ဗဟန်း ရွှေဂုံတိုင်က NLD ရုံးချုပ်မှာ ကျင်းပရာ ဝါရင့် နိုင်ငံရေးသမားကြီးတွေ၊ လူငယ်ကွန်ရက်တွေအပြင် သံတမန်တွေနဲ့ ပရိသတ် ၂,၀၀၀ လောက် တက်ရောက်ခဲ့တယ်လို့ NLD ပါတီ ပြန်ကြားရေး တာဝန်ခံ ဦးအုန်းကြိုင်က ပြောပါတယ်။

“၁၀ နာရီ ၃၇ မှာ ကျနော်တို့ နှစ်စဉ် အစဉ်အလာအတိုင်းပဲ ရုံးရှေ့မှာ အာဇာနည်ကုန်းဘက်ကို မျက်နှာမူပြီး စီစဉ်ထားတဲ့အတိုင်း ဥသြသံရှည် ကျနော်တို့ အဖွဲ့ချုပ်က စီစဉ်ပေးပါတယ်။ အဲဒီမှာ ကျနော်တို့ တမိနစ် ဦးညွှတ် အလေးပြုကြပါတယ်။ အဲဒီနောက် ၂ မိနစ်လောက် သီချင်းဖွင့်ပြီး မေတ္တာပို့သပါတယ်။ ၁၁ နာရီမှာ အခမ်းအနားစတာ ဖြစ်ပါတယ်။ ဒီနေ့အခမ်းအနားကို သံတမန်တွေလည်း တော်တော့ကို စုံစုံလင်လင် တက်ရောက်ကြတာ တွေ့ရပါတယ်။ နောက် ကဗျာဆရာ ၅ ဦးက အာဇာနည်များ ဂုဏ်ပြုထားတဲ့ ကဗျာတွေ အသီးသီး ရွတ်ဆိုကြပါတယ်။”

မနှစ် နိုဝင်ဘာလ နေအိမ်အကျယ်ချုပ်က လွတ်လာအပြီး မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ၉ နှစ်တာ ကာလအတွင်း ဒါ ပထမဆုံး အကြိမ်အဖြစ် အစိုးရက စီစဉ်တဲ့ အခမ်းအနားကို တက်ရောက်တာ ဖြစ်ပါတယ်။

ဒါ့အပြင် NLD ရုံးချုပ်မှာ ပြုလုပ်တဲ့ အခမ်းအနားအပြီး နေ့လယ်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ NLD ပါတီ ခေါင်းဆောင်တွေ၊ NLD ပါတီ အမျိုးသမီးအဖွဲ့ ခေါင်းဆောင်တွေနဲ့အတူ နောက်တခါ ပြန်ပြီး အာဇာနည်ကုန်းမှာ ဂါရ၀ သွားပြုတဲ့အခါ အာဏာပိုင်တွေဘက်က အတားအဆီး အဟန့်အတားမရှိ အားလုံး အဆင်ပြေခဲ့တယ်လို့ ပြောပါတယ်။

“အားလုံး အဆင်ပြေပြေ ချောချောမောမောပါ၊ အေးအေးဆေးဆေးပါ။ ဘာပဲပြောပြော အခုလို တယောက်နဲ့တယောက် ညှိညှိနှိုင်းနှိုင်း ဆောင်ရွက်လိုက်တဲ့ အတွက်ကြောင့် အစိုးရဘက်လည်း သိက္ခာတက်တယ်။ ညှိနှိုင်းဆောင်ရွက်ခြင်းရဲ့ ရလဒ်ကောင်း တခုလို့ ကျနော်တို့ဘက်ကတော့ အဲဒီလို မှတ်ယူပါတယ်။ ဘယ်လိုကိစ္စမဆို ကျနော်တို့ဘက်ကတော့ အခု တက်ရောက်လာတဲ့ အစိုးရသစ်နဲ့ ကျနော်တို့နဲ့ ပထမဆုံး ကိစ္စတခုပေါ့ဗျာ၊ ညှိပြီး ဆောင်ရွက်လိုက်တာဟာ အောင်မြင်မှုရတယ်လို့ ကျနော်တို့က ဒီလို မှတ်ယူပါတယ်။”

NLD ပါတီရဲ့ ပြန်ကြားရေး တာဝန်ခံ ဦးအုန်းကြိုင် ပြောပြခဲ့တာ ဖြစ်ပါတယ်။

ဒီကနေ့ ကျရောက်တဲ့ ၆၄ နှစ်မြောက် အာဇာနည်နေ့အတွက် NLD ပါတီရဲ့ ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာလည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဟာ ပြင်သာပြောင်းသာစွာနဲ့ တွေ့ဆုံဆွေးနွေးမယ်လို့ မကြာခဏ ပြောနေသလို ဒီဆွေးနွေးမှုတွေဟာ NLD ပါတီ အတွက်ရော အာဏာပိုင်တွေအတွက်ပါ ကောင်းစားဖို့ ဦးတည် ဆွေးနွေးတာမျိုး မဖြစ်သင့်ဘဲ လူထုကောင်းစားရေး အတွက်သာ ဖြစ်ရမယ် ဆိုတာနဲ့အတူ နိုင်ငံရေး အကျဉ်းသား အားလုံးကို အမြန်လွှတ်ပေးပြီး နိုင်ငံရေးအဓိပ္ပာယ် ပြည့်ဝတဲ့ ပတ်ဝန်းကျင် အခြေအနေကောင်းတွေ ဖန်တီးရင်း အမျိုးသား ပြန်လည်သင့်မြတ်ရေးကို သွားဖို့အတွက်ကိုလည်း တိုက်တွန်းထားပါတယ်။

XS
SM
MD
LG