သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း တချို့နဲ့ ဒေါ်စုတွေ့ဆုံ


တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း တချို့နဲ့ ဒေါ်စုတွေ့ဆုံ
တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း တချို့နဲ့ ဒေါ်စုတွေ့ဆုံ

မြန်မာနိုင်ငံမှာ လတ်တလော ရင်ဆိုင်နေရတဲ့ နိုင်ငံရေး ပြဿနာတွေကို အဖြေရှာဖို့အတွက် တွေ့ဆုံ ဆွေးနွေးကြမယ်ဆိုရင် ၂၀၁၀ ရွေးကောက်ပွဲအပေါ် အခြေခံပြီးတော့ပဲဖြစ်ဖြစ်၊ တခြားကိစ္စရပ်တွေအပေါ် အခြေခံလို့ပဲဖြစ်ဖြစ် စစ်အစိုးရနဲ့ တွေ့ဆုံဆွေးနွေးဖို့ အဆင်သင့်ပဲလို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ထပ်မံ ပြောကြားလိုက်ပါတယ်။ အရင်တခေါက် တသီးပုဂ္ဂလ အမတ်လောင်းတွေနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံစဉ်မှာ ကျန်နေခဲ့ကြတဲ့ တသီးပုဂ္ဂလ ကိုယ်စားလှယ် ၃ ယောက်နဲ့ ဒီကနေ့ ထပ်မံ တွေ့ဆုံတဲ့အချိန် ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။ အပြည့်အစုံကို ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၇ ရက်နေ့ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတဲ့ တသီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ်လောင်း ၃ ဦးနဲ့ ရန်ကုန်မြို့ ရွှေဂုံတိုင်မှာရှိတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးချုပ်မှာ ဒီကနေ့ မနက်ပိုင်းက တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။

၂၀၁၀ ရွေးကောက်ပွဲအပေါ် အခြေခံလို့ပဲဖြစ်ဖြစ် အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးအတွက် စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ တွေ့ဆုံဆွေးနွေးဖို့ သူ့ဘက်က အဆင်သင့်ပဲလို့ ပြောကြားခဲ့တဲ့အကြောင်း ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သွားရောက်တွေ့ဆုံခဲ့တဲ့ တောင်ဥက္ကလာမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါက်တာ စောနိုင်က ပြောပါတယ်။

“ဟိုနေ့က ကုလသံ ပြောသွားတဲ့ အတိုင်းပဲလေ။ ရွေးကောက်ပွဲမှာ ပါဝင်တဲ့ လူတွေရော၊ ရွေးကောက်ပွဲမှာ မပါဝင်တဲ့ လူတွေရော၊ တခြားလူတွေပါ ပါတဲ့ နိုင်ငံရေး အစိုးရအဖွဲ့တခုမှာ ၂၀၁၀ ရွေးကောက်ပွဲကိုပဲ အခြေခံပြီးတော့ ဆွေးနွေးဖြစ်မယ်ဆိုရင် အန်တီစု အနေနဲ့ ဗိုလ်ချုပ်မှူးကြီးနဲ့ ဆွေးနွေးတာ ပိုပြီး နီးစပ်မယ်၊ အဲဒါ ဘယ်လိုအခြေအနေ ရှိလဲ၊ အဲဒါလေး ကျနော် မေးဖြစ်တာပါ။

“တကယ်လို့ ဆွေးနွေးဖြစ်မယ်ဆိုရင် ၂၀၁၀ ရွေးကောက်ပွဲ အပေါ်မှာပဲ အခြေခံပြီးတော့၊ ဥပမာ ဘာပြောလိုက်လဲဆိုတော့ တိုင်းဒေသနဲ့ ပြည်နယ်လွှတ်တော်တွေမှာ ဝန်ကြီးအဖွဲ့တွေ ဖွဲ့မယ်ဆိုရင်၊ မပါရတဲ့ လူတွေရော အားလုံးပါဝင်တဲ့ အစိုးရအဖွဲ့ဆိုရင် သူက တကယ်လို့ အဲဒီကိစ္စ ဆွေးနွေးဖြစ်မယ် ဆိုရင်လည်း သူ့ဘက်က သဘောတူပါတယ်။ ဘာမှ ကျနော်တို့ စိုးရိမ်စရာ မရှိပါဘူးလို့ ပြန်ပြောပါတယ်။

“ကျနော် ၂၀၁၀ ရွေးကောက်ပွဲ အပေါ်မှာပဲ အခြေခံတဲ့ ဆွေးနွေးပွဲလေးအကြောင်း ပြောဖြစ်တာပါ။ အဲဒီဟာနဲ့ ပတ်သက်ပြီး စိုးရိမ်စိတ် လုံး၀ မထားပါနဲ့တဲ့။ တကယ်လို့ ဆွေးနွေးဖြစ်မယ်ဆိုရင် သူ့ဘက်က ဆွေးနွေးဖို့ အဆင်သင့်ပဲတဲ့။”

တွေ့ဆုံဆွေးနွေးတဲ့ နည်းဟာ တိုင်းသူပြည်သားတွေ သွေးထွက်သံယိုမှုနည်းမယ့် နည်းလမ်းဖြစ်တယ်လို့ သူ့အနေနဲ့ ယုံကြည်ကြောင်းလည်း ဒေါက်တာ စောနိုင်က ပြောပါတယ်။

“ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ပါတာ မပါတာထက်စာရင် ပြောရရင် လူတွေ သွေးထွက်သံယိုမှု နည်းနည်းကင်းမယ့် လမ်းကြောင်းလေးပေါ့။”

ဒေါ်အောင်ဆန်းစုကြည်ဘက်ကလည်း အကြမ်းဖက်တဲ့နည်းနဲ့ ပြဿနာတွေကို ခပ်မြန်မြန် အဖြေရှာပြီး လူတွေ သေကျေကြတာထက် အကြမ်းမဖက်တဲ့နည်းကို အသုံးချပြီး လိုချင်တဲ့ ပြောင်းလဲမှုရအောင် စိတ်ရှည်ရှည် လုပ်ကြဖို့ ပြန်လည် ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် NLD က ဦးဆောင် လုပ်ကိုင်နေတဲ့ လူမှု အထောက်အကူပြု လုပ်ငန်းတွေမှာ ပူးပေါင်းလုပ်ဆောင်ဖို့ ကိစ္စတွေကိုလည်း ဆွေးနွေးဖြစ်ကြတယ်လို့ ဒေါက်တာ စောနိုင်က ဆက်ပြောပါတယ်။

“နောက်တချက်ကတော့ ကျနော်က Dental Surgeon တယောက်ဖြစ်တော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လူမှု အထောက်အကူပြု လုပ်ငန်းတွေမှာ Dental Surgeon တယောက် အနေနဲ့ ဘယ်လိုပါဝင် ကူညီလို့ ရမလဲပေါ့လေ။ ကူညီလို့ရတဲ့ အပိုင်းတွေကို ကျနော်တို့ ဆွေးနွေးဖြစ်တာပါ။”

ဒေါက်တာ စောနိုင်ဟာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲအတွင်း သူဝင်ပြိုင်ခဲ့တဲ့ တိုင်းဒေသကြီး လွှတ်တော်အတွက် အနိုင်ရတယ်ဆိုပြီး တောင်ဥက္ကလာပ ကော်မရှင်ရုံးမှာ လက်မှတ် တရားဝင်ထိုးပြီးမှ နောက်ပိုင်း သတင်းစာထဲမှာ ကော်မရှင်က ကြေညာတဲ့ အနိုင်ရသူတွေ စာရင်းထဲမှာ သူ့နာမည် ပါမလာတဲ့အတွက် တခါ ရှုံးနိမ့်ခဲ့ရပြန်သူ ဖြစ်ပါတယ်။

ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သွားရောက် တွေ့ဆုံခဲ့ကြတဲ့ တသီးပုဂ္ဂလ ကိုယ်စားလှယ် ၃ ဦးကတော့ တောင်ဥက္ကလာပမြို့နယ်က ဒေါက်တာ စောနိုင်၊ ဦးကောင်းမြင့်ထွဋ်နဲ့ လေးမျက်နှာမြို့နယ်က ဦးဇော်မင်းသိန်းတို့ ဖြစ်ကြပါတယ်။ ဒီကိုယ်စားလှယ်တွေဟာ ပြီးခဲ့တဲ့အခေါက် ဒေါ်အောင်ဆန်းစုကြည်နဲ့ တသီးပုဂ္ဂလ ကိုယ်စားလှယ်တွေ တွေ့ဆုံကြတုန်းက ခရီးလွန်နေလို့ မတွေ့လိုက်ရတဲ့ ကိုယ်စားလှယ်တွေ ဖြစ်တယ်လို့ NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းကြိုင်က ပြောပါတယ်။

XS
SM
MD
LG