သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူထုအသံ နားထောင်ဖို့ NLD တိုင်းနဲ့ပြည်နယ် တာဝန်ခံတွေနဲ့ ဒေါ်စုတွေ့ဆုံ


NLD ရုံးချုပ်ရှေ့တွင် ထောက်ခံသူများကို နှုတ်ဆက်နေသည့် ဒေါ်အောင်ဆန်းစုကြည်။ နိုဝင်ဘာ ၁၅၊ ၂၀၁၀။
NLD ရုံးချုပ်ရှေ့တွင် ထောက်ခံသူများကို နှုတ်ဆက်နေသည့် ဒေါ်အောင်ဆန်းစုကြည်။ နိုဝင်ဘာ ၁၅၊ ၂၀၁၀။

နေအိမ်အကျယ်ချုပ် ကန့်သတ်ထားမှုကနေ လွတ်မြောက်လာတဲ့ တတိယမြောက် ဒီကနေ့မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်နယ်နဲ့ တိုင်းအသီးသီးက ရောက်နေကြတဲ့ NLD ပါတီရဲ့ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပြီး ဒုတိယ ပင်လုံညီလာခံကြီး ကျင်းပပြီး အမျိုးသား ပြန်လည်သင့်မြတ်ရေး ရတဲ့အထိ ကြိုးပမ်းသွားကြဖို့ တိုက်တွန်းခဲ့ပါတယ်။ ဒီဆွေးနွေးမှု အခြေအနေ အပြည့်အစုံကို NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးအုန်းကြိုင်ကို ဆက်သွယ်မေးမြန်းပြီး မသင်းသီရိက တင်ပြပေးထားပါတယ်။

တိုင်းနဲ့ပြည်နယ် ၁၃ ခုက NLD ပါတီရဲ့ တာဝန်ရှိသူပေါင်း ၁၀၀ ကျော်နဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ NLD ရုံးချုပ်မှာ တွေ့ဆုံပါတယ်။ မနေ့ တနင်္ဂနွေနေ့ လူထုကိုပြောတဲ့ မိန့်ခွန်းထဲမှာ လူထုရဲ့အသံကို နားထောင်မယ် ဆိုတဲ့အတိုင်း လူထုရဲ့ ဆန္ဒတွေကို ပြောပြကြပါဆိုတဲ့ စကားနဲ့ ဒီတွေ့ဆုံဆွေးနွေးပွဲကို ဒေါ်အောင်ဆန်းစုကြည်က စခဲ့ပါတယ်။

တိုင်းပြည်မှာ ဒုတိယ ပင်လုံညီလာခံကြီး ကျင်းပနိုင်တဲ့အထိ၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး ရတဲ့အထိ ကြိုးပမ်းကြဖို့ ပြည်နယ်နဲ့ တိုင်းက တာဝန်ရှိသူတွေကိုရော၊ အဖွဲ့ဝင် အားလုံးကိုပါ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းခဲ့တယ်လို့ NLD ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တဦးဖြစ်တဲ့ ဦးအုန်းကြိုင်က ပြောပါတယ်။

“အချိန်တိုပေမဲ့ သူရောက်တဲ့ ဒီနေ့မှာပဲ ပြည်နယ်တိုင်း အသီးသီးက ခေါင်းဆောင်များကလည်း အသေးစိတ် အစီအစဉ်ကတော့ ကျနော်တို့ ပြည်နယ်၊ တိုင်းအလိုက် လာပြီး တင်ပြပါ့မယ်။ တိုင်းစည်းတွေ၊ ပြည်နယ်စည်းတွေ လာပြီး တင်ပြပါ့မယ်။ အခုဟာကတော့ နှုတ်ဆက်ရင်း ဒေါ်စုသိချင်တဲ့ တချို့ အရေးကြီးတဲ့ စည်းရုံးရေး ဘာညာ သူတို့ဘက်က အခြေအနေတွေ ဘာတွေပေါ့၊ ပြည်သူလူထု အခြေအနေ တင်ပြပါမယ်ဆိုပြီး သူတို့ကလည်း အကျဉ်းချုံးပြီး တင်ပြကြပါတယ်။

“အဲဒီမှာ ဒေါ်အောင်ဆန်းစုကြည်က ပြည်နယ်၊ တိုင်း အသီးသီးက ခေါင်းဆောင်တွေကို ကျေးဇူးတင်ကြောင်းနဲ့ အခုလို လာရောက်ပြီး သူ့ကို နှုတ်ဆက်တဲ့အတွက် ဝမ်းသာကြောင်း ပြည်နယ်၊ တိုင်းအသီးသီးက အဖွဲ့ဝင်တွေရော ပြည်သူလူထုကိုရော ပြောလိုက်ပါလို့ အမှာစကားတွေ ပြောပါတယ်။

“အဲဒါက အနှစ်ချုပ် ပြောရရင်တော့ မီဒီယာမှာလည်း သူ အမြဲနားထောင်နေတော့ တချို့ ပြည်နယ်၊ တိုင်းတွေက စည်းရုံးရေးအင်အား အလွန်ကောင်းနေတယ်၊ လုပ်ငန်းတွေ အရှိန်ကောင်းနေတဲ့ ပြည်နယ်၊ တိုင်းတွေ အနေနဲ့ ကောင်းနေတဲ့ အရှိန်ကို ထိန်းပါ၊ ဆက်ပြီးတော့ မြှင့်တင်ပြီး ဆောင်ရွက်သွားပါ၊ ဒုတိယ ပင်လုံညီလာခံကြီး ကျင်းပရတဲ့အထိ၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး ရတဲ့အထိ ကျမတို့က ဆက်ပြီးတော့ ကြိုးပမ်းသွားကြရဦးမှာ ဖြစ်ပါတယ်လို့ ပြောပါတယ်။”

အခုဆွေးနွေးပွဲမှာ ရောက်နေကြတဲ့ ပြည်နယ်နဲ့တိုင်း NLD အဖွဲ့ဝင်တွေဟာ ဒေါ်အောင်ဆန်းစုကြည် မလွတ်မြောက်ခင်ရက် ကတည်းက ကြိုတင် လာရောက် စောင့်ဆိုင်းနေကြတာလည်း ဖြစ်ပါတယ်။ ပြည်နယ်နဲ့ တိုင်းက အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံ ဆွေးနွေးပွဲအပြီး NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေနဲ့လည်း လုပ်ငန်းပိုင်းဆိုင်ရာ ဆွေးနွေးခဲ့ပါတယ်။

“ပြည်နယ်၊ တိုင်း ခေါင်းဆောင်တွေနဲ့ ဆွေးနွေးအပြီးမှာ အပေါ်ရုံးခန်းကို ပြန်တက်လာပြီးတော့ ဒု-ဥက္ကဋ္ဌ ဦးတင်ဦး၊ အတွင်းရေးမှူး ဦးဝင်းတင်၊ CEC က အဖွဲ့ဝင်တွေနဲ့ တွေ့ပြီးတော့ မနက်ဖြန် လုပ်ရမယ့် လုပ်ငန်းတွေနဲ့ NLD ရှေ့ဆက်ပြီး သွားရမယ့် လုပ်ငန်းတွေအကြောင်း ခဏ ဆွေးနွေးပါတယ်။ အဲဒါကတော့ ကျနော်တို့ အဖွဲ့ချုပ်က လုပ်ငန်းတွေဖြစ်လို့ တချို့ဟာတွေ ပြောလို့မရသေးပါဘူး။

“နောက် ဆက်ပြီး ပြောတာက ကျနော်တို့က ပြည်သူလူထု ရည်မှန်းချက်ကို ပေါက်မြောက်တဲ့အထိ ကြိုးပမ်းရမှာ ဖြစ်တဲ့အတွက် ကျနော်တို့ ပါတီဝင်ထု တရပ်လုံးဟာ ပြည်သူလူထုကို ကျယ်ကျယ်ပြန့်ပြန့် စည်းရုံးဖို့ လိုနေသေးတယ်၊ စည်းရုံးရမယ်၊ ကြိုးပမ်းရမယ်ဆိုတာ အဲဒါတွေပဲ တောက်လျှောက် ပြောနေပါတယ်။”

NLD ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တဦးဖြစ်တဲ့ ဦးအုန်းကြိုင် ပြောပြခဲ့တာ ဖြစ်ပါတယ်။

ဒီကနေ့မနက် NLD ရုံးကို ဒေါ်အောင်ဆန်းစုကြည် ရောက်ရောက်ချင်း ဥပဒေပြု အဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးမှု ရှိသလို နိုင်ငံခြား သတင်းဌာနတွေနဲ့လည်း ခေတ္တတွေ့ဆုံခဲ့ပါတယ်။ ဒီနောက်တော့ စေတနာအပြည့်နဲ့ ရုံးခန်းငှားရမ်းခွင့် ပြုထားတဲ့ အိမ်ရှင်ကိုလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ဦးတင်ဦးတို့က သွားရောက် နှုတ်ဆက်ခဲ့ပါတယ်။

ဒီကနေ့ဆိုရင် ဒေါ်အောင်ဆန်းစုကြည် နေအိမ် ထိန်းသိမ်းခံထားရမှုကနေ လွတ်မြောက်လာတာ ၃ ရက်မြောက်နေ့ ဖြစ်ပေမဲ့ NLD ရုံးရှေ့မှာ ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ခင် လေးစားသူတွေ အတော်များများ လာရောက် စောင့်နေဆဲ ဖြစ်ပါတယ်။ မနက်ဖြန်ဆိုရင်တော့ နိုင်ငံခြား သံတမန်တွေနဲ့ တွေ့ဆုံဖို့ အစီအစဉ်ရှိသလို NLD လုပ်ငန်းစဉ်တွေ၊ လူငယ်ရေးရာ ကိစ္စတွေလည်း ဆွေးနွေးဖို့ အစီအစဉ်တွေ ရှိတယ်လို့ ဦးအုန်းကြိုင်က ပြောပါတယ်။

XS
SM
MD
LG