သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စု မော်လမြိုင် ပါတီစည်းရုံးရေးခရီး


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ မွန်ပြည်နယ် စည်းရုံးရေးအဖြစ် ဒီနေ့ည မော်လမြိုင်မြို့ကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။ လမ်းတလျှောက်မှာရှိတဲ့ မြို့တွေက ဒေါ်အောင်ဆန်းစုကြည်ကို တခဲနက် ကြိုဆို နှုတ်ဆက်ကြသလို မုပ္ပလင်နဲ့ ဘီးလင်းမှာ ခရီးတထောက်နားပြီး လူထုကို နှုတ်ဆက်စကား ပြောခဲ့ပါတယ်။ အပြည့်စုံကို မသင်းသီရိက တင်ပြထားပါတယ်။

NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ မွန်ပြည်နယ်ကို ရွေးကောက်ပွဲ စည်းရုံးရေးခရီးစဉ် အဖြစ် ဒီကနေ့ မတ်လ ၁၀ ရက်နေ့ မနက်က ရန်ကုန်ကနေ မော်လမြိုင်ကို သွားတာဖြစ်ပြီး အခု ည ၇ နာရီခွဲကျော်လောက်မှာ မော်လမြိုင်မြို့ကို ရောက်ပြီဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ NLD မော်လမြိုင် ရွေးကောက်ပွဲ အောင်နိုင်ရေးအဖွဲ့က လုပ်မယ့် ညစာစားပွဲကို တက်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ရေးအရာရှိ ဦးခွန်သာမြင့်က ပြောပါတယ်။

“ရောက်ပါပြီ။ ၇ နာရီခွဲကပါ။ မော်လမြိုင်က မွန်ပြည်နယ် အောင်နိုင်ရေးအဖွဲ့က လုပ်တဲ့ ညစာ စားပွဲကို ၈ နာရီမှာတက်မှာ ဖြစ်ပါတယ်။ ဘယ်သူတွေ ဖိတ်ထားလဲတော့ ကျနော် မသိပါဘူး။”

ရန်ကုန်ကနေ မော်လမြိုင်ကိုသွားတဲ့ ခရီးစဉ်အတွင်း လမ်းတလျှောက် မြို့ခံတွေက အများအပြား ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆို နှုတ်ဆက်ကြပါတယ်။ မုပ္ပလင်နဲ့ ဘီးလင်းစတဲ့ မြို့တွေမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ လူထုနဲ့ ခဏရပ်နားပြီး စကားပြော နှုတ်ဆက်ပါတယ်။ ဒါကြောင့် မော်လမြိုင်ကို အရင်က မှန်းထာတဲ့ အချိန်ထက် နောက်ကျပြီးမှ ရောက်တာ ဖြစ်ပါတယ်။

“လမ်းမှာ ကြိုတဲ့သူက သိပ်များတယ်။ ဒီဘက်လမ်းက အထူးသဖြင့် ရွာစင် ဆက်တာကိုး။ ဆက်တော့ သူတို့ နှုတ်ဆက်ချင်တော့လည်း ပြန်နှုတ်ဆက်ရတာပေါ့။ အဲဒီတော့ စကားကတော့ နှစ်နေရာလောက် ပြောပါတယ်။ မုပ္ပလင်မှာ တစ်ခါပြောတယ်။ ဘီးလင်းမှာ တစ်ခါပြောတယ်။ ၂ မိနစ် ၃ မိနစ် နှုတ်ဆက်တဲ့ဟာပါပဲ။ နောက်ကျတော့ သိပ်ကြာကြာ မပြောနိုင်ပါဘူး။ ကမ္ဘာလှည့်ခရီးသွားတွေရော၊ ဘုရားဖူးတွေရော၊ ကျိုက်ထီးရိုး ဖူးတွေရော၊ အကုန်လုံးကလည်း နှုတ်ဆက်ကြတာပေါ့။”

မနက်ဖြန် မတ်လ ၁၁ ရက် တနင်္ဂနွေနေ့မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ မော်လမြိုင်မှာ လူထုကို စကားပြောဖို့ စီစဉ်ထားပါတယ်။ အရင်သွားခဲ့တဲ့ မြို့နယ်တွေမှာ ကြုံရသလိုပဲ အခု မွန်ပြည်နယ် ခရီးစဉ်မှာလည်း အလားတူ နေရာခွင့်ပြုချက် အခက်အခဲ ဖြစ်ခဲ့ပါတယ်။ မော်လမြိုင် အိုးဘိုကုန်းက ဥယျာဉ်ခြံဝန်းကြီး တစ်ခုထဲမှာ ပြောဖို့ စီစဉ်ထားပေမဲ့ ခွင့်ပြုချက် မရတာကြောင့် မော်လမြိုင်ကနေ ၆ မိုင်ကျော်ဝေးတဲ့ ကျွဲခြံကုန်းက ကွင်းကြီးတစ်ခုထဲ လူထုနဲ့ တွေ့ဆုံပွဲလုပ်ဖို့ စီစဉ်ထားရပါတယ်။

“ပြောဖို့ စီစဉ်ထားတာကတော့ မနက် ၉ နာရီပေါ့ဗျာ။ ဒါပေမဲ့ ပြောရမယ့်နေရာက မော်လမြိုင်မြို့ကနေ ၆ မိုင်ဝေးပါတယ်။ ၆ မိုင် ကျွဲခြံကုန်း ဆိုတာ၊ ကွင်းက အဲဒီမှာပဲ ရပါတယ်။ အဲဒီတော့ ကျနော်တို့ ဟိုတယ်က ၇ နာရီခွဲလောက် ထွက်ရမယ်။ ဘာဖြစ်လို့လဲဆိုတော့ မြို့အလယ်ခေါင်ကြီးကို ဖြတ်ရမှာဆိုတော့။ တော်တော်လေး မောင်းယူရမယ်။ ၁ နာရီခွဲလောက် မောင်းမှ အဲဒီနေရာ ရောက်မယ်။”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ရေးအရာရှိ ဦးခွန်သာမြင့်က အခုသွားနေတဲ့ မွန်ပြည်နယ် ခရီးစဉ်အကြောင်း ပြောပြခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည်ဟာ အခု ည ၇ နာရီကျော်မှ မော်လမြိုင်မြို့ကို ရောက်မယ်ဆိုပေမဲ့ နေ့လယ်ပိုင်းလောက်ကတည်းက မော်လမြိုင်မြို့ထဲမှာ လူထုက ကြိုဆိုဖို့ အတော်လေး စည်ကားနေတာပါ။ မနက်ဖြန် လူထုဟောပြောပွဲကလည်း မြို့နဲ့အလှမ်းဝေးတယ် ဆိုပေမဲ့ ကားတွေ ငှားပြီးသွားကြဖို့ စီစဉ်ထားတယ်လို့ မော်လမြိုင်သူ တစ်ဦးက ပြောပါတယ်။

“လူတွေ အများကြီး ဖြစ်နေပြီ။ ဒီမှာ စုနေကြတယ်။ ကားတွေ ငှားပြီးတော့ အခုကားတွေနဲ့ သွားဖို့ လုပ်နေတယ်။ တော်တော်တော့ လူများတယ်။ တော်တော် တက်ကြွနေကြတယ်။ ဆိုင်ကယ်တွေမှာဆိုလည်း အလံတွေ အနီတွေက အများကြီးပဲဖြစ်နေတယ်။ ဆိုင်ကယ်တိုင်း လိုလိုမှာလေ ဒီချုပ် အလံတွေ ကပ်ထားပြီးတော့ အလံတလူလူနဲ့ ဒီနေ့ လျှောက်သွားနေတာ တွေ့တာပဲ။ ဒေါ်ခင်ဌေးကြွယ် မဲဆန္ဒ ရွေးမယ်လေ။ ဒေါ်ခင်ဌေးကြွကို အခု သူတို့ ရပ်ကွက်တိုင်းမှာ လိုက်ပြီးတော့ ဝင်ပြီးတော့ ရုံးဖွင့်ပွဲတွေ လုပ်နေတယ်ဆိုတော့ လူအတော်များများ သိနေကြပြီ။”

ဒေါ်အောင်ဆန်းစုကြည်ဟာ မတ်လ ၁၀ ရက်နဲ့ ၁၁ ရက် နှစ်ရက်ကြာ မွန်ပြည်နယ်ခရီး သွားနေတာ ဖြစ်ပြီး ကြားဖြတ် ရွေးကောက်ပွဲမှာ NLD က ဝင်ပြိုင်မယ့် မဲဆန္ဒနယ် နေရာအားလုံးကို စည်းရုံးရေးအဖြစ် ခရီးတွေ ထွက်နေတာလည်း ဖြစ်ပါတယ်။

အခု မွန်ပြည်နယ် မော်လမြိုင်မြို့ လစ်လပ်မဲဆန္ဒနယ်အတွက် NLD ပါတီကနေ ဝင်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း ဒေါ်ခင်ဌေးကြွယ်က ဝင်ပြိုင်မှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မတ်လဆန်းက မန္တလေး နဲ့ နေပြည်တော် ခရီးစဉ်တွေမှာ ဒေါ်အောင်ဆန်းစုကြည် အတွက် လုံခြုံရေး စိုးရိမ်ရတဲ့ အခြေအနေမျိုး ရှိခဲ့ပေမဲ့ အခုမွန်ပြည်နယ် ခရီးစဉ်မှာတော့ ဘာမှပြဿနာ မရှိသလို သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ လုံခြုံရေး ကြိုတင်ညှိနှိုင်းတာတွေ လုပ်ထားတယ်လို့လည်း NLD ကပြောပါတယ်။

XS
SM
MD
LG